သာသနာရေးအတွက် ခွင့်ပြုထားသည့် ယာဉ်များ ရဟန်းသံဃာများ အမှန်တကယ် ပိုင်မပိုင် စစ်မည်


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သာသနာရေးအတွက် တင်သွင်းစီးနင်းခွင့်ပြုထားသော RLG (သာသနာရေး) နံပါတ်တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို ရဟန်းသံဃာများ အမှန်တကယ် ပိုင်ဆိုင်ခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း ယင်းမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝီဒူရက မိန့်ကြားခဲ့ပါတယ်။

“ကိုယ်တော်ပိုင်ကားဟုတ်မဟုတ် စိစစ်မှာဖြစ်ပါတယ်။ မတော်တာတစ်ခုခုဖြစ်လို့ရှိရင် ဘုန်းကြီးကျောင်း နံပါတ်နဲ့ဆိုရင် ပြဿနာတစ်ခုခုဖြစ်ရင် ဘုန်ကြီးတို့ဆီပဲရောက်မှာ။ ဒီတော့ အလုပ်မရှုပ်ခင်ကတည်းက ရှင်းထားတဲ့သဘောပါပဲ။ ပြဿနာတက်မှ လိုက်ရှာနေရင် ခက်နေမယ်”ဟု ၎င်းက မိန့်ကြားပါတယ်။

ပထမပြန်စာမေးပွဲအတွင်း စာဖြေရဟန်း၊ သာမဏေများ သမဏသာရုပ္ပဖြစ်စေရေးအတွက် မြို့နယ်အတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ RLG (သာသနာရေးနံပါတ်) နံပါတ်မော်တော်ယာဉ်များတွင် ရဟန်း၊ သာမဏေများ လုံးဝမပါကြဘဲ လူပုဂ္ဂိုလ်များသာ စီးနင်းအသုံးပြုနေသည်ကို တွေ့မြင်နေရကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်အချို့က မိန့်ကြားခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့မှစတင်ပြီး အဆိုပါယာဉ်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး သာသနာရေးမှတ်ပုံတင် နံပါတ်ကားများကို ရဟန်း၊ သာမဏေများပိုင်ဆိုင်မှုမရှိဘဲ လူပုဂ္ဂိုလ်များမှ ပိုင်ဆိုင်ကြောင်းတွေ့ရပါက အရေးယူခြင်းများကို မြို့နယ်သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရပါတယ်။

RLG (သာသနာရေးနံပါတ်) နံပါတ်မော်တော်ယာဉ်များကို ရဟန်း၊ သံဃာများ အထူးသဖြင့် ကျောင်းထိုင်များအတွက် စီးနင်းရန် အစိုးရက အခွန်ကင်းလွတ်ခွင့်များပေး၍ ပြည်ပမှ တင်သွင်းစီးနင်းခွင့်ပြုလျက်ရှိပါတယ်။ ထို့ကြောင့် ကားဈေးကွက်အတွင်း ယင်းနံပါတ်များကို လိုက်လံဝယ်ယူသည့် ဈေးကွက် ယခင်က ရှိခဲ့ပြီး ယခုနောက်ပိုင်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းများထံမှ သိရပါတယ်။

Source; The Voice

Read 895 times