အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် အထောက်အကူပြုသော Rain Sensing Wiper Technology




မော်တော်ယာဉ်တစ်စီး အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် ရှေ့လေကာမှန် ဝိုက်ပါသည်လည်း အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။

မိုး သဲသဲမဲမဲ ရွာသွန်းနေချိန် ရှေ့လေကာမှန်ပေါ်မှ မိုးရေများ ကုန်စင်အောင် သုတ်ပေးသော ဝိုက်ပါကောင်းတစ်စုံသည် ယာဉ်မောင်းသူ၏ မှုန်ဝါးနေသော မြင်ကွင်းကို ကြည်လင်ရှင်းလင်းသွားစေနိုင်သည်။

ဝိုက်ပါမကောင်းပါက ယာဉ်မောင်းသူတို့ စိတ်ညစ်ရသည်။ မှန်ပေါ်ရေမတင်နိုင်သောဆေးရည်များ ပေါ်ပေါက်နေသော်လည်း ဝိုက်ပါနေရာကို အစားထိုး၍ မရသေးပါ။

မော်တော်ယာဉ်များတွင် ဝိုက်ပါ ခေါ် ရေသုတ်တံကိရိယာ အသုံးပြုနိုင်ခဲ့သည်မှာ ၁၉၁၆ ခုနှစ်ကတည်းက ဖြစ်သည်။ DC လျှပ်စစ်မိုတာလည်အားဖြင့် ပလတ်စတစ် ပင်နယံသွားများ အဆင့်ဆင့်ဆက်သွားပြီး

မောင်းတံရုန်းအားကို အဆငါးဆယ်ခန့် မြင့်တက်လာစေရန် စီမံထားသည်။ မော်တော်ယာဉ်၏လည်အားမှ ရှေ့တိုး၊ နောက်ဆုတ်လှုပ်ရှားမှုသို့ ပြောင်းလဲ၍ မောင်းတံ Linkage များဖြင့် ဆက်သွယ်ထားသည်။

မောင်းတံ Linkage များ၏ အဖျားနှစ်ဖက်တွင် ရေသုတ်တံတပ်ဆင်ရန် ဆုံလည်မဏ္ဍိုင်ငုတ် နှစ်ချောင်း ရှိသည်။ မဏ္ဍိုင်ငုတ် နှစ်ချောင်းတွင် ရေသုတ်တံ တပ်ဆင်ပါက ရေသုတ်တံအဖျားမှ ရော်ဘာ

ဝိုက်ပါအရွက်သည် လေကာမှန်ပေါ်၌ ပွတ်တိုက်ကစားနိုင်သည်။ ရေသုတ်တံကိုင်းတွင် စပရင်တပ်ဆင်ထား၍ ဝိုက်ပါ အရွက်(Wiper Blade)များသည် မှန်ပေါ်မှ ရေများကို ဖိ၍သုတ်ပေးသည်။ ဝိုက်ပါမိုတာကို

လျှပ်စစ်ပါဝါပေးသောခလုတ်(Switch)သည် ကားစတီယာရင်ကွင်း၏ အောက်နားတွင် ရှိသည်။ ဝိုက်ပါမိုတာ၏ လည်နှုန်း (Speed)ကို အနှေး၊ အမြန်၊ အမြန်ဆုံး ဟူ၍ သုံးဆင့် ခွဲခြားထားသည်။ မိုးများ၍ ရေပါလျှင်

အမြန်ဆုံး Speed ဖြင့် ဝိုက်ပါကစားစေသည်။

ခေတ်ဟောင်းကားများတွင် ရှေ့လေကာမှန် တစ်ချပ်၌သာ ဝိုက်ပါတစ်စုံ နှစ်ချောင်း တပ်ဆင်သည်။ ယနေ့ခေတ်ကားများတွင် နောက်မှန်ကိုပါ ဝိုက်ပါ တပ်ဆင်ထားသည်။ ကားနောက်မှန် ကြည်လင်နေမှ

ယာဉ်မောင်းသည် ယာဉ်၏နောက်ပိုင်းမြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ ကြည့်နိုင်မည်။ ခရီးသည်တင်ဘတ်စ်ကားကြီးများ၏ ရှေ့လေကာမှန်ကြီးမှာ ဧရိယာကျယ်လွန်း၍ ဝိုက်ပါကိုင်းတံ သုံးချောင်းအထိ

တပ်ဆင်ထားသည်။

ယာဉ်မောင်းသူကိုယ်တိုင် ထိန်းချုပ်ရသော ဝိုက်ပါ စနစ်ပေါ်လာပြီး နှစ်ပေါင်းတစ်ရာနီးပါးကြာမှ ခေတ်သစ်နည်းပညာမြင့် Rain Sensing Wiper Technology စနစ်ကို တီထွင်လာနိုင်ခဲ့ပါသည်။

ပထမဆုံး Rain Sensor စနစ်ပါသော ကားမှာ ၁၉၉၆ ခုနှစ်ထုတ် Cadillac ကား ဖြစ်သည်။

ယနေ့ခေတ်ပေါ် အမြင့်ကားများတွင် မိုးရေကို အာရုံခံနိုင်သောစနစ်ပါရှိ၍ မိုးရွာသည်ဖြစ်စေ၊ နှင်းကျသည်ဖြစ်စေ ဝိုက်ပါကို အလိုအလျောက် အလုပ်လုပ်စေနိုင်သည်။ ယာဉ်မောင်းသူမှ ကြားဝင် ဆောင်ရွက်ပေးစရာ

မလိုတော့ပါ။ မိုးတိတ်၍ လေကာမှန်ပေါ်မှ မိုးရေများ ကုန်စင်သွားပါကလည်း ဝိုက်ပါမိုတာမှာ အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်သည်။

မိုးရေကို အာရုံခံနိုင်သော Rain Sensor သည် အနီအောက်ရောင်ခြည်(Infrared Light)ကို အခြေခံ၍ တည်ဆောက်ထားသည်။ Sensor ကို ရှေ့လေကာမှန်အပေါ်တွင် တပ်ဆင်လေ့ရှိသော နောက်ကြည့်မှန်

(Rearview Mirror)နှင့် ဆန့်ကျင်ဘက်မျက်နှာစာတွင် တပ်ဆင်ထားသည်။

Rain Sensor ၏ အခြေခံသဘောတရားမှာ အလင်း၏ ရူပဗေဒအခြေခံ သီအိုရီတစ်ခုဖြစ်သော လုံးဝအတွင်းသို့ အလင်းပြန်ခြင်း(Total Internal Reflection Principle)နိယာမကို အသုံးချထားခြင်းဖြစ်သည်။

အနီအောက်ရောင်ခြည်(Infrared Light) အလင်းတန်းသည် လေကာမှန်ချပ်ပေါ်သို့ ၄၅ ဒီဂရီ စောင်း၍ ကျရောက်ပြီး ယင်းအလင်းတန်းသည် အတွင်း သို့ လုံးဝအလင်းပြန်၍ ကားအတွင်းပိုင်းသို့ပြန်ဝင်သည်။

အကယ်၍ မိုးရေစက်တစ်စက်သည် Sensor တည့်တည့် လေကာမှန်ပေါ်တွင် ကျရောက်လာပါက မိုးရေစက်ကြောင့် အလင်းပြန်ခြင်းဖြစ်စဉ်သည် လျော့နည်းကျဆင်းသွားမည်။ ဤနည်းဖြင့် မိုးရေစက်၊

နှင်းရေစက်များကို Sensor က အာရုံခံပြီး ထောက်လှမ်းသိရှိနိုင်သည်။ အဆင့်မြင့် အန်နာလော့နှင့် ဒစ်ဂျစ်တယ် အချက်ပြစနစ်၏ လုပ်ဆောင်ချက်များကြောင့် မိုးရေ ပမာဏ အနည်းအများ သိပ်သည်းမှုကို

အာရုံခံဆုံးဖြတ်၍ Sensor သည် ဝိုက်ပါ Control Module ကို ဆက်သွယ်သတင်းပို့သည်။ Sensor ၏ သတင်းပို့ချက်အတိုင်း ဝိုက်ပါမိုတာကို အလုပ်လုပ်စေပြီး မိုးရေအနည်းအများအလိုက် ဝိုက်ပါ၏ အမြန်နှုန်းကို

အမျိုးမျိုးပြောင်းလဲ စေနိုင်သည်။

ကားဆားဗစ်စင်တာတွင် ကားရေဆေးရသောအခြေအနေတွင်လည်း Rain Sensor က အစဉ်အမြဲ အလုပ်လုပ်နေပါက ရေသုတ်တံနှင့် မိုတာကို ထိခိုက်ပျက်စီးစေနိုင်သည်။ ကားရေဆေးသော ရေပန်းအားသည်

အားပြင်း၍ ထိုသို့ပျက်စီးခြင်းမှ ကြိုတင်ကာကွယ်ရန် စနစ်လည်းပါဝင်သည်။ Wiper ကို Frozen Mode တွင် ထားလိုက်ပါက ကားရေဆေးစဉ် Rain Sensor စနစ် အလုပ်မလုပ်တော့ဘဲရှိမည် ဖြစ်သည်။

Automobile

Read 598 times