ဈေးနှုန်းစစ်ပွဲ ဂယက်ထသဖြင့် ရှယ်ယာပေါက်ဈေးများ ကျဆင်း


ဈေးနှုန်းစစ်ပွဲ ဂယက်ထသဖြင့် ရှယ်ယာပေါက်ဈေးများ ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla မှစတင်ခဲ့ပြီး BYD က ဈေးနှုန်းစစ်ပွဲထဲ ပါဝင်ပြီးတဲ့နောက်မှာ ကားဝယ်စီးသူတို့ ကားဝယ်လိုသော စိတ်အားထက်သန်မှုများ သိသိသာသာ မြင့်တက်လာခြင်း မရှိတာကြောင့် တရုတ်ကားလုပ်ငန်းများရဲ့ ရှယ်ယာပေါက်ဈေးများ စတော့ဈေးကွက်မှာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ South China Morning Post မှာ သတင်းဆောင်းပါး ဖော်ပြပါတယ်။

ဈေးနုန်းစစ်ပွဲ ဂယက်ထချိန်မှာ ရှယ်ယာ ဝယ်ရောင်းတွေက လက်ထဲ ကားလုပ်ငန်း ရှယ်ယာတွေကို လက်ထဲ ဆက်ကိုင်မထားတော့ဘဲ ရောင်းထုတ်ပစ်ကျတာကြောင့် ဈေးကျကုန်တာ ဖြစ်ပါတယ်။ 

BYD ရှယ်ယာ ပေါက်ဈေး ဟောင်ကောင် စတော့ဈေးကွက်မှာ  ၁၁% ၊ ရှန်ကျန်း စတော့ဈေးကွက်မှာ ၇.၈% ကျဆင်းခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကားထုတ်လုပ်သူ SAIC ရှယ်ယာများလည်း  ရှန်ဟိုင်းစတော့ဈေးကွက်မှာ အလားတူပင် ကျဆင်းခဲ့ရာ ၆.၇%  ကျဆင်းသွားခဲ့ပါတယ်။

တရုတ်ပြည်မှ လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း ၃ ခု Li Auto, Nio, Xpeng တို့ရဲ့ ရှယ်ယာများ ဟောင်ကောင်စတော့ဈေးကွက်မှာ ၂.၆% မှ ၁၅% အထိ ကျဆင်းပါတယ်။

စျေးနှုန်းစစ်ပွဲ ပြီးခဲ့တဲ့ သီတင်းပတ်တွင် ပိုမိုပြင်းထန်လာပါတယ်။ BMW နှင့် Mercedes-Benz Group ကဲ့သို့သော ပရီမီယံ ကားထုတ်လုပ်သူများ ဈေးချရောင်းပြီး  စျေးနှုန်းစစ်ပွဲထဲ ပါဝင်လာကြပါတယ်။ တရုတ်ပြည်တွင်း ကားလုပ်ငန်း SAIC နှင့် Guangzhou Automobile တို့လည်း စျေးနှုန်းစစ်ပွဲမှာ ပါဝင်ဆင်နွှဲလိုက်ကြပါတယ်။

လန်တလောမှာ ဈေးလျှော့ချတာ အကြမ်းဆုံးက ပြင်သစ်ကားထုတ်လုပ်သူ Citroen ဖြစ်ပါတယ်။ ၎င်းရဲ့ C6 မော်ဒယ်ကို ၄၀% ဈေးချခဲ့ပါတယ်။ တရုတ်ပြည်အလယ်ပိုင်း ဟူပေပြည်နယ်မှာ ယွမ် ၁၃၀,၀၀၀ (US$18,660) ဈေးလျှော့လိုက်ပါတယ်။

Tesla နှင့် BYD တို့က  ယွမ် ၂၀,၀၀၀ မှ ၄၆,၀၀၀ ကြား ဈေးချထားပါတယ်။

"တရုတ်ပြည် စီးပွားရေး ပြန်လည်ဦးမော့လာမှုက မျှော်မှန်းထားတာထက် အားနည်းနေတာကြောင့် စားသုံးသူတွေက ကားဝယ်ဖို့အတွက် ငွေမသုံးကြဘူး”လို့ ရှန်ဟိုင်းရှိ Jingxi Investment Management မှ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် Wang Zheng က ပြောကြားပါတယ်။

၂၀၂၃ ခုနှစ် ပထမနှစ်လမှာ အိမ်စီးကားများ ရောင်းအား ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ဈေးချပေးလို့ ဝယ်လိုအား မြင့်တက်နိုင်တာ မှန်ပေမဲ့ အခုလို စီးပွားရေး မရေမရာ ဖြစ်နေချိန်မှာ ကားဝယ်မယ့်သူအချို့က ကားမဝယ်သေးဘဲ ဈေးနှုန်းစစ်ပွဲကို စောင့်ကြည့်နေကြပါတယ်။ နောက်ထပ် ဈေးထပ်ကျဦးမလားလို့ မျှော်လင့်ထားတာကြောင့် အရောင်းနှေးစေပါတယ
အရောင်းနည်းနေရခြင်းအတွက် အကြောင်းရင်း နောက်တချက်မှာ ယခုနှစ် ၂၀၂၃ တွင် ကားဝယ်မယ့်သူတွေက  ယခင်နှစ် ၂၀၂၂ နှစ်မကုန်ခင်မှာ ဆောလျင်စွာ ဝယ်ယူခဲ့ပြီး ဖြစ်တာကြောင့် ယခုနှစ်ဆန်းမှာ ကားဝယ်မယ့်သူ လျော့နည်းသွားစေပါတယ်။
တရုတ်အစိုးရက စွမ်းအင်သစ် ကားဝယ်ယူသူ‌တိုင်းကို ပေးအပ်တဲ့ အခွန်ကင်းလွတ်ခွင့်ကာလက ၂၀၂၂ ဒီဇင်ဘာလ လကုန်မှာ ပြီးဆုံးတာကြောင့် ယမန်နှစ်မှာ ဆောလျင်စွာဖြင့် ကားဝယ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ယမန်နှစ်က အီးဗီ အစီးရေ ၆.၉ သန်း ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ် အရေအတွက်ထက် နှစ်ဆနီးပါး ရှိပါတယ်။

၂၀၂၃ မှာ အီးဗီဝယ်ယူသူတိုင်းကို ပေးအပ်တဲ့ ထောက်ပံ့ကြေး အစီအစဉ် မရှိတော့တာကြောင့်လည်း ဝယ်လိုအား ကျဆင်းပါတယ်။
ဟောင်ကောင်အခြေစိုက် စီးပွားရေးပညာရှင် Iris Pang က လျှပ်စစ်ကား ဝယ်ယူမှုများအပေါ် အစိုးရ ထောက်ပံ့ကြေးများ ဆက်လက်ပေးအပ်ဖို့ ခဲယဉ်းနေတယ်လို့ ဆိုပါတယ်။ 
"အီးဗီ ဝယ်ယူမှုများအတွက် ငွေသားထောက်ပံ့မှု အစီအစဉ်များကို သက်တမ်းတိုးပေးမယ့် အရိပ်အယောင် မတွေ့ရဘူး။ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး တက်လာပြီ။ စီးပွားရေး ပြန်လည်ဦးမော့လာချိန်တွင် အစိုးရက ဝယ်လိုအား တက်စေဖို့အတွက် ထောက်ပံ့ကြေးများကို အသုံးမချချင်ဘူး" လို့ သူမက ပြောကြားပါတယ်။
ယခုနှစ်တွင် အဆိုပါ ငွေသားထောက်ပံ့မှုအတွက် ဘတ်ဂျက် လျာထားခြင်း မရှိတော့ချေ။ 
 Pang က တရုတ်နိုင်ငံတွင် မော်တော်ကားရောင်းချမှု တိုးတက်မှုနှုန်း ယခုနှစ်တွင် ၅ ရာခိုင်နှုန်းခန့်အထိသာ ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
 "စီးပွားရေး ပြန်လည်ဦးမော့လာမှုက အခုမှ အခြေတည်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်”လို့ ပေကျင်းမြို့တော်မှ Cinda Securities ရဲ့ လေ့လာဆန်းစစ်သူ Lu Jiamin က ပြောကြားပါတယ်။
 "မော်တော်ယာဥ်ဈေးကွက်မှာ ပြန်လည်ဦးမော့လာနေတာ မျှော်လင့်ထားတာထက် နှေးကွေးပြီး အား‌ပျော့နေဆဲ ဖြစ်ပါတယ်"လို့ ၎င်းက ပြောကြားပါတယ်။
 Source SCMP
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 257 times