အင်ဂျင်အအေးခံရည် ( Coolant) လျှော့နည်းခြင်း


အင်ဂျင်အအေးခံစနစ်သည် ကားအင်ဂျင်တစ်လုံး အကောင်းဆုံးစွမ်းဆောင် လည်ပတ်နိုင်ရန်အတွက် အဓိကျသောစနစ်တစ်ခု ဖြစ်သည်။

Water Cooling စနစ်တွင် Coolant ခေါ် အင်ဂျင်အအေးခံရည်သည် အင်ဂျင်ဘလောက်မှ အပူများကို ရေတိုင်ကီသို့ သယ်ဆောင်လာပြီး ပြင်ပလေဖြင့် အေးစေကာ အင်ဂျင်တစ်လုံး၏အပူချိန်ကို ထိန်းသိမ်းပေးခြင်းဖြစ်သည်။

ထို့ကြောင့် အအေးခံစနစ်တွင် လည်ပတ်နေသော Coolant အအေးခံရည်သည် အဓိကကျသောတာဝန်ကို ထမ်းဆောင်နေသည်။

ကားအင်ဂျင်တစ်လုံး အပူလွန်ကဲခြင်း (Overheat) ဖြစ်စေသော အကြောင်းများစွာထဲတွင် Coolant အအေးခံရည် လျော့နည်းပျောက်ဆုံးသွားခြင်းသည်လည်း အကြောင်းရင်းတစ်ခုဖြစ်သည်။

အအေးခံရည်သည် အအေးခံစနစ်အတွင်း ချွတ်ယွင်းမှုအပြစ်တစ်ခုခုကြောင့် ယိုစိမ့်ပြီး လျော့နည်းသွားနိုင်သည်။

ကားမောင်းနေစဉ်အတွင်း Coolant အရည် တဖြည်းဖြည်း လျော့လာနေသည်ကို ယာဉ်မောင်းသူ မသိလိုက်ပါက နောက်ဆုံး အပူချိန် မြင့်တက်လွန်းပြီး ရေတိုင်ကီရေဆူမည်။

အပူလွန်ကဲမှုဖြစ်စဉ်သည် ကားအင်ဂျင်တစ်လုံးကို ကြီးမားစွာ ပျက်စီးထိခိုက်စေနိုင်သည်။

ပတ်ဝန်းကျင် အပူချိန်မြင့်တက်လွန်းသော ယခုနှစ်ကဲ့သို့ နွေရာသီကာလမျိုးတွင် ကားအင်ဂျင် အပူလွန်ကဲမှု ဖြစ်ပေါ်ရန် အခြေအနေများက တွန်းပို့နေသည်။

ခရီးဝေးကားမောင်းရန်ရှိလျှင် သင့်ကားအင်ဂျင် Overheat မဖြစ်စေရန် အထူးဂရုစိုက်သင့်သည်။

အပူလွန်ကဲမှုကြောင့် အင်ဂျင်ဂတ်စ်ကတ် ပြတ်ခြင်း၊ အင်ဂျင် Head ကွဲခြင်း၊ ကားမီးလောင်ခြင်း ဖြစ်နိုင်သည်ကို အထူးသတိပြုသင့်သည်။

Coolant အအေးခံရည် ယိုစိမ့်နေခြင်းကြောင့် အင်ဂျင်အအေးခံစနစ်တွင် လည်ပတ်နေသော Coolant အရည်ထုသည် ပမာဏလျော့နည်းသွားပြီး အပူစွန့်ထုတ်ပေးနိုင်သော စွမ်းရည်ကျဆင်းလာမည်။

အင်ဂျင်မှထွက်သောအပူပမာဏကို အအေးခံစနစ်က နိုင်နိုင်နင်းနင်း စွန့်ထုတ်မပေးနိုင်သောအခါ အပူချိန်ဒီဂရီ တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ဆုံးရေတိုင်ကီ ရေဆူရမည်။

Coolant အအေးခံရည် လျော့နည်းယိုစိမ့်နိုင်သော အစိတ်အပိုင်းများနှင့် ချွတ်ယွင်းအားနည်းချက်များကို ရှာဖွေစစ်ဆေးနိုင်မှသာ Coolant အအေးရည်ပျောက်ဆုံးမှုကို ကုစားနိုင်ပါမည်။

အအေးခံရည် ယိုစိမ့်သောနေရာများကို အလွယ်တကူ မြင်တွေ့နိုင်သကဲ့သို့ မမြင်တွေ့နိုင်သော ပြစ်ချက်နေရာများလည်း ရှိနိုင်သည်။

နံနက်ပိုင်း ကားစက်မနှိုးမီ အင်ဂျင်ဝိုင်၊ ရေတိုင်ကီ၊ ဘရိတ်ဆီ စစ်ဆေးစဉ်ကပင် ရေတိုင်ကီတွင် Coolant အရည် လျော့နည်းမှုရှိ /မရှိ သိနိုင်သည်။

အကယ်၍ လျော့နည်းနေလျှင် ယိုစိမ့်နေသောနေရာနှင့် အကြောင်းအရင်းကို ရှာဖွေစစ်ဆေးရပါမည်။

Coolant အအေးခံရည် အစိမ်း၊ အပြာ၊ အဝါ စသော အရောင်ရှိပြီး အနံ့ရှိသော ဆေးရည်ဖြစ်၍ ယိုစိမ့်မှုဖြစ်ပေါ်က အလွယ်တကူ သိရှိနိုင်သည်။

အင်ဂျင်အအေးခံစနစ်အတွင်း လည်ပတ်နေသော Coolant အအေးခံရည်သည် အင်ဂျင်ပူလာသောအခါ ထုထည်ပွလာ၍ ဖိအားမြင့်တက်လာသည်။

ရေတိုင်ကီ(Radiator) ကပ်ဖုံး (Cap) ၏ ဖွဲ့စည်းတည်ဆောက်ထားသော ဒီဇိုင်းမှာလည်း ရေတိုင်ကီနှင့် အအေးခံပိုက်လိုင်း တစ်လျှောက်တွင် ဖိအားမြင့်နေစေရန် စီမံထားခြင်းဖြစ်သည်။

အအေးခံစနစ်အတွင်းရှိ အရည်ဖိအားမြင့်နေမှသာ ရေဆူအမှတ် (Boiling Point) မြင့်မည်။

အအေးခံစနစ်အတွင်း Coolant အရည်ဖိအားမြင့်နေခြင်းကြောင့် သေးငယ်သော အပေါက်အကွဲကြောင်း ပြစ်ချက်တစ်ခုခုရှိပါက အရည်များ ယိုစိမ့်ထွက်နိုင်ပါသည်။

အအေးခံရည်ယိုစိမ့်ရာမှ လျော့နည်းပျောက်ဆုံးမှုပမာဏ များသွားပါက အအေးခံစနစ်ကိုထိခိုက်စေပြီး အပူချိန်မြင့်တက်ပါက အင်ဂျင် Overheat ဖြစ်သွားသည်အထိ ပြဿနာကြီးထွားနိုင်ပါသည်။

 

Read 8383 times