Renault  က ရုရှားမှ လုပ်ငန်းကဏ္ဍအကုန်လုံးကို ၂ ရူဘယ် ဖြင့် ရောင်းချ


Renault  က ရုရှားမှ လုပ်ငန်းကဏ္ဍအကုန်လုံးကို ၂ ရူဘယ် ဖြင့် ရောင်းချ


ပြင်သစ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း     Renault က ရုရှားနိုင်ငံမှာ လုပ်ကိုင်နေသမျှအားလုံးကို ရုရှားနိုင်ငံသုံးငွေ ၂ ရူဘယ်($0.031)ဖြင့် ရောင်းချပြီး ရုရှားကို ကျောခိုင်းလိုက်ပါတယ်။
ရုရှားက ယူကရိန်းကိုကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားမှာ လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းများ အနှေးနှင့်အမြန် ရုရှားကို ကျောခိုင်းလျက်ရှိရာမှာ Renault က လုပ်ငန်းသဘော‌သဘာဝအရ ၂ ရူဘယ်ဖြင့် အရောင်းပြပြီး ထွက်ခွာပါတယ်။
Renault က အခုလို ကျောခိုင်းတဲ့အတွက် ယူရို ၂.၂ ဘီလျံ ဆုံးရှုံးခဲ့ပါတယ်။

 

Renault Russia မှာ Renault က ပိုင်ဆိုင်သမျှ လုပ်ကိုင်နေသမျှ အားလုံးကို City of Moscow လက်ထဲသို့ လွှဲပြောင်းပေးအပ်ပါတယ်။ 
ရုရှားမှ ကားလုပ်ငန်း Avtovaz မှာ Renault ပိုင်ဆိုင်တဲ့ ၆၇.၆၉% ကို ကားသုတေသနလုပ်ငန်း NAMI လက်ထဲ လွှဲပြောင်းပါတယ်။ အဆိုပါအဖွဲ့အစည်း ၂ ခုစလုံးက ရုရှားအစိုးရ ကျောထောက်နောက်ခံဖြင့် ရပ်တည်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းများ ဖြစ်ပါတယ်။
"၆ နှစ်အတွင်း Renault က ယခုရောင်းဈေးဖြင့် ပြန်ဝယ်ယူခွင့် ရှိတယ်" ဆိုတဲ့အချက်ကို အရောင်းအဝယ် စာချုပ်မှာ ထည့်ချုပ်ထားပါတယ်။ ရောင်းဈေးက ၁ ရူဘယ်ဖြစ်ပါတယ်။
ဒီတော့ City of Moscow ထံမှ  ၁ ရူဘယ်ကို ပြင်သစ်မှ Renault လုပ်ငန်းစုက ရယူပါတယ်။ အလားတူပင် NAMI ထံမှလည်း ၁ ရူဘယ်ကို ပြင်သစ်မှ Renault လုပ်ငန်းစုက ရယူပါတယ်။ 
စာရင်းချုပ်တော့ ပြင်သစ်မှ Ranault က ရုရှားမှာ ပိုင်ဆိုင်တာတွေ လုပ်ကိုင်နေတာတွေ အကုန်လုံးကို ၂ ရူဘယ်တိတိဖြင့် ရောင်းချတာ ဖြစ်ပါတယ်။ အရောင်းအဝယ်လုပ်တဲ့နေ့မှာ ငွေလဲနှုန်းက ၁ အမေရိကန်ဒေါ်လာကို ၆၄ ရူဘယ် ဖြစ်ပါတယ်။

စီအီးအို Luca de Meo က  ရုရှားနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ချက် ချရတာ ရင်နာရကြောင်း၊ ကုမ္ပဏီအနေဖြင့် ရုရှားနိုင်ငံအတွင်း ကားထုတ်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက်ကြောင့် ယခုလို ရုရှားကို ကျောခိုင်းဖို့ မလွဲမရှောင်သာ ဆုံးဖြတ်ချက် ချရခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။
ရုရှားမှာ Renault က အလုပ်ခန့်ထားသူဦးရေ ၄၅,၀၀၀ ဝန်းကျင်ရှိပါတယ်။
အများစုက ရုရှား မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Avtovaz ရဲ့ Togliatti စက်ရုံမှာ ဖြစ်ပါတယ်။ ယာဉ်ပစ္စည်းတွေ မရတော့လို့ စက်ရုံကို ရပ်ထားရပါတယ်။ 
ဝန်ထမ်းတွေရဲ့ ရှေ့ရေးကို ထည့်စဉ်းစားပြီး အဖြေရှာခဲ့ကြောင်း စီအီးအို De Meo က ပြောကြားပါတယ်။

Renault လုပ်ငန်းစုမှာ ပြင်သစ်အစိုးရက ၁၅ % ပိုင်ဆိုင်ပါတယ်။ 

Read 13345 times