SKD စနစ်မှ CKD စနစ်ဖြင့် ထုတ်လုပ်ရန်အတွက် အကန့်အသတ် တစ်ခုပြုလုပ်၍ စီစဉ်နေ


စက်မှုဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲသည့် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာဥပဒေကို အပြီးသတ်ရေးဆွဲပြီးဖြစ်ကြောင်း သိရပါသည်။

လက်ရှိတွင် မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်က စိစစ်မှုများ ပြုလုပ်နေပြီး SKD နှင့် CKD ကားများ၏ အကျိုးခံစားခွင့်အသေးစိတ်ကို ကြေညာပေးမည်ဖြစ်ပါသည်။

ပြည်တွင်းထုတ် SKD နှင့် CKD ကားများ၏ အဓိပ္ပာယ်သတ်မှတ်ချက်၊ အကျိုးခံစားခွင့်များ၊ SKD စနစ်မှ CKD စနစ်ကို မဖြစ်မနေကူးပြောင်းရမည့် ကိစ္စရပ်များကို မော်တော်ယာဉ်ထုတ်လုပ်ခြင်းဆိုင်ရာမူဝါဒတွင်ထည့်သွင်းရေးဆွဲထားပါသည်။

SKD စနစ်မှ CKD စနစ်သို့ ကူးပြောင်းရန်အတွက် ထုတ်လုပ်သောကားအရေအတွက်ဖြစ်စေ၊ နှစ်ကန့်သတ်ချက်ဖြင့်ဖြစ်စေ၊ ပြောင်းလဲရန်လည်း ထည့်သွင်းရေးဆွဲထားကြောင်း စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ပြည်တွင်း၌ ထုတ်လုပ်နေသည့် ကားများကို SKD 1 မှ SKD 2 အမြန်ဆုံးကူးပြောင်းရန် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားထားကြောင်း သိရပါသည်။

မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာဥပဒေကို လက်ရှိနှစ်အတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေသကဲ့သို့ မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ မူဝါဒထုတ်ပြန်ရာတွင် SKD စနစ်ဖြင့် ကားထုတ်လုပ်သည့် ကုမ္ပဏီများကို  CKD စနစ်သို့ ငါးနှစ်အတွင်း ကူးပြောင်းခိုင်းရန်အတွက် လျာထားကြောင်း သိရပါသည်။

မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ဥပဒေတွင် တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် SKD စနစ်ကားများကို မည်သည့်အချိန်တွင် CKD စနစ် မဖြစ်မနေကူးပြောင်းရမည် ဆိုသည့်အချက် ထည့်သွင်းရေးဆွဲ သင့်ပါသည်။

ဖြစ်သင့်သည်က ပြည်တွင်းတွင် အစီးရေ နှစ်ထောင်ထုတ်လုပ်ပြီးလျှင် သို့မဟုတ် SKD စနစ်နှင့် ထုတ်လုပ်ခြင်း ၂ နှစ်ပြည့်လျှင် CKD စနစ်ကို မဖြစ်မနေ ကူးပြောင်းခိုင်းသင့်ပါသည်ဟု AADA အသင်း ဒုဥက္ကဋ္ဌ မှအကြံပြုပြောကြားခဲ့ပါသည်။

Read 1645 times