Renault နှင့် Nissan ပူးတွဲပိုင်ဆိုင်သည့် IP ကို Horse တွင် သုံးစွဲမှု ကန့်သတ်ရန် သဘောတူ


Renault နှင့် Nissan ပူးတွဲပိုင်ဆိုင်သည့် IP ကို Horse တွင် သုံးစွဲမှု ကန့်သတ်ရန် သဘောတူ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Nissan နှင့် Renault တို့သည် ၂၀၂၁ ခုနှစ်အထိ ငါးနှစ်အတွင်း ပူးတွဲမူပိုင်ခွင့် ၁,၇၇၀ ခန့်ကို လျှောက်ထားရယူခဲ့ကြသည်။


Nissan Motor နှင့် Renault တို့သည် Renault နှင့် Geely တို့ တည်ထောင်သည့် ဖက်စပ်ကုမ္ပဏီအသစ်  Horse တွင် ဟိုက်ဘရစ်ကားများအတွက် မူပိုင်ခွင့်တစ်ခုအပါအဝင် ၎င်းတို့အတူတကွတီထွင်ထားသည့် ဉာဏဆိုင်ရာမူပိုင်ခွင့်များ အသုံးပြုမှုကို ကန့်သတ်ရန် သဘောတူညီခဲ့ကြကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

ဂျပန်ကားလုပ်ငန်း Nissan  နှင့် ပြင်သစ်ကားလုပ်ငန်း Renault တို့သည် ၎င်းတို့အကြား အပြန်အလှန် ရင်းနှီးမြှုပ်ထားသည်များကို ပြန်လည်သုံးသပ်နေကြဆဲ ဖြစ်ပြီး ၎င်းတို့ ပူးတွဲပိုင်ဆိုင်ထားသည့် မူပိုင်ခွင့်များကိစ္စရပ်ကိုလည်း ပြန်လည်သုံးသပ် ဆွေးနွေးနေကြစဉ် ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုဝင်ဘာလတွင် Renault မှ ကြေညာခဲ့သော Horse ဟု ယာယီအမည်ပေးထားသည့် ကုမ္ပဏီသစ်သည် ဟိုက်ဘရစ်ယာဉ် မောင်းနှင်မှုဆိုင်ရာ အစိတ်အပိုင်းများနှင့် အင်ဂျင်များကို ထုတ်လုပ်မည်ဖြစ်သည်။ ၎င်း ကုမ္ပဏီသစ်တွင် တရုတ်နိုင်ငံမှ ကားလုပ်ငန်းကြီး Geely က ၅၀% ရှယ်ယာပိုင်ဆိုင်ထားပြီး ပိုင်ရှင်အမည်ပေါက်ကို Nissan မရရှိချေ။
Nissan နှင့် Renault တို့အကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံထားကြရာ၌ လက်ရှိအနေအထားတွင် Renault က Nissan တွင် ရှယ်ယာ ၄၃% ပိုင်ဆိုင်ထားပြီး Nissan က Renault တွင် ရှယ်ယာ ၁၅% ပိုင်ဆိုင်ထားသည်။
Nissan နှင့် Renault တို့သည့် စူးစိုက်သည့် ဈေးကွက်နယ်ပယ် ခွဲခြားထားကြသည်။ 
Nissan က အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ကို စူးစိုက်ထားပြီး Renault က ဥရောပကို စူးစိုက်ထားသည်။
ဖက်စပ်လုပ်ငန်းသစ် Horse သည် ထုတ်ကုန်များကို အမေရိကန်နှင့် တရုတ် အပါအဝင် နိုင်ငံပေါင်း ၁၃၀ တွင် ပေးသွင်းမည် ဖြစ်သည်။

Renault သည် Nissan နှင့် အကျိုးတူပူးပေါင်းသည့် ဖက်စပ်လုပ်ငန်းအသစ် Horse တွင် Nissan နှင့်အတူ ပူးပေါင်းရယူထားသော မူပိုင်ခွင့်များနှင့် အခြား ဉာဏဆိုင်ရာမူပိုင်ခွင့်များ Intellectual Property - IP ကို အသုံးပြုလိုကြောင်း Nissan ကို ပြောကြားခဲ့သည်။

Nissan က အမေရိကန် နှင့် တရုတ် ဈေးကွက်များတွင် ရောင်းချမည့် ကုန်ပစ္စည်းများကို Horse က ထုတ်လုပ်ရာတွင် ပူးတွဲပိုင်ဆိုင်သည့်  IP များကို အသုံးပြုခွင့် မပြုကြောင်း ပြောကြားခဲ့သည်။
ကုမ္ပဏီအသစ်နှင့် ပြိုင်ဆိုင်မှုအား ကြိုတင်ဟန့်တားထားလိုက်ခြင်း ဖြစ်သည့်အပြင် နည်းပညာများ ပေါက်ကြားမည့်အရေးကိုလည်း Nissan က စိုးရိမ်မကင်း ဖြစ်သည်။

ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများတွင် ပူးတွဲပိုင်ဆိုင်သည့် IP ကို အသုံးပြုထားသော ထုတ်ကုန်များအား မော်တော်ယာဥ်ထုတ်လုပ်သူများထံ Nissan က ပေးသွင်းမည်ဆိုပါက  Nissan သည် Renault ထံမှ သဘောတူ ခွင့်ပြုချက်ကို ရယူမည် ဖြစ်သည်။ Nissan အတွက် သုံးစွဲမည် ဆိုပါက သဘောတူခွင့်ပြုချက်ကို ရယူရန် မလိုအပ်ပေ။ 

Renault သည် ပူးတွဲပိုင်ဆိုင်သည့် IP ဆိုင်ရာ ကန့်သတ်ချက်များကို သဘောတူညီခဲ့သည်ဟု Nissan က ပြောကြားသည်။

Nissan နှင့် Renault တို့သည် ၁၉၉၉ ခုနှစ်တွင် ၎င်းတို့ မဟာမိတ်ပြုခြင်း စတင်ချိန်မှစ၍  ကားအင်ဂျင်များနှင့် ဟိုက်ဘရစ်ကားများအတွက် မူပိုင်ခွင့်များကို ပူးတွဲတီထွင်ခဲ့ကြပါသည်။
Renault ၏နှစ်ပတ်လည်အစီရင်ခံစာအရ ကုမ္ပဏီနှစ်ခုသည် ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ပူးတွဲမူပိုင်ခွင့် ၁,၇၇၀ ခန့်ကို တီထွင်ခဲ့ကြသည်။

မူအရ ပူးတွဲမူပိုင်ခွင့်ကို ကုမ္ပဏီနှစ်ခုလုံးက မူပိုင်ကြေး အခကြေးငွေ ပေးဆောင်စရာမလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ သို့သော် ယခု Horse ကိစ္စတွင် မူပိုင်ကြေး ပေးသွင်းမည် ဆိုလျှင်လည်း သုံးစွဲခွင့် မပြုချေ။

Nissan က Renault ကို Nissan တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၂၈% ကို လက်လွှတ်ရန် တောင်းဆိုထားသည်။ လက်ရှိတွင် ၄၃% ပိုင်ဆိုင်ထားသည်ကို ၂၈% လျှော့ချလိုက်ပါက ၁၅% ကျန်မည်ဖြစ်သည်။ ထိုအခါ Nissan က Renault တွင် ရှယ်ယာ ၁၅% ပိုင်ဆိုင်ထားသည်နှင့် တန်းတူ ဖြစ်သွား‌စေမည် ဖြစ်သည်။ ယခုအထိ ဆွေးနွေး သုံးသပ်နေကြဆဲဖြစ်ပြီး အဖြေရလဒ် ထွက်ပေါ်လာခြင်း မရှိသေးချေ။
Source Nikkei Asia 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 423 times