အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်စီးသော Cadillanc One


ကမ္ဘာပေါ်တွင် လုပ်ဆောင်ချက်အများဆုံးနှင့် အသန်မာဆုံးကားတစ်စီးဖြစ်ပြီး သမ္မတနှစ်ဦးသာ စီးနင်းရသေးသော ကားဖြစ်ပါသည်။

လက်ရှိ ၄၅ ဦးမြောက် အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသော အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သော သမ္မတ အိုဘားမား စီးနင်းသော The Beast ဟု လူသိများသည့် Cadillac  One ကိုသာ ဆက်လက်အသုံးပြုနေသည်ကို တွေ့ရပြီး အဆိုပါ မော်ဒယ်နှင့် ပတ်သတ်သော သိကောင်းစရာအချက် ၁၀ ကို ဖော်ပြပေးလိုက်ပါသည်။

(၁) One မော်ဒယ်မှာ Duramx အမည်ရှိ ၆.၆လီတာသုံး V8အင်ဂျင်ကို တပ်ဆင်ထားပြီး Superchargedစနစ်သုံး ဒီဇယ် အင်ဂျင်တပ်ဆင်ထားပါသည်။

၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၀ရက်တွင် သမ္မတစီး ကားအဖြစ် စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အိုဘားမားလက်ထက်တွင် စတင်အသုံးပြုခဲ့ပါသည်။

(၂) One သည် ပေါင် ၁၄၀၀၀ အထိ လေးလံပြီး လွယ်ကူစွာ နှိုင်းယှဉ်ကြည့်မည်ဆိုပါက နာမည်ကျော် Toyota Camry သည်  ပေါင် ၃၂၀၀ ခန့်သာ လေးကြောင်းသိရပါသည်။

ထိုအလေးချိန်များရသည့် အချက်မှာ လက်နက်များ တပ်ဆင်ပါရှိမှုနှင့် ကိုယ်ထည်သားတွင် စတီးလ်၊ အလူမီနီယမ်၊ တိုက်တမ်နီယမ်နှင့် ဆီရာမိုက်များ ထည့်သွင်း ဖန်တီးထားမှုကြောင့်ဖြစ်ပါသည်။

(၃) One ၏ ၀င်ပေါက် တံခါးများတွင် သော့ပေါက်မပါရှိဘဲ သမ္မတ၏ ကားတွင် လိုက်ပါမည့် လုံခြုံရေး ၀န်ထမ်းများကသာ ကားတံခါးကို မည်သို့ဖွင့်ရမည်ကို သိကြပါသည်။

(၄) ကားတွင် ၅လက်မခန့် အထူရှိသော ကျဉ်ကာမှန်များ တပ်ဆင်ထားသည့်အပြင် လေသန့်စနစ်များပါ ပူးတွဲ တပ်ဆင် ထားမှုကြောင့် ဓာတုပစ္စည်းမျိုးဖြင့် တိုက်ခိုက်မှုကိုပါ ခံနို်င်ရည်ရှိကြောင်းသိရပါသည်။

(၅) One မော်ဒယ်သည် ဒုံးကျဉ်ဖြင့် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိပြီး မျက်ရည်ယိုဗုံး၊ မီးသေနတ်များဖြင့် တိုက်ခိုက်၍ မရသည့်အပြင် ဆီတိုင်ကီကို သေနတ်ဖြင့် ပစ်၍ မပေါက်နိုင်ကြောင်း သိရပါသည်။

(၆) One မော်ဒယ်တွင် သမ္မတ၏ သွေး အမျိုးအစားနှင့်တူသော သွေးပိုအိတ် ၂ အိတ် ပါရှိပြီး အရေးပေါ် အသက်ရှုမှုအတွက် အောက်ဆီဂျင် ထောက်ပံ့မှု စနစ်လည်း ပါရှိပါသည်။

(၇) One က ကမ္ဘာ၏ မည်သည့်နေရာတွင်ဖြစ်စေ ဖုန်းများ လက်ခံပြောဆိုနိုင်ပြီး Video Conferencing ဆိုသည့် ရုပ်မြင်သံကြား အစည်းအဝေးများကိုလည်း ကားစီးနင်းနေရင်း ပါ၀င် လုပ်ဆောင်နိုင်သည်ဟု

သိရပါသည်။

(၈) ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ကား၏ ကိုယ်ထည် အောက်ဖက်တွင် Kevlarဆိုသော ကာကွယ်ရေးစနစ် ကိုယ်ထည်သားကို ထည့်သွင်းဖန်တီးထားပြီး ဗုံးပေါက်ကွဲမှုများကို ကောင်းကောင်း

ခံနိုင်ရည်ရှိသည်ဟု သိရပါသည်။

(၉) ကား၏ တာယာသားမှာလည်း Kevlar စနစ်ပါရှိသောကြောင့် လေမရှိချိန်တွင်လည်း ပုံမှန်အတိုင်း မောင်းနှင်၍ ရနိုင်ပြီး နောက်ဆုံး တာယာ မရှိတော့ဘဲ ဘီးခွေသားပဲ ကျန်ရှိချိန်မှာတောင် ဆက်လက်

မောင်းနှင်၍ ရသည်ဟု သိရပါသည်။

(၁၀) နာမည်ကျော် စက်တင်ဘာ ၁၁ရက် အကြမ်းဖက် ခံရမှု အပြီးတွင် ပထမ အသုံးပြုနေသော One မော်ဒယ်ကို အကြမ်းဖက်မှုပုံစံအတိုင်း ပစ်ခတ်စမ်းသပ်မှုများ လုပ်ဆောင်ပြီး ခံနိုင်ရည်ကို လက်တွေ့

စစ်ဆေးကာ ဖျက်ဆီးလိုက်ပြီး အားနည်းချက်များ ပြင်ဆင်ပြီး ပုံစံတူ One မော်ဒယ်ကို ပြန်လည် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရပါသည်။

 

Read 1343 times