အသားတင်အရှုံး ဒေါ်လာ ၁.၇ ဘီလီယံဖြင့် Rivian ဆက်လက်မောင်းနှင်
၂၀၂၂ ဒုတိယ ၃ လပတ်တွင် အမေရိကန်လျှပ်စစ်ကား လုပ်ငန်းသစ် Rivian က အသားတင် အရှုံး အမေရိကန်ဒေါ်လာ ၁.၇၁ ဘီလီယံ ရှိကြောင်း အစီရင်ခံသည်။ Rivian က ထုတ်လုပ်မှုတွင် သိသိသာသာ တိုးခဲ့ရာ တစ်နှစ်တာ စီးရေ ၂၅,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းချက်ကို ဆက်လက်ထားရှိသည်။ ယခင်နှစ် ဒုတိယ ၃ လပတ်တွင် ကန်ဒေါ်လာ သန်း ၅၈၀ ရှုံးခဲ့သည်။ ယခုနှစ် ပထမ ၃ လပတ်တွင် ကန်ဒေါ်လာသန်း ၁၂၀ ရှုံးခဲ့သည်။ ဒုတိယ ၃ လပတ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၃၆၄ သန်း ရရှိခဲ့ပြီး ကန်ဒေါ်လာ ၁.၇၁ ဘီလီယံ ရှုံးခဲ့သည်။
ကား ထုတ်လုပ်မှုမှာ ယခုနှစ် ပထမ ၃ လပတ်တွင် ၂,၅၅၃ စီး ထုတ်လုပ်ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ၄,၄၀၁ စီး ထုတ်လုပ်ခဲ့သည်။ Rivian တစ်စီးပျမ်းမျှ ရောင်းဈေးမှာ $81,486 ဖြစ်ပါသည်။ ၂၀၂၂ တစ်နှစ်တာတွင် စီးရေ ၂၅,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းချက်ကို Rivian က ဆက်လက်ကိုင်စွဲထားသည်။ လောလောဆယ်တွင် တစ်နေ့ တစ်ဆိုင်းဖြင့် ထုတ်လုပ်နေသည်။ တတိယ ၃ လပတ် ကုန်ခါနီးတွင် တစ်ရက် နှစ်ဆိုင်းဆင်းနိုင်ရန် စိုင်းပြင်းနေသည်။ စတုတ္ထ ၃ လပတ်တွင် ၂ ဆိုင်းဖြင့်ဘလုပ်ကိုင်သဖြင့် စီးရေ ပိုများများ ထုတ်လုပ်နိုင်လိမ့်မည်။
၂၀၂၂ ဇွန်လ ၃၀ ရက်အထိ ကြိုတင်အမှာစာ စီးရေ ၉၈,၀၀၀ ခန့်ကို ကားထုတ်လုပ်ပေးဖို့ လိုအပ်လျက်ရှိသည်ဖြစ်ရာ ကားမှာကြားထားသူများကို နှစ်ချီကြာမြင့်အောင် မစောင့်စေလိုပါက ၂၀၂၃ တွင် ယခုထက် စီးရေ တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်သည်။
ဒုတိယ ၃ လပတ်အတွက် မှတ်တမ်းတင်ရသည့် မိုင်တိုင်တစ်ခုမှာ Rivian တွင် ရှယ်ယာပိုင်ဆိုင်ထားသည့် Amazon က အိမ်တိုင်ရာရောက် ပစ္စည်းပို့သည့် လျှပ်စစ်ကား EDV (Electric Delivery Vehicle) စီးရေ ၁၀၀,၀၀၀ မှာကြားထားသည်။ အရွယ်ငယ်သည့် EDV500 မော်ဒယ်များ စတင်ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်ပြီးစီးသည့် Rivian EDV စီးရေဖြင့် ပစ္စည်းများပေးပို့ခဲ့ရာ ပါဆယ်ထုပ် ၄၃၀,၀၀၀ ကျော် ပေးပို့ခဲ့ပြီးပြီဟု Amazon ၏ ၃ လပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရွယ်ကြီးသည့် မော်ဒယ်မှာ EDV700 ဖြစ်ပါသည်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source:rivian.com
MAG