ဆီဈေးထပ်တက်လာရင် ရခိုင်ကကုန်စည်ပို့ဆောင်ရေးယာဥ်လိုင်းတွေ ရပ်နားရဖို့ရှိ


က်သုံးဆီဈေးနှုန်းတွေ ထပ်တက်လို့ရှိရင် ရခိုင်ကနေ ရန်ကုန်၊ မန္တလေးဘက်ကို ဆက်သွယ်သွားလာနေတဲ့ ပို့ဆောင်ရေးယာဉ်လိုင်းတွေ ရပ်နားရနိုင်ခြေရှိနေတယ်လို့ ကေသီဦး ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းပိုင်ရှင် ဦးမောင်ဝင်းချေက ပြောပါတယ်။

လက်ရှိမှာလည်း ဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ယာဉ်လိုင်းတွေအနေနဲ့ ရပ်နားရတာတွေ မရှိသေးပေမဲ့ ပုဂ္ဂလိကပိုင်ကားတွေကတော့ တွက်ခြေမကိုက်တဲ့အတွက် ရပ်နားထားကြပြီး ယာဉ်လိုင်းပိုင်ကားတွေ လောက်ပဲ ပြေးဆွဲနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကုန်ကားတွေမှာ အဓိကအသုံးပြုနေတဲ့ ပရီမီယံ ဒီဇယ်ဆီတစ်လီတာကို ကျပ်ငွေ ၂၀၀၀ နီးပါးထိ ဈေးပေါက်နေပြီး စရိတ်တွေ မြင့်တက်လာနေတာကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအနေနဲ့ အရှုံးပေါ်နေကြ တယ်လို့ ဦးမောင်ဝင်းချေက ပြောပါတယ်။

မိုးတွင်းကာလ ကုန်စည်ရရှိတဲ့အခြေအနေကလည်းနည်းပါးပြီး အလုပ်ပါးတဲ့ရာသီဖြစ်သလို ပွင့်လင်းရာသီအရောက်မှာလည်း အခုလို ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့အတွက် ကုန်သည်တွေဘက်ကလည်း အရောင်းအဝယ်နှေးကွေးနေတာကြောင့် သယ်ယူစရိတ်တွေကိုလည်း တင်တောင်းလို့မရဘဲ ဆက်စပ်လုပ်ကိုင်နေကြတဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ အဆက်မပြတ်ရေး အတွက် အရှုံးနဲ့ပြေးဆွဲနေကြရတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောဆိုကြပါတယ်။

"အခုလောလောဆယ်ကတော့ ယာဉ်လိုင်းတွေကတော့ တစ်လိုင်းချင်းရပ်သွားတာတော့မရှိသေးဘူး။ ကားတစ်စီးစနှစ်စီးစ ပိုင်တဲ့သူတွေက တွက်ခြေမကိုက်လို့ရပ်သွားတာတွေတော့ရှိပါတယ်။ ဆီဈေးက နောက်တစ်ပတ်နှစ်ပတ်လောက်ထိ ထပ်တက်နေမယ်ဆိုရင် ကျွန်တော်တို့ယာဉ်လိုင်းလုပ်ငန်းတွေက ထိခိုက်ပြီးတော့ တစ်ဝက်လောက်တော့ ရပ်သွားမယ့်သဘောရှိပါတယ်။"လို့ ဦးမောင်ဝင်းချေက ပြောပါတယ်။

လက်ရှိမှာ ငွေကြေးတန်ဖိုးကျနေတာကြောင့် ကုန်ဈေးနှုန်းတွေလည်းမငြိမ်ဖြစ်နေတဲ့အတွက် ကုန်သည်တွေအနေနဲ့ ကုန်စည်တွေကိုယခင်ကလိုမျိုး လိုအပ်သလောက်မဝယ်ယူနိုင်ကြဘဲ စီးပွားရေးလုပ်ငန်းတွေကို လျှော့ချပြီးတော့ လုပ်ကိုင်နေကြတာကြောင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းတွေနေနဲ့လည်း ကုန်စည်ရရှိမှုနည်းပါးလာတယ်လို့ သိရပါတယ်။

ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းတွေအနေနဲ့လည်း သယ်ယူစရိတ်တွေကို ရခိုင်ဘက်က ပို့တဲ့အခါမှာ ကုန်ခြောက်တစ်ပိဿာ ကို ကျပ် ၁၀၀ အောက်၊ ကုန်စိမ်းတစ်ပိဿာကို ကျပ် ၂၀၀ ဝန်းကျင်သာရရှိပြီး ရန်ကုန်နဲ့မန္တလေးဘက်က ပို့တဲ့အခါမှာ ကုန်တစ်ပိဿာကို ကျပ် ၂၀၀ ကနေ ၂၅၀ အထိသာရရှိကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းပြေးဆွဲနေကြတဲ့ ပို့တောင်ရေးယာဉ်လိုင်းတွေအနေနဲ့လည်း ဆီဈေးတွေမြင့်တက်လာနေတာကြောင့် တွက်ခြေမကိုက်ကြတဲ့အတွက် ခရီးသည်တွေဆီကနေ ကားခတွေကို တိုးမြှင့်ကောက်ခံနေရတယ်လို့ ကားသမားတွေက ပြောကြပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလလည်းဖြစ်တဲ့အတွက် ခရီးသွားလာသူတွေနည်းပါးသလို ခရီးသည်တွေကို အကန့်သတ်နဲ့သာ တင်ဆောင်နေရတဲ့အချိန်မှာ ဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်မှုနဲ့ကြုံနေရပြီး ကားခတွေကို တိုးမြှင့်ကောက်ခံနေရ တာကြောင့် ခရီးသွားလာသူတွေလည်း သိသိသာသာ လျော့နည်းသွားတယ်လို့ ဒေသတွင်းခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေက ပြောဆိုကြပါတယ်။

ဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် စက်သုံးဆီတွေကို ရောင်းချတဲ့အခါမှာ ဘယ်လောက်နှုန်းနဲ့ ရောင်းချရမယ်လို့ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့နှုန်းထားတွေရှိနေပြီး လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဆီဈေးတွေ မြင့်တက်နေတဲ့အပေါ် ပြည်နယ်အစိုးရအနေနဲ့ ထိန်းချုပ် ကန့်သတ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

"ဆီဈေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့တော့ သီးခြားဆောင်ရွက်မှုတွေတော့ ရှိပါတယ်။ ဒါကတော့ ဆီဈေးကို ကျွန်တော်တို့က အတိုးအလျှော့ လုပ်ပေးဖို့ မဟုတ်ဘူး။ ပြည်နယ်အစိုးရအနေနဲ့ အဲ့ဒီလောက်ထိ လုပ်နိုင်တဲ့ အင်အားမရှိဘူးပေါ့။ ပြည်နယ်တွင်းမှာ ဆီဈေးတွေ တက်လာပြီးတော့ လတ်တလော လောင်စာဆီတွေ မပြတ်သွားအောင်လို့ တရားဝင်ဖြန့်ချိခွင့်ရထားတဲ့ ဆီကုမ္ပဏီတွေနဲ့ ညှိနိုင်းပေးနေတာတော့ ရှိပါတယ်ခင်ဗျား။"လို့ ဦးလှသိန်းက ပြောပါတယ်။

အစိုးရက စက်သုံးဆီတင်သွင်းခွင့်ပေးထားတဲ့ ဆီအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတွေအနက် ရခိုင်ပြည်နယ်က ကျော်ဇံ ဆီဆိုင်ပါဝင်ပြီး အဲ့ဒီဆိုင်မှာတော့ တခြားဆိုင်တွေမှာထက် ဆီဈေး အနည်းငယ်သက်သာပေမယ့် ကုန်ကားတွေမှာ လိုအပ်တဲ့ဆီတွေကို လိုသလောက် ဝယ်ယူလို့ မရနိုင်တာကြောင့် တခြားဆိုင်တွေကပဲ ဈေးကြီးပေးပြီးတော့ ဝယ်ယူနေရတယ်လို့ ကားလုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။

ဒါဟာ ဗဟိုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ကိစ္စဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ယာဉ်လိုင်းတွေပုံမှန်ပြေးဆွဲနိုင်ရေး အတွက် ဆီဈေးနှုန်းတွေကို ငြိမ်သက်အောင် လုပ်ပေးဖို့လိုအပ်နေတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။

စစ်တွေကနေ ရန်ကုန်-မန္တလေးကိုထွက်တဲ့ ကုန်ကားတစ်စီးအတွက် ခရီးတစ်ခေါက်မှာ ဆီဂါလံ ၁၁၀ ကနေ ၁၃၀ အထိ လိုအပ်ပြီး လက်ရှိဆီဈေးနှုန်းနဲ့ဆိုရင် ကားတစ်စီးအတွက် အသွားအပြန်စရိတ် ကျပ် ခုနှစ်သိန်းခွဲကနေ ကျပ် ရှစ်သိန်းအထိ ကုန်ကြပြီး လမ်းကြေးပေးဆောင်ရတာတွေ၊ မြို့ဝင်ကြေးပေးဆောင်ရတာတွေလည်း ရှိနေတာကြောင့် ကားတစ်စီးအတွက် ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းကျော်အထိ ကုန်ကျတယ်လို့ သိရပါတယ်။

ပြည်နယ်တွင်း စက်သုံးဆီတွေ ပြတ်လပ်သွားလို့ရှိရင် ကုန်စည်စီးဆင်းမှုတွေ အခက်အခဲဖြစ်သွားနိုင်တဲ့အတွက် ဆီတွေကို ရောင်းချတဲ့အခါမှာ ဘယ်အတိုင်းအတာထိ ချန်လှပ်ပြီးတော့ ရောင်းချပေးဖို့ လောင်စာဆီ တရားဝင် ဝယ်ယူဖြန့်ချိခွင့်ရရှိ ထားတဲ့ ဆီကုမ္ပဏီတွေနဲ့ ညှိနိုင်မှုတွေလည်း ပြုလုပ်ထားတယ်လို့ ဦးလှသိန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ စားသုံးကုန်စည်တွေကို ပြည်မဘက်ကနေ နေ့စဉ်မှာယူစားသုံးနေကြရတာကြောင့် အခုလို ဆီဈေးတွေ အဆမတန်မြင့်တက်မှုကြောင့် ယာဉ်လိုင်းတွေရပ်လိုက်ရတာတွေ၊ ဆီပြတ်လပ်မှုတွေ ဖြစ်လာခဲ့လို့ရှိရင် တစ်ပြည်နယ်လုံး အခက်အခဲတွေနဲ့ ကြုံရနိုင်တယ်လို့ ကုန်သည်တွေက စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

BBC

Read 345 times