ယာဉ်မှတ်ပုံတင်အသစ်ပြုလုပ်သည့်ကားများနှင့် ယာဉ်သက်တမ်းတိုးပြုလုပ်သည့်ကားများအားလုံးကို လုံခြုံရေးအဆင့်မြှင့်တင်ထားသော QR code များ တပ်ဆင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ ၉ ရက်တွင် သိရသည်။
ပြည်ပမှတင်သွင်းလာသည့် ယာဉ်များအား ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရာတွင် ယာဉ်အက္ခရာ နံပါတ်ပြားများ၌ လုံခြုံရေးဆိုင်ရာအဆင့်မြှင့်တင်ထားသောအချက်အလက်များ ထပ်မံဖြည့်သွင်းထားရှိသော QR Code များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ယာဉ်နံပါတ်ပြား အက္ခရာ 4Q/ အက္ခရာမှစတင်၍ တပ်ဆင်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ထပ်မံ၍ အသစ်တင်သွင်းလာသောကားများသာမက နှစ်စဉ် ယာဉ်သက်တမ်းတိုးလာရောက်ပြုလုပ်သည့်ကားများကိုလည်း အဆိုပါ QR Code စနစ် တပ်ဆင်၍ လုပ်ငန်းလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
"မော်တော်ယာဉ်နံပါတ်ပြားတွေမှာ လုံခြုံရေးဆိုင်ရာအဆင့်မြှင့်ထားတဲ့အချက်အလက် QR Code တွေကို ဇန်နဝါရီ ၁ ရက်ကစပြီး အသုံးပြုနေပါတယ်။ ယာဉ်နံပါတ်ပြားတွေကို အတုအပပြုလုပ်လို့မရအောင် လုံခြုံရေး အဆင့်မြှင့်တဲ့သဘောပါ။နောက်ပိုင်းမှာ ယာဉ်သက်တမ်းတိုးလာလုပ်တဲ့ကားတွေအားလုံးကိုလည်း လုံခြုံရေးမြှင့်ထားတဲ့QR Code တွေ တပ်ဆင်လုပ်ဆောင်တာတွေလုပ်ပေးသွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန် က ဇန်နဝါရီ ၉ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားသည်။
ပြင်ပတွင် လိုင်စင်မဲ့ကားများ၊ လိုင်စင်မဲ့ကားနှင့် ပတ်သက်သည့် စာရွက်စာတမ်းရောင်းချမှူများ၊ ယာဉ်မောင်းလိုင်စင် အတုများ၊ အုံနာဘုတ်၊ဝှီးတက်၊ ယာဉ်သက်သေခံလက်မှတ်စတေကာများ၊ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို အတုပြုလုပ်ရောင်းချမှူများ ရှိနေ၍ ယာဉ်နံပါတ်ပြားများ အတုအပမပြုလုပ်နိုင်စေရန်ရည်ရွယ်ကာ လုံခြုံရေးအဆင့်မြှင့် QR Code များ တပ်ဆင်ပေးခြင်းဖြစ်သည်။