အပိုဝင်ငွေ ရဖို့ ဇိမ်ခံကားအငှား လုပ်ကိုင်တဲ့ ဘီလျံနာ ဆံသဆရာ


အပိုဝင်ငွေ ရဖို့ ဇိမ်ခံကားအငှား လုပ်ကိုင်တဲ့ ဘီလျံနာ ဆံသဆရာက Rolls Royce အပါအဝင် ကားအစီး ၄၀၀ ပိုင်ဆိုင်ထားတယ်။ 
သူ့အမည်က Ramesh Babu ဖြစ်ပေနဲ့ သူ့ကို ဘီလျံနာ ဆံသဆရာ  'Billionaire Barber' လို့ ခေါ်ကြတယ်။ သူပိုင်ဆိုင်တဲ့ ကားအစီး ၄၀၀ မှာ အများစုက BMW, Jaguar နဲ့  Rolls Royce စတဲ့ တန်ဖိုးကြီး ဇိမ်ခံကားတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ကားအငှား ကန်ထရိုက်ကို သူ့မိင် အိမ်အစေခံအဖြစ် လုပ်ကိုင်နေတဲ့ အိမ်ရှင်မိသားစုထံမှတစ်ဆင့် ရရှိခဲ့တာဖြစ်ပြီး  Intel ကုမ္ပဏီက ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
ဘီလျံနာ ဆံသဆရာက နှစ်ပေါင်း ၃၀ ကျော် ဈေးကြီးတဲ့ကားတွေ ဝယ်ယူစုဆောင်းခဲ့ပါတယ်။ သူက Ramesh Tours and Travels  အမည်ဖြင့် လုပ်ငန်းထူထောင်ထားပါတယ်။ 
ဇိမ်ခံကားတွေကို အငှားကန်ထရိုက်ပေးပြီး စီးပွားရှာနေတဲ့အဖြစ်သို့ သူ ရောက်ရှိနေပြီဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်လွန် ကာလမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ 

ကောင်းမွန်တဲ့ နေထိုင်မှုဘဝကို ရရှိနေတဲ့သူတွေက သူတို့ကို သူတို့ ကံကောင်းတယ်လို့ ယူဆကြတယ်။ အိန္ဒိယနိုင်ငံမှာ ဆင်းရဲမွဲတေတဲ့ဘဝကို မသိကြတဲ့သူတွေ အများအပြား ရှိနေတယ်။ အဲဒီလို ဆင်းရဲမွဲတေတဲ့ အဖြစ်မှ ဘီလျံနာအဖြစ်သို့ ရောက်ရှိလာဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုနိုင်ပါတယ်။ 

ယခုအခါ လူသိများတဲ့ ဘီလျံနာ ဆံသဆရာ  Ramesh Babu ဟာ တစ်ချိန်တုန်းက ဆင်းရဲမွဲတေတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ သူက အလုပ်ကြိုးစားတယ်။ ငွေစုတယ်။ ဆုံးဖြတ်ချက် ခိုင်မာတယ်။ လှေကားထစ်တွေကို အောင်မြင်စွာ တက်လှမ်းခဲ့ပြီး ဘီလျံနာဘဝကို အရွယ်ကောင်းတုန်းမှာ ရောက်ရှိခဲ့ပါတယ်။ 

သူ့ဖခင်က ဘန်ဂလိုပြည်နယ်မှာ နေထိုင်တဲ ဆံသဆရာတစ်ဦးဖြစ်ပါတယ်။ ရာမက်ရှ်ဘာဘူ ၇ နှစ်သားမှာ ဖခင် ကွယ်လွန်တယ်။ စုထားဆောင်းထားတာ တစ်ပြားတစ်ချပ်မှ မရှိလေတော့ မိခင်က အိမ်အစေခံအဖြစ် အလုပ်ဝင်လုပ်ရတယ်။ ဖခင်လုပ်ကိုင်ခဲ့တဲ့ ဆံသဆိုင်ငယ်လေးကိုတော့အငှားချထားလိုက်ကြတယ်။ တစ်ရက် ၅ ရူပီ ငှားခ ရတယ်။ 

မိခင် အိမ်အစေခံလုပ်ကိုင်တာအတွက် မိသားစုမှာ တစ်လဝင်ငွေ ရူပီ လေးဆယ် ငါးဆယ် ရတယ်။ အဲဒီအခါ အဝတ်အစားကအစ မီးဖိုချောင်စရိတ်အဆုံး အကုန်လုံးအတွက် ဝင်ငွေဖြစ်ပါတယ်။ ဒီတော့ မိသားစုက တစ်နေ့ကို တစ်နပ်ပဲ စားနိုင်တယ်။ 

ရာမက်ရှ်ဘာဘူက ကျောင်းတက်ရင်း ရရာအလုပ်တွေ လုပ်ရတယ်။ သူ တစ်ဆယ်တန်း အောင်မြင်ပြီးတဲ့အခါ ပညာရေးကို ရပ်လိုက်တယ်။ သူ့ဖခင် လုပ်ကိုင်ခဲ့တဲ့ ဆံသဆိုင်မှ ဆံသဆရာ လုပ်ကိုင်တယ်။ ဆိုင်ကို  ‘Inner Space’  လို့ အမည်ပေးလိုက်တယ်။ ဆိုင်ရာ လူအလာများတဲ့ ကုန်တိုက်တစ်ခုနားမှာ ဆိုတော့ ဖောက်သည်တွေ ရနေတယ်။ 

ရာမက်ရှ်ဘာဘူက ကားဝယ်ဖို့ ငွေစုတယ်။ ၁၉၉၃ ခုနှစ်မှာ သူစုထားတဲ့ ငွေရယ် ဦးလေးထံမှာ ဆွဲသုံးတဲ့ ငွေရယ် ပေါင်းစပ်ပြီး Maruti Van (Omni) ကားတစ်စီး ဝယ်လိုက်တယ်။ အဲဒီကားကို အငှားချဖို့ သူကြိုးစားတယ်။ သူ့မိခင် အစေခံအဖြစ် လုပ်ကိုင်ခဲ့တာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်တဲ့ အိမ်ရှင်မိသားစုက ကားကို Intel ကုမ္ပဏီမှာ အငှားကန်ထရိုက်ရအောင် စီစဉ်ပေးလိုက်တယ်။ အဲဒီကနေ စလို့ သူ ကားအငှားလုပ်ငန်းကို စတင်လုပ်ကိုင်ဖြစ်သွားတယ်။ ကားအငှားချချင်တဲ့သူတွေဆီက ကားကို ယူပြီး ကားအငှားကန်ထရိုက်တွေ သူ လုပ်ကိုင်ခဲ့တယ်။ မိတ်တွေ အတော်များလာတဲ့အခါ သူက အထက်တန်းစားကားတွေ အငှားချရင် အလုပ်ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်လို့ သူ တွက်ဆတယ်။ 

 Ramesh Tours and Travels အမည်ဖြင့် ကားအငှားလုပ်ငန်းကို သူ လုပ်ကိုင်တယ်။ ကားအကောင်းစားတွေကို အခွင့်သာတိုင်း သူဝယ်ခဲ့တာ နှစ်ပေါင်း ၃၀ ရှိခဲ့ပြီ။ 
မြို့ကြီး သုံးမြို့မှာ လုပ်ငန်းခွဲတွေ ဖွင့်လှစ်ထားပြီး ခရီးသွားလုပ်ငန်းနဲ့ ကားအငှားလုပ်ငန်း လုပ်ကိုင်တယ်။ 
၂၀၀၄ ခုနှစ်မှာ အစိုးရက ခရီးသွားလုပ်ငန်း မူဝါဒအသစ်ကို စတင်အကောင်အထည် ဖော်တဲ့အခါ သူက ဇိမ်ခံကား အငှားလုပ်ငန်းနဲ့ ငှားတဲ့သူ ကိုယ်တိုင်မောင်းရတဲ့ ကားအငှားလုပ်ငန်းတို့ကို တိုးချဲ့လုပ်ကိုင်တယ်။ 

ဇိမ်ခံကားအတန်းအစားမှာ Mercedes E Class နဲ့ သူ အစပြုခဲ့တယ်။ ထပ်မံတိုးချဲ့လာလိုက်တာ  Mercedes ၃စီး၊ BMW ၄ စီး ဖြစ်လာတယ်။ အများစုကတော့ Toyota Innova တွေကို သူသုံးတယ်။ ခရီးသွားလုပ်ငန်းအတွက် Toyota  မီနီဘတ်စ်တွေ အငှားလုပ်ကိုင်တယ်။ 
အခုဆိုရင် သူ့လုပ်ငန်းမှာ Rolls-Royce Silver Ghost တစ်စီးအပြင်  Mercedes C, E နဲ့  S class ကားတွေ၊  BMW 5, 6 နဲ့ 7 series ကားတွေ ရှိနေပြီ ဖြစ်ပါတယ်။ 

အခုလို ကားအငှားနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်တာကို သူက ရှေးယခင်ကအတိုင်း အပိုဝင်ငွေ ရဖို့လုပ်ကိုင်နေတယ်လို့ပဲ သတ်မှတ်တယ်။ သူ့ရဲ့ ဆံပင်ညှပ်ဆိုင်မှာ တစ်နေ့ လေးငါးနာရီ ဆံသဆရာအဖြစ် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ 

indiatimes.com

 

Read 2679 times