အင်ဂျင်အအေးခံစနစ်၏အဓိကအစိတ်အပိုင်းဖြစ်သော ရေတိုင်ကီ(Radiator)ထဲတွင် အအေးခံရည်(Coolant) များအမြဲတမ်းပြည့်နေရန် အရေးကြီးသည်။
အင်ဂျင်လည်ပတ်ရာတွင်အပူချိန်တဖြည်းဖြည်းတက်လာသောအခါ အရည်၏သဘာဝသည် ပူလျှင် ထုထည်ကြီးထွားလာပြီး ရေတိုင်ကီထဲမှ ရေများလျှံထွက်လာသည်။
အင်ဂျင်ရပ်နား၍ အေးသွားသောအခါအပူချိန်ကျဆင်းမှုကြောင့် အင်ဂျင်အတွင်းပိုင်းနှင့် ရေတိုင်ကီအတွင်းရှိအအေးခံရည်များထုထည်ပြန်၍ကျုံ့သွားသည်။
ထိုအခါ ရေတိုင်ကီထဲတွင်အအေးခံရည်များ လျော့နည်းသွားမည်။
နေ့စဉ်ရေလျှံ၍လျော့နည်းသွားသော Coolant အရည် Level နိမ့်ကျသွားလျှင် ရေတိုင်ကီ၏ အပူစွန့်ထုတ်နိုင်မှုစွမ်းရည်များ လျော့ကျသွားပြီး ရေတိုင်ကီ ရေဆူတတ်သည်။
ထိုကဲ့သို့ ရေတိုင်ကီထဲတွင် Coolant အရည်များ အမြဲတမ်းလျော့နည်းဆုံးရှုံးမှုများကို ကာကွယ်ရန်နှင့် Coolant အရည်များ ပြန်လည်ဖြည့်သွင်းနိုင်ရန် Coolant Recovery System သည် အင်ဂျင်အအေးခံစနစ်အတွက် အရေးကြီးအစိတ်အပိုင်းဖြစ်သည်။
ခေတ်ပေါ်ကားများတွင် Coolant အအေးခံရည်များ Recovery ဖြစ်စေရန်အတွက် External Redervoir Tank ကို ပူးတွဲတပ်ဆင်အသုံးပြုထားသည်။
Coolant Recovery Tank ကို ရေတိုင်ကီဘေးနားတွင် တပ်ဆင်အထိုင်ချထားသည်။
ထိုးဖောက်မြင်နိုင်စွမ်းရှိ သော ပလတ်စတစ်ဘူးအဖြူရောင်ဖြင့်ပြုလုပ်ထားသည်။
ထိုပလတ်စတစ်ဘူးတွင် Coolant အရည်ထည့်ထားပါက အရည် Levelအနိမ့်/အမြင့်ကိုအလွယ်တကူမြင်တွေ့နိုင်သည်။
အမြင့်ဆုံး High Level နှင့် အနိမ့်ဆုံး Low Level မျဉ်းကြောင်းများကို ထင်ထင်ရှားရှားတွေ့နိုင်သည်။
Coolant Level သည် အမြင့်ဆုံး High Level အမှတ်မျဉ်းကို မကျော်လွန်သေးလျှင်အင်ဂျင်အပူချိန်သည် သာမန်အပူချိန်တွင် ရှိနေသည်ဟူ ယူဆနိုင်ကြောင်းသိရသည်။
အင်ဂျင်ရပ်နားထား၍အပူချိန်ကျဆင်းသွားပြီး အေးသွားလျှင် Coolant အရည်များ ထုထည်သေးသွားမည်။
ထိုအခါ Recovery Tank မှ Coolant Level သည် Low level သို့ကျဆင်းသွားမည်။
Low Level ထက်ပို၍လျော့နည်းသွားလျှင် Recovery Tank တွင် အအေးခံရည် Coolant ထပ်မံဖြည့်ပေးရမည်။
Coolant Recovery ရေဘူးနှင့် ရေတိုင်ကီတို့ကို ရော်ဘာပိုက်ပျော့နှင့် ဆက်သွယ်ထားသည်။အအေးခံစနစ်အတွင်း Coolant အရည်များ၏ အပူချိန်နှင့်ဖိအားပြောင်းလဲလျှင် Recovery ရေဘူးနှင့် ရေတိုင်ကီတို့တွင် အအေးခံရည်များ လွတ်လပ်စွာ စီးဆင်းစေရန်ဖြစ်ကြောင်း သိရသည်။
ရေတိုင်ကီ ရေဖြည့်ပေးရသော အပေါက်အား Radiator Cap ဖုံးဖြင့် ပိတ်ထားသည်။ရေတိုင်ကီ Cap ဖုံုးတွင် စပရင်ဖိထားသော ဝါရှာပြား Cap Seal ခံထားကြောင်း သိရသည်။
ရေတိုင်ကီ Cap ဖုံးသည် ရေတိုင်ကီထဲတွင် ဖိအားအတော်အသင့်ရှိလာမှ ဖွင့်ပေးပြီး ပိုလျှံသော အအေးခံရည်များကို Recovery Tank သို့ စီးဝင်စေသည်။
ထို့ကြောင့်အင်ဂျင်လည်ပတ်နေချိန်ပုံမှန်အပူချိန်တွင် အအေးခံရည်များထုထည်ပွလာပြီး Recovery Tank သို့ဝင်ရောက်လာသဖြင့် High Level အထိအရည်များပြည့်နေမည်။
အင်ဂျင်ရပ်နား၍ အေးသွားလျှင်အအေးခံရည်များကျံု့ဝင်သေးငယ်သွားပြီး ရေလျှှံဘူးမှ Coolant အရည်များ ရေတိုင်ကီသို့ ပြန်လည်စီးဝင်သွားကြောင်း သိရသည်။
ဤနည်းလမ်းအတိုင်းရေတိုင်ကီထဲတွင် Coolant အရည်များ အမြဲတမ်းပြန်လည်ပြည့်နေစေရန် Recovery System မှ ဆောင်ရွက်ပေးကြောင်း သိရသည်။