ကျောင်းကားစံနှုန်းများ ဖြေလျှော့ပေးပြီး လက်ရှိပြေးဆွဲနေသော ညာမောင်းယာဉ်များဖြင့် ဆက်လက်ပြေးဆွဲခွင့်ပေးရန် ကျောင်းကြို/ပို့ လုပ်ကိုင်သူများက တောင်းဆိုထားကြောင်း သိရပါတယ်။
ကျောင်းကြို/ပို့ ယာဉ်များနှင့် ပတ်သက်သည့် စံနှုန်း ၁၂ ချက် တွင်ပါသော အချက်အချို့ကို ဖြေလျှော့ပေးရန်အတွက် အသနားခံစာကို ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ လိပ်မူပြီး ပေးပို့ခဲ့သလို ယခုနှစ်ဇန်နဝါရီ ၇ ရက်ကလည်း ထပ်မံပေးပို့ခဲ့ကြောင်း သိရပါတယ်။ သို့သော် ထူးခြားမလာသည့်အတွက် ဇန်နဝါရီ ၂၁ ရက်က တတိယအကြိမ်အဖြစ် ထပ်မံပေးပို့ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၈ ရက်က ထပ်မံပေးပို့ခဲ့ကြောင်း သိရပါတယ်။
“ကျောင်းကြို/ပို့ လုပ်ကိုင်သူတွေက လက်ရှိပြေးဆွဲနေတဲ့ ကားတွေကို နောက်သုံးနှစ်လောက် ထပ်ပြီးပြေးဆွဲခွင့်ပြုဖို့ အသနားခံစာ တင်ပြရတာကလည်း Light Truck ကနေ မှန်လုံပြောင်းခိုင်းစဉ်က အချက် ၁၂ ချက်ဆိုတာ မရှိခဲ့ပါဘူး၊ ဂျပန်နိုင်ငံထုတ် ညာမောင်း ဘယ်ဖွင့်ကားတွေကို ရင်းနှီးထပ်ဆောင်းဝယ်ယူပြီး ပြောင်းလဲခဲ့ပါတယ်၊ ဒီလိုပြောင်းလဲပြီး မကြာသေးခင်အချိန်မှာပဲ စံနှုန်း ၁၂ ချက်ဆိုတာ ထွက်လာပြီး ထပ်ပြီးပြောင်းလဲခိုင်းတယ်၊ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ချမှတ်တဲ့မူဝါဒကို လိုက်နာရမှာ ဖြစ်ပေမဲ့ နိုင်ငံတော် ဘက်ကလည်း နိုင်ငံသားတွေရဲ့ ပြောင်းလဲမှုတစ်ခုစီမှာ ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကူညီတွဲခေါ်တဲ့အနေနဲ့ လက်ရှိကားတွေနဲ့ သုံးနှစ်ခန့် ဆက်ပြီး ပြေးဆွဲခွင့်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်”ဟု TTC ကျောင်းတွင် ကျောင်းကြို/ပို့လုပ် ငန်းလုပ်ကိုင်သည့် ဒေါ်နွယ်နီခင်လေးက ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းကြို/ပို့လုပ်ကိုင်သူများ နှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲ၌ ကျောင်းကားပြေးဆွဲရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံဌာနအသီးသီးတို့ထံ အသနားခံစာများ တင်ပြထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် လေးကြိမ်တိတိ အသနားခံစာ တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ကျောင်းကြို/ပို့ လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
Source;Automobile Journal