အဝိုင်းပတ်ယာဉ်ကိုဘာကြောင့်မတားသင့်သလဲ


ကမ္ဘာပေါ်ရှိလူနေထူထပ်သောမြို့ပြများ၊ စီးပွားရေးမြို့တော်များနှင့်အုပ်ချုပ်ရေးမြို့တော်များတွင်ယာဉ်များ

စည်းကမ်းတကျမောင်းနှင်သွားလာနိုင်ရန်အတွက်မီးပွိုင့်များ၊ လူကူးမျဉ်းကျားများ၊ ကားလမ်းခုံးကျော်တံတားများစသည်တို့နှင့်အတူအဝိုင်းများကိုလည်းပြုလုပ်ထားကြသည်။

လမ်းဆုံလမ်းခွများတွင်မီးပွိုင့်နှင့်ယာဉ်ထိန်းရဲ၏ထိန်းချုပ်မှုတစုံတရာမရှိပဲ အန္တရယ်ကင်းစွာမောင်းနှင်သွားလာနိုင်စေရန် အဝိုင်းများတည်ဆောက်ပေးကြရသည်။

လမ်းလေးခွဆုံ သို့မဟုတ် လမ်းငါးခွဆုံနေရာများတွင်အဝိုင်းများကိုတွေ့ရှိနိုင်သည်။

ကမ္ဘာ့နိုင်ငံများ၏မြို့ပြအချို့တွင်မူ လမ်းသုံးခွနေရာများတွင်ပါအဝိုင်းပတ်များကိုတွေ့နိုင်သည်။

အဝိုင်းများကိုတည်ဆောက်ထားသည့်ရည်ရွယ်ချက်မှာမည်သည့်ထိန်းချုပ်မှုမှမရှိပဲ လမ်းကြောင်းအသီးသီးမှ မော်တော်ယာဉ်များအနေဖြင့် ဦးစားပေးအစီအစဉ်အလိုက်အဆင်ပြေချော့မွေ့စွာ မောင်းနှင်လာနိုင်ကြရန် ဖြစ်သည်။

ယာဉ်လမ်းကြောင်းထိန်းသိမ်းရေးအတွက် အဝိုင်းများကို တည်ဆောက်အသုံးပြုလာခဲ့ကြသည်မှာ ရာစုနှစ်တစ်စုခန့်ရှိနေပြီဖြစ်သော်လည်း လူအင်အားနှင့် စက်ပစ္စည်းအင်အားတို့မလိုပဲ ယာဉ်လမ်းကြောင်းထိန်းသိမ်းရေးကို ကောင်းစွာအထောက်အကူဖြစ်စေသည့် အဝိုင်းများသည် ယနေ့ထိတိုင်အောင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါအရာရောက်နေဆဲဖြစ်သည်။

အဝိုင်းကိုပတ်မည့်ယာဉ်သည် အဝိုင်းကိုပတ်လာနေသောယာဉ်အား ဦးစားပေးရမည်ဟူသော သတ်မှတ်ချက်သည် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသော အဝိုင်းပတ်စည်းကမ်းချက်ဖြစ်သည်။ မည်သည့်ယာဉ်မဆို မိမိမောင်းနှင်လာရာလမ်းကြောင်းမှ အဝိုင်းထိပ်သို့ရောက်ရှိချိန်တွင် အကယ်၍ အဝိုင်းကိုပတ်၍ မောင်နှင်လာသော ယာဉ်များရှိပါက စောင့်ဆိုင်းရန်ဖြစ်ပြီး ယင်းယာဉ်များရှင်းလင်းမှသာ အဝိုင်းပတ်ယာဉ်ကြောအတွင်းသို့ မောင်းနှင်ဝင်ရောက်ရမည်ဖြစ်သည်။
လမ်းဆုံလမ်းခွများ၌ တည်ဆောက်ထားသည့်အဝိုင်းများနှင့်အဝိုင်းပတ်ဦးစားပေးသတ်မှတ်ချက်များအရ အဝိုင်းပတ်ယာဉ်ကြောသို့ ဝင်ရောက်မောင်းနှင်မည့်မည်သည့်ယာဉ်မောင်းမဆိုအဝိုင်းပတ်ဦးစားပေး စနစ်ဖြင့်မိမိတို့၏ အသိတရားကိုယ်စီဖြင့်စည်းကမ်းလိုက်နာမောင်းနှင်ရမည်သာဖြစ်သည်။
အဝိုင်းပတ်ဦးစားပေးစနစ်ကို နဂိုထဲကသတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက်အဝိုင်းပတ်လမ်းကြောင်း၏ ယာဉ်ကြောများနှင့်ယာဉ်လမ်းကြောင်းအသီးသီးရှိယာဉ်ကြောများကိုတစ်ဆက်တစ်စပ်ထဲ ရေးဆွဲပေးထားရသည်။

သာမန်အားဖြင့်ယာဉ်လမ်းကြောင်းတစ်ခုခုမှအဝိုင်းပတ်ယဉ်ကြောအတွင်းသို့ ဝင်ရောက်မောင်းနှင်လာနေသောယာဉ်များကိုလည်းကောင်း၊ အဝိုင်းကို ပတ်လာနေသောယာဉ်များကိုလည်းကောင်း မည်သည့်အကြောင်းအရင်းနှင့်မှ တားဆီးပိတ်ဆို့ထားခြင်းမျိုးကို မပြုလုပ်အပ်ပေ။
မည်မျှပင်ယာဉ်အသွားအလာများပြားသောအချိန်မျိုး၌မဆိုယာဉ်လမ်းကြောင်းရှင်းလင်းရန်အတွက် အခြားသောယာဉ်လမ်းကြောင်းရှင်းလင်းရေးနည်းလမ်းများကိုသာကျင့်သုံးသင့်ပြီး အဝိုင်းပတ်ရန်တာစူနေသည့် ယာဉ်များနှင့်အဝိုင်းပတ်နေသောယာဉ်များကိုမည်သည့်အကြောင်းနှင့်မှ မတားဆီးသင့်ပေ။

အဝိုင်းပတ်ယာဉ်များကိုတားဆီးရပ်တန့်စေခြင်းသည်အဝိုင်းပတ်နေသောယာဉ်များ၊ အဝိုင်းပတ်ယာဉ်ကြောမှမိမိဦးတည်ရာလမ်းကြောင်းသို့ ခွဲထွက်မည့်ယာဉ်များနှင့် အဝိုင်းပတ်ရန်ဦးတည်လာနေသည့် ယာဉ်များ၏ ဦးတည်ရာလမ်းကြောင်းများကို ကမောက်ကမဖြစ်စေလိမ့်မည်ဖြစ်သည်။

ထိုသို့ဖြစ်ရာမှတဆင့်ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်တိုက်မှု၊ ထိခိုက်မှုစသည်တို့ဆက်စပ်ဖြစ်ပွားလာနိုင်သည်။
သို့ဖြစ်၍ အများပြည်သူတို့၏ သွားလာရေးနှင့်သယ်ယူပို့ဆောင်ရေးကိုအကျိုးပြုစေရန်စနစ်ကျသော လုပ်နည်းလုပ်ဟန်များနှင့်စေတနာတို့ကိုပေါင်းစပ်လုပ်ဆောင်ကြခြင်းဖြင့်ထိရောက်သော ယာဉ်လမ်းကြောင်းထိန်းသိမ်းရေးစနစ်ကိုအကောင်အထည်ဖော်နိုင်ကြမည်ဖြစ်ပေသည်။

 

Read 2685 times