Rivian  ဝင်ငွေ ဒေါ်လာ ၉၅ သန်း ရရှိပြီး အရှုံး ဒေါ်လာ ၁.၆ ဘီလျံ ရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်


Rivian  ဝင်ငွေ ဒေါ်လာ ၉၅ သန်း ရရှိပြီး အရှုံး ဒေါ်လာ ၁.၆ ဘီလျံ  ရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်


၂၀၂၂ ခုနှစ် ပထမ ၃ လပတ် အတွက် အစုရှယ်ယာရှင်များထံ အစီရင်ခံစာကို Rivian  က မေလ ၁၁ ရက်မှာ ပေးပို့ခဲ့ရာမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၅ သန်း ရရှိပြီး အရှုံး အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ ရှိကြောင်း၊ အစုရှယ်ယာတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁.၇၇ အရှုံးပြကြောင်း ဖော်ပြထားပါတယ်။ 
ယမန်နှစ်က အစုရှယ်ယာများ ထုတ်ရောင်းခဲ့တာကြောင့် ကုမ္ပဏီမှာ ငွေလက်ကျန် ၁၇ ဘီလျံ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ယခုလို အရှုံးပြနေရတာဟာ စက်ရုံမှာ ကုန်ထုတ်စွမ်းအားပြည့် ထုတ်လုပ်နိုင်စွမ်း မရှိတာကြောင့်လို့ ဆိုပါတယ်။ စက်ရုံက တစ်နှစ်လျှင် စီးရေ တစ်သိန်းခွဲ ထုတ်လုပ်ဖို့ တည်ဆောက်ထားတာ ဖြစ်လို့ ထုတ်လုပ်တဲ့ စီးရေ နည်းနေတဲ့အခါ တစ်စီးချင်းအရ ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားနေစေတယ်လို့ ဆိုပါတယ်။  ထုတ်လုပ်မှုအပိုင်းကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မတ်လကုန်မှာ ပထမ ၃ လပတ် ကုန်ဆုံးခဲ့ပြီး ရက်အနည်းငယ်အကြာ ဧပြီလ ၅ ရက်အထိ စာရင်းအရ ပထမ ၃ လပတ်မှာ စီးရေ ၂,၅၅၃ ထုတ်လုပ်ခဲ့ပါတယ်။ 
စက်ရုံ စတင်လည်ပတ်ချိန်မှ ၂၀၂၂ မတ်လကုန်အထိ စီးရေ  ၃,၅၆၈ မျှသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၁ မှာ ထရပ်ကား ၁,၀၁၅ စီးမျှသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 

၂၀၂၂ မတ်လကုန် နောက်ပိုင်းမှာ တစ်ပတ်လျှင် ပျမ်းမျှ စီးရေ ၃၀၀ ခန့် ထုတ်လုပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် ယခင်ကထက် ထုတ်လုပ်နိုင်စွမ်း မြင့်တက်လာပါတယ်။ 
 

မတ်လမှာ Rivian က လက်ခံရရှိထားပြီးသား အမှာစာများနှင့် နောက်ထပ် လက်ခံမယ့် အမှာစာများအတွက် ရောင်းဈေး မြှင်တင်သတ်မှတ်ခဲ့ပါတယ်။ မှာကြားထားပြီးသူများက မကျေနပ်ကြတာကြောင့် အမှာစာ ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ကြတာကြောင့် မှာထားပြီးသူများကို ယခင်ဈေးနှုန်းအဟောင်းဖြင့်သာ ရောင်းဈေးပြန်လည်သတ်မှတ်ပေးခဲ့ရပါတယ်။ 

ပျမ်းမျှအားဖြင့် ကားတစ်စီး အမေရိကန်ဒေါ်လာ ၉၃,၀၀၀ သို့ မတ်လမှာ ဈေးမြှင့်ခဲ့ပြီးနောက် အမှာစာအသစ် စီးရေ ၁၀,၀၀၀ ကျော် လက်ခံရရှိထားပါတယ်။ 
ယခုအခါ အမှာစာများအတွက် ကားထုတ်လုပ်ပေးဖို့ အလုပ်ကြွေးကျန် စီးရေ ၉၀,၀၀၀ ဝန်းကျင် ရှိနေပါတယ်။ 


Rivian က ဂျော်ဂျီယာပြည်နယ် အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဂျော်ဂျီယာမှာ နောက်ထပ် ကားစက်ရုံတစ်ရုံ အသစ်တည်ဆောက်မှာ ဖြစ်ပြီး ဂျော်ဂျီယာပြည်နယ် စီးပွားတိုးတက်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရယူခွင့်ကို ရရှိထားပါတယ်။ 

Read 4801 times