ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော RUF သည် ပြီးခဲ့သည့်မတ်လက ကျင်းပခဲ့သော ၈၈ ကြိမ်မြောက် ဂျီနီဗာ-နိုင်ငံတကာကားပြပွဲကြီးတွင် ကုမ္ပဏီ၏ ပြိုင်ကား မိုဒယ်သစ်တစ်ခုကို ပွဲထုတ်မိတ်ဆက်ခဲ့ပါသည်။ ထိုကားမှာ Porsche 964 911 မိုဒယ်ကို အခြေခံပြီး လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ခန့်က RUF ထုတ် မူလ SCR 4.2 ကားကို အလေးအမြတ်ပြုဖန်တီးထားသော RUF SCR 2018 သာ ဖြစ်ပါသည်။
RUF SCR 2018 ပြိုင်ကားသစ်သည် ခေတ်ဟောင်းပုံစံ ပြိုင်ကားကိုယ်ထည် ဒီဇိုင်းနှင့် ခေတ်သစ်နည်းပညာကို အကောင်းဆုံး ပေါင်းစပ်ထားပါသည်။ ၁၉၇၈ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး နာမည်ကျော်ခဲ့သော SCR မိုဒယ်သည် နှစ်ပေါင်း လေးဆယ်နီးပါးအကြာတွင် သွင်ပြင်သစ်၊ နည်းပညာသစ်များနှင့် ကားချစ်သူများရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။
ထူးခြားဆန်းသစ်ပြီး ဣန္ဒြေရရ မောင်းနှင်နိုင်မည့် အဆင့်မြင့် ခေတ်သစ်ပြိုင်ကားမျိုး ဖန်တီးရန် ရည်ရွယ်ထားသော RUF ၏ ပြိုင်ကားသစ် RUF SCR 2018 သည် စွမ်းအင်များသလို ကိုယ်ထည်အလေးချိန် လျော့နည်းပြီး ပိုများသည့် လုံခြုံရေးအစီအမံများလည်း ပါဝင်ပါသည်။ ၂ဝ၁၉ ခုနှစ်မှာ ဈေးကွက်တင်ရောင်းချမည့် RUF SCR 2018 ကို တစ်နှစ်မှာ ၁၅ စီးသာ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး ဈေးနှုန်းအနေဖြင့် ယူရို ခြောက်သိန်းခွဲ (အမေရိကန်ဒေါ်လာ ၈ဝ၇,ဝဝဝ ဝန်းကျင်) သတ်မှတ်ထားပါသည်။
တံခါးနှစ်ပေါက်နှင့် ပြိုင်ကားသစ် SCR 2018 ၏ ကိုယ်ထည်ပုံစံသည် Porsche 964 ကို အခြေခံထားသော မူလ SCR ပြိုင်ကားမိုဒယ်ကို အလေးအမြတ်ပြု တည်ဆောက်ထားတာဖြစ်သော်လည်း
ဘယ်လိုကိုယ်ထည်အစိတ်အပိုင်းကိုမှ မျှဝေသုံးစွမှု မလုပ်ထားပေ။ ထို့အပြင် ကာဗွန်ဖိုင်ဘာသားနှင့် ဖန်တီးထားသော ကားကိုယ်ထည်နှင့် အောက်ခံထည်သည်လည်း RUF ၏ အထူးမွမ်းမံထားသည့် အစိတ်အပိုင်းများဖြစ်ပါသည်။
ကာဗွန် ဖိုင်ဘာသား အောက်ခံထည်တွင် Integrated Roll-Cage(IRC) ကို ပေါင်းစပ်တည်ဆောက်ထားခြင်းကြောင့် ပြိုင်ပွဲဝင်ကားတစ်စီးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ကားမှာ အသုံးပြုထားသော Push-rod ဆိုင်းထိန်းစနစ်ကလည်း Formula One ပြိုင်ကားများတွင်သာ တွေ့မြင်ရလေ့ရှိသော ရှုပ်ထွေးသည့်နည်းပညာ ဖြစ်ပါသည်။ အလေးချိန် ညီညွတ်မျှတသည့် ကားကိုယ်ထည်ကို ကာဗွန်ဖိုင်ဘာသားများနှင့်သာ အဓိကတည်ဆောက်ထားပြီး ဘရိတ် ကိုလည်း Carbon Ceramic ဘရိတ် အသုံးပြုထားသလို ပေါ့ပါးသည့် ကားထိုင်ခုံများ တပ်ဆင်ပေးထားသောကြောင့် ကားကိုယ်ထည်၏ အလေးချိန်ကို အတော်လေး လျော့နည်းသွားစေပါသည်။
ကားအနောက်ဘက်က လေပင့်အားထိန်းတောင်ပံငယ်တစ်ခုသာ RUF ၏ မြင်တွေ့နေကျပုံစံနှင့် ကွဲပြားခြားနားခြင်းမဟုတ်ဘဲ ကားဘီးများကလည်း ကုမ္ပဏီထုတ် တခြားကားအများစုတွင် တွေ့မြင်ရသော တုတ်တုတ်ခိုင်ခိုင် Five Spoke အလွိုင်းဘီးများအစား Five Twin-Spoke အလွိုင်းဘီးများ တပ်ဆင်ပေးထားပါသည်။ ကားဘီးများမှာ Michelin Pilot Cup 2 တာယာများကို အသုံးပြုထားပြီး ခေတ်ဟောင်းပုံစံအတိုင်း အရိုးရှင်းဆုံးဖန်တီးထားသော ကားရှေ့မျက်နှာစာတွင် ကားရှေ့ဘီးခုံးကောက်ကြောင်းအတိုင်း ကိုယ်ထည်ထက်စာလျှင် အရှေ့ကိုငေါထွက်နေသည့် ကားရှေ့မီးဝိုင်းများက အထင်ရှားဆုံးဖြစ်ပြီး ကားကိုလည်း ခေတ်ဟောင်းအသွင် ပိုပေါ်လွင်စေပါသည်။
ကားမီးအုံအတွင်းတွင် RUF အမှတ်တံဆိပ်စာသား ရေးထိုးပေးထားပါသည်။ ကားဘေးဘက်တွင်လည်း ယခုခေတ်ပြိုင်ကားများကဲ့သို့ လေစုပ်ပေါက် အပိုဆာဒါးများ မပါဝင်ဘဲ ရိုးရှင်းလှပပါသည်။
ခေတ်ဟောင်းဖင်လျှောကားများ၏ ပုံစံအတိုင်း ကားခေါင်မိုးမှ ခပ်လျှောလျှော ဆင်းသက်လာသော ကားအနောက်ဘက်မှာ ရိုးရိုးလေးနှင့်ဆန်းသည့် ကားနောက်မီးနှင့် ပုံစံရိုးရိုး လေစုပ်ပေါက်များ ပါဝင်ပါသည်။
SCR 2018 ပြိုင်ကားသစ်တွင် မြင်းကောင်ရေ ၅ဝ၃ ကောင်အား Rear Mounted,Water Cooled 4.0 Liter Flat-Six အင်ဂျင် တပ်ဆင်ထားပါသည်။ အင်ဂျင်ကထုတ်လုပ်ပေးလိုက်သော စွမ်းအင်များကို Manual ဂီယာခြောက်ချက်မှတစ်ဆင့် ကားနောက်ဘီးများဆီ ပို့လွှတ်မောင်းနှင်စေမည်ဖြစ်ပါသည်။ ကား၏ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၉၉ မိုင် ဖြစ်ပါသည်။ ကားအတွင်းခန်းကိုလည်း ခေတ်ဟောင်း ကားတစ်စီးအသွင် ဖန်တီးထားပြီး ကားဒက်ရှ်ဘုတ်၊ ထိုင်ခုံ၊ စတီယာရင်၊ ဂီယာတံနဲ့ ခြေနင်းများကအစ ခေတ်ဟောင်းပုံစံ ဒီဇိုင်းထွင် တပ်ဆင်ထားပါသည်။