ကားချစ်ပ် နယ်ပယ်ထဲ Qualcomm ဝင်ရောက်


ကားချစ်ပ် နယ်ပယ်ထဲ Qualcomm ဝင်ရောက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန် ချစ်ပ်ပြုလုပ်သူ Qualcomm ၏ အဓိကကျသော မိုဘိုင်းချစ်ပ်များ လုပ်ငန်း ကြီးထွားလာသည်နှင့်အမျှ ကုမ္ပဏီသည် မော်တော်ယာဥ် ချစ်ပ်များနှင့် စက်ရုံ အလိုအလျောက်စနစ်တို့ကဲ့သို့သော နယ်ပယ်သစ်များထဲသို့ တိုးချဲ့ရန် လေ့လာစူးစမ်းနေပါသည်။


Qualcomm သည် မိုဘိုင်းလ်ဖုန်းများအတွက် ချစ်ပ်များ တီထွင်ထုတ်လုပ်သည့် ပင်မစီးပွားရေးအပြင် ဂျပန်နိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းအားလုံးကို ချစ်ပ်ရောင်းချရန်အတွက် Sony နှင့် Honda တို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် ရည်မှန်းထားသည်။

Qualcomm သည် ၂၀၂၆ ခုနှစ်တွင် ထွက်တော့မည့် Sony-Honda လျှပ်စစ်ကားအတွက် ယာဉ်မောင်းထောက်ကူ၊ ဒစ်ဂျစ်တယ်စခရင်၊ ယာဉ်တွင်း ဖျော်ဖြေရေးများ အပါအဝင် ချိတ်ဆက်မှုဆိုင်ရာ နည်းလမ်းများအား ပံ့ပိုးပေးမည်ဖြစ်သည်ဟု Qualcomm ၏ ဘဏ္ဍာရေးအရာရှိချုပ် Akash Palkiwala က တိုကျိုမြို့သို့ ရောက်ရှိနေစဉ် Nikkei Asia မီဒီယာကို ပြောကြားသည်။

 

Qualcomm ၏ ဘဏ္ဍာရေးအရာရှိချုပ် Akash Palkiwala

 

 "Honda နဲ့ Sony တို့ရဲ့ ဖက်စပ်လုပ်ငန်းဟာ ကားတစ်စီးလုံး ဒစ်ဂျစ်တယ် သုံးမယ်။ တခြား ဂျပန်ကားထုတ်လုပ်သူတွေကလည်း ဒါကို ဘာလို့ မသုံးကြရမှာလဲ" ဟု Palkhiwala က ပြောကြားခဲ့သည်။
"မော်တော်ယာဥ် စက်မှုလုပ်ငန်းကဏ္ဍက တစ်သက်တာမှာ တစ်ကြိမ်သာ ကြုံရတဲ့ အသွင်ပြောင်းခြင်းကို ဖြတ်သန်းနေပါတယ်" ဟု သူက ပြောကြားသည်။ ရေနံထွက်ပစ္စည်း လောင်စာဆီ သုံးစွဲသည့် ကားများကို ကျောခိုင်းပြှီး လျှပ်စစ်သုံး ကားများဆီသို့ ကူးပြောင်းနေသည်။ တစ်ချိန်တည်းမှာပင် ဒစ်ဂျစ်တယ်နည်းစနစ်များ သုံးစွဲသည့် အဖြစ်သို့ ပြောင်းလဲနေသဖြင့် ကားပေါ်တွက် ဆော့ဖ်ဝဲ တင်ပြီး သုံးစွဲကြရသည်။ သို့ဖြစ်ရာ ကားထုတ်လုပ်သူများသည် နည်းပညာကုမ္ပဏီများနှင့် လက်တွဲထားကြရသည်။


Qualcomm သည် မိုဘိုင်း ချစ်ပ်များ တွင် ကမ္ဘာ့ ဦးဆောင် ဖြစ်သော်လည်း စမတ်ဖုန်း စျေးကွက်သည် မိုင်ကုန်နေပြီ ဖြစ်သဖြင့်  မော်တော်ယာဥ် လုပ်ငန်းကဏ္ဍတွင် တိုးချဲ့ လုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းကြီးထွားရန် နယ်ပယ်အသစ်တစ်ခု ရရှိမည် ဖြစ်သည်။

 Telematics ကဲ့သို့သော နည်းပညာများတွင် Nissan နှင့် Toyota အပါအဝင် ဂျပန်ကားထုတ်လုပ်သူများနှင့် Qualcomm လက်တွဲလုပ်ဆောင်နေပြီဖြစ်သည်။
Telematics သည် ကားကို အဝေးတစ်နေရာမှ မျက်ခြည်မပြတ် စောင့်ကြည့်သည့် နည်းပညာ ဖြစ်ပါသည်။

ယာဉ်မောင်းက စခရင်မှာ တို့ထိပြီး လိုရာစေခိုင်းဖို့ စခရင်အခင်းအကျင်းများ မျိုးဆက်သစ်ကို ဖန်တီးရန်အတွက် Qualcomm သည်  မော်တော်ကား အစိတ်အပိုင်းများ ပေးသွင်းသူ Denso နှင့်လည်း လက်တွဲလုပ်ဆောင်နေသည်။

Qualcomm ၏ တိုကျိုရုံးသည် Honda ၏ ဌာနချုပ် ဘေးတွင် တည်ရှိသည်။
နာဂိုယာတွင်လည်း Toyota ၏ ရုံးချုပ်နှင့် အနီးအနားတွင်  ရုံးခန်းတစ်ခု ထားရှိသည်။

ဂျပန် မော်တော်ကားထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု အများစုသည် ဂျပန်နိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး Qualcomm ၏ မော်တော်ယာဉ်ဆိုင်ရာဌာနမှူးသည် ဂျပန်တွင် အနေများသည်ဟု Palkhiwala က ပြောကြားသည်။
Palkhiwala သည် နှစ်များစွာအတွင်း ဂျပန်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် Qualcomm CFO ဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီးယားရှိ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပြီးကုမ္ပဏီသည် စမတ်ဖုန်းများအတွက် လုပ်ကိုင်ခြင်းအပြင် မော်တော်ယာဉ်များအတွက်လည်း  တိုးချဲ့လုပ်ဆောင်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။ 

“ကျွန်တော် ဒီကို ခရီးထွက်လာရတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကတော့ Cristiano Amon ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က Qualcomm ရဲ့ စီအီးအို ဖြစ်လာပြီးကတည်းက ကုမ္ပဏီကို သူဘယ်လို ပြောင်းလဲပေးလိုက်တယ် ဆိုတာကို  ရင်းနှီးမြှုပ်နှံသူတွေ နားလည်အောင် ပြောပြပေးဖို့ပါပဲ။ ကျွန်တော်တို့က ကုမ္ပဏီအဖို့ နယ်ပယ်သစ်ချဲ့ထွင်တဲ့ ကားလုပ်ငန်းကဏ္ဍ၊ အင်တာနက်သုံး ပစ္စည်း  IoT  [Internet of Things] တို့မှာ ဘယ်လို အာရုံစိုက်ထားသလဲ။ အဲဒီနယ်ပယ်တွေမှာ ကျွန်တော်တို့အတွက် အလားအလာကောင်းတွေ ရှိတယ်လို့ ဘာကြောင့် ယူဆရသလဲ ဆိုတာတွေကို ရှင်းလင်းပြောပြပါတယ်"

 Cristiano Amon ကို ဘရာဇီးနိုင်ငံတွင် မွေးဖွားခဲ့သည်။ သူက ဂျပန်မှ အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်သည့် NEC  တွင် ၂ နှစ် လုပ်ကိုင်ခဲ့ဖူးသည်။ 

 လုပ်ငန်းသုံး IoT ၊ စင်စာများ သုံးစွဲခြင်း၊ အင်တာနက်ဖြင့် စက်ရုံလုပ်ငန်း လည်ပတ်ပုံကို စောင့်ကြည့်ခြင်း၊ စွမ်းရည် တိုးတက်ကောင်းမွန်အောင် အင်တာနက် အသုံးပြုခြင်း စသည့်ကဏ္ဍများတွင် Qualcomm လုပ်ကိုင်လျက် ရှိပြီး ဝင်ငွေများ ပိုမိုရရှိနေသည်။ ထို့ပြင် ဝင်ငွေတိုးစေမည့် ထောက်တိုင်များလည်း ဖြစ်သည်။
ဂျပန်တွင် ကုမ္ပဏီအတွက် ကြီးမားသည့် အခွင့်လအလမ်းများ ရှိနေသည်။ ဂျပန်တွင် ရိုဘော့ ထုတ်လုပ်နေသည့် လုပ်ငန်းများ အများအပြား ရှိနေပြီး ဂျပန်သည် ကမ္ဘာ့ပေါ်တွင် ရိုဘော့ အများဆုံး ပြည်ပသို့တင်ပို့သည့် နိုင်ငံ ဖြစ်သည်။

စမတ်ဖုန်းကဏ္ဍသည် Qualcomm  အတွက် ကြီးမားသော ဝင်ငွေ ရရှိသည့် ကဏ္ဍ ဖြစ်နေဆဲ ဖြစ်ပြီး ကုမ္ပဏီအတွက် အရေးပါသည့် ကဏ္ဍလည်း ဖြစ်နေဆဲ ဖြစ်ပါသည်။ 

"စမတ်ဖုန်း ဈေးကွက်မှာ ရောင်းချနိုင်တဲ့ စုစုပေါင်း ခုရေက အသေ ဖြစ်သွားပြီ။ အဲဒီတော့ နည်းပညာပိုင်း ပိုထည့်ပေးပြီး ဝင်ငွေတိုးအောင် လုပ်ကြရတယ်။ စွမ်းရည် ပိုမြင့်မားဖို့အတွက် ပိုကောင်းတဲ့ ချစ်ပ်တွေ လိုအပ်တယ်။ တစ်နည်းပြောရရင် ပိုဈေးကြီးတဲ့ ချစ်ပ်တွေ သုံးကြရတယ်" ဟု Palkhiwala က ပြောကြားသည်။ 

တရုတ်နိုင်ငံရှိ Qualcomm ၏လုပ်ငန်းကဏ္ဍသည် စစ်ဘက်ဆိုင်ရာအသုံးချနိုင်သောစက်ကိရိယာများ မဟုတ်ဘဲ  လူသုံးကိရိယာများကိုသာ စူးစိုက်ထားကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ ကုမ္ပဏီသည် 4G အတွက် မျိုးဆက်ဟောင်းဆက်သွယ်ရေး ချစ်ပ်များကို Huawei အပါအဝင် တရုတ်နိုင်ငံရှိ ကုမ္ပဏီများသို့ ရောင်းချရန် အမေရိကန်အစိုးရက ခွင့်ပြုထားသည်။
Source asia nikkei
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 311 times