Renault က ရုရှားမှာ ကားထုတ်လုပ်မှု ပြန်လည်စတင်


Renault က ရုရှားမှာ ကားထုတ်လုပ်မှု ပြန်လည်စတင်

ပြင်သစ်မှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Renault က ပြင်သစ်အစိုးရရဲ့ ထောက်ခံမှုဖြင့် ရုရှားမှာ မော်တော်ယာဉ် ထုတ်လုပ်မှုများ ပြန်လည်စတင်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်လို့ ကမ္ဘာ့ကုမ္ပဏီ အများအပြားတို့က ရုရှားမှ ထွက်ခွာနေကြချိန်မှာ Renault က ရုရှားနိုင်ငံ မော်စကို မြို့တော်မှာ တည်ရှိတဲ့ ၎င်းရဲ့ ကားစက်ရုံကို အလုပ်ပြန်စခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ Renault က စက်ရုံမှာ ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲတာကြောင့် ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်ကုန်ပြီး စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ မရတာကြောင့် အလုပ်ရပ်ထားရတာ ဖြစ်ပါတယ်။

Renault အလုပ်ပြန်စတာ ပြင်သစ်အစိုးရက ကျောထောက်နောက်ခံပြုပေးပါတယ်။ ပြင်သစ်အစိုးရက Renault မှာ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပါတယ်။

Renault က ရုရှားမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Avtovaz မ‌ှာ အစုရှယ်ယာ သုံးပုံနှစ်ပုံ ပိုင်ဆိုင်ထားတာ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အခုလို Avtovaz နှင့် လုပ်ကိုင်တဲ့အတွက် ရုရှားမှာ  ဥရောပမှ ပြိုင်ဘက်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများထက် Renault က ပိုကြီးမားပါတယ်။ လုပ်သားဦးရေ ၄၀,၀၀၀ ဝန်းကျင်ရှိပါတယ်။

၂၀၂၁ မှာ Avtovaz က မော်တော်ယာဉ် ၃၅၀,၀၀၀ ရောင်းချခဲ့ပါတယ်။ Renault အတွက် အခွန်မဆောင်ခင် အမြတ် ယူရို ၁၈၆ သန်း ရရှိခဲ့ပါတယ်။ ၂၀၂၁ မှာ Renault ရရှိတဲ့ ဝင်ငွေရဲ့ ၁၂% ဖြစ်ပါတယ်။

Avtovaz က ရုရှား မပြိုကွဲခင် ဆိုဗီယက် ယူနီယံ အဖြစ် တည်ရှိစဉ်က နိုင်ငံပိုင် လုပ်ငန်းအဖြစ်ဖြင့် စတင်ခဲ့ပါတယ်။ Zhiguli ကား brand ကို ထုတ်လုပ်ခဲ့ပြီး နောက်တော့ Lada ကား brand ကို ထုတ်လုပ်ပါတယ်။

မတ်လ ၂၁ ရက် တနင်္လာနေ့မှာ Avtovaz က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မော်စကိုမြို့မှ စက်ရုံ အလုပ်ပြန်စပေမဲ့ Tolyatti နှင့် Izhevsk မြို့နှစ်မြို့မှာ တည်ရှိတဲ့ စက်ရုံတွေကိုတော့ တစ်စိတ်တစ်ပိုင်းသာ လည်ပတ်ကြောင်း အသိပေး ပြောကြားပါတယ်။ အီလက်ထရွန်းနစ်လအစိတ်အပိုင်းတွေ မရရှိလို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Read 1831 times