မိုးရာသီကိုရောက်ရှိလာပြီဖြစ်သောကြောင့် မိမိကားထဲတွင်အရေးကြီးဆုံးဖြစ်သည့်မထားမဖြစ်အရာများကို သတိတရနှင့်ထည့်ထားရန်လိုအပ်လာပါသည်။
ထီး
ယင်းပစ္စည်းသည်မိုးရာသီရောက်သည်နှင့်မရှိမဖြစ်ပါရမည့်အရာဖြစ်ပါသည်။
မိုးရေစိုရွှဲပြီးခါမှကားထဲထိုင်သည့်အခါထိုင်ခုံများ၊ ကားအခင်းများကိုစိုရွှဲညစ်ပေစေသကဲ့သို့ ရေခြောက်သွားလျှင်တောင်မှအနံ့အသက်မကောင်းခြင်းမျိုးဖြစ်နိုင်ပါသည်။
ထို့ပြင်ထီးရေစိုထည့်နိုင်ရန်အတွက်ပလတ်စတစ်ပုံး(သို့မဟုတ်)ပလတ်စတစ်အိတ်တစ်ခုခုထည့်ထား သင့်ပါသည်။
ရေပုလင်း၊ အဝတ်စ
မိုးတွင်းအခါတွင်ကားရှေ့လေကာမှန်များတွင်အမှိုက်သရိုက်များ၊ အမှုန်များနှင့်ညစ်ပတ်နေနိုင်သောကြောင့် အမှိုက်များ၊ အညစ်အကြေးများကိုမဖယ်ရှားမိပဲဝိုက်ဘာသုံးမိပါကကားမှန်တွင်အစင်းခြစ်ရာများ ဖြစ်တတ်ပါသည်။
ထို့ကြောင့်ရေပုလင်းဆောင်ထားပြီးမှန်ပေါ်တွင်အညစ်အကြေးများကိုဆေးချ၊ အဝတ်သန့်နှင့်သုတ်ပစ်ခြင်းမျိုး ပြုလုပ်ရန်လိုအပ်ပါသည်။
ကြိုး၊သံကြိုး၊ဂေါ်ပြား
အခန့်မသင့်ချိန်ရွှံ့ထဲကားဘီးနစ်ဝင်နေခြင်းမျိုးကြုံတွေ့သည့်အခါကားကိုဆွဲနိုင်ရန်ကြိုး၊ သံကြိုးများဆောင်ထားရန်လိုသကဲ့သို့ကားဘီးတွင်ရွှံ့များကပ်နေခြင်းကိုဖယ်ရှားခြင်း၊ ကားလမ်းကြောင်းဖော်ခြင်းမျိုးအတွက်လည်းဂေါ်ပြားလည်းအသင့်ရှိနေရန်လည်းလိုအပ်ပါသည်။
ဆေးသေတ္တာ၊အစာခြောက်၊ရေ
မိုးတွင်းမဟုတ်ပဲမည့်သည့်အခြေအနေမျိုးတွင်မဆိုလိုအပ်နိုင်သောကြောင့်ဆေးသေတ္တာလေးမပါမဖြစ်ဆောင်ထားသင့်ပါသည်။
ထို့ပြင်ယာဉ်ကြောပိတ်ဆို့မှုများသည့်နေရာကိုရောက်နေပါကလည်းဆာလောင်မှုများဖြေရှင်းပေးနိုင်မည့် ဘီစကွတ်များ၊ ရေများထားရန်လည်းလိုအပ်ပါသည်။
ဖုန်းအားသွင်းကြိုး
ကားများပိတ်နေချိန်တွင်အချိန်ကိုအကျိုးရှိစွာအသုံးပြုခြင်း သို့မဟုတ် ဖုန်းအားကုန်သွားခြင်းမျိုးမကြုံရစေရန် အားသွင်းကြိုးဆောင်ထားသင့်ပါသည်။
သတင်းစာ၊လက်နှိပ်ဓာတ်မီး
ကားပိတ်နေချိန်တွင်အပျင်းပြေသတင်းစာဖတ်နိုင်သကဲ့သို့ကားရှေ့မှန်တွင်ရေငွေ့ရိုက်ပါကသုတ်ရန်၊ ကားခြေနင်းခင်းများရေစိုပါကစုပ်သွားစေရန်လည်းအသုံးပြုနိုင်ပါသည်။
ဓာတ်မီးမှာမိုးမှောင်ချိန်တွင်ကားတစ်ခုခုစစ်ဆေးခြင်း သို့မဟုတ် တာယာလဲသည့်အခါတွင်အရေးပေါ်လိုအပ်နိုင် သောကြောင့်ဖြစ်ပါသည်။