အမေရိကန်မှာ ဖန်တီးတည်ဆောက်ခဲ့တဲ့ကားတွေထဲမှာ ကိုယ်ထည်ကိုမှန်နဲံ့ ပထမဆုံးပြုလုပ်တဲ့ စံချိန်တင်ထားတာက 1939 Pontiac Deluxe Six Plexigias Ghost Car ဆိုတဲ့ကားပါ။
General Motors ကားကုမ္ပဏီနဲ့ Rohm & Haas ဓာတုဗေဒကုမ္ပဏီတို့ ပူးပေါင်းပြီး ၁၉၃၉ - ၁၉၄၀ နယူးယော့ခ်ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ဒီကားကိုဖန်တီးခဲ့ကြတာပါ။
တံခါး ၄ ပေါက်ပါ Pontiac Touring Sedan ကိုအခြေခံပြီး အတိအကျထပ်တူညီတဲ့ ကားကိုယ်ထည်ကို Rohm & Hass က Plexiglas နဲ့စတင်ဖန်တီးပါတယ်။
၁၉၃၃ ခုနှစ်မှာ စပေါ်လာတဲ့ Plexiglas ဟာဆီလီကာအခြေခံတဲ့ မှန်အမျိုးအစားမဟုတ်ဘဲ Poly(Methyl Methacrylate) မှန်ဖြစ်ပြီး စစ်တပ်သုံးလေယာဉ်၊ ဆိုင်းဘုတ်၊ အချက်ပြမီး၊ ရထားနဲ့ကားတွေမှာ သုံးစွဲလေ့ရှိပါတယ်။
Plexiglas နဲ့ကိုယ်ထည်ဖန်တီးပြီးစီးတဲ့အခါ ကားတာယာအစရှိတဲ့ ရော်ဘာအစိတ်အပိုင်းတွေကို မှန်ကိုယ်ထည်နဲ့လိုက်အောင် အဖြူရောင်နဲ့ပဲ ပုံဖော်တပ်ဆင်ထားခဲ့ပါတယ်။
တစ်စီးလုံးအပြည့်အတွင်းကို ထွင်းဖောက်မြင်နိင်တဲ့ ၁၉၃၉ Pontiac Deluxe Six Plexiglas Ghost Car မှာ ဆလင်ဒါခြောက်လုံးထိုး L-head အင်ဂျင်၊ Coil Sprinbg ရှေ့ဆိုင်းထိန်း၊ Live Rear Axle with Semi-elliptic Leaf Sprrings၊ Four-wheel Hydraulic Drum Breaks နဲ့ Three-speed Manual ဂီယာစနစ်တို့ကို အသုံးပြုထားပါတယ်။
Ghost Car လို့အမည်ပြောင်ရခဲ့တဲ့ ဒီကားဟာ ၁၉၃၉-၁၉၄၀ နယူးယော့ခ် ကမ္ဘာ့ကုန်စည်ပြပွဲအပြီး သက်ဆိုင်ရာ ကား Showroom တွေမှာ လှည့်လည်ပြသခဲ့သလို ၁၉၄၇ ခုနှစ်အထိ Smithsonian Institution မှာရှိနေခဲ့ပါတယ်။
ယာဉ်သက်သေခံနံပါတ်မပါသလို ပုံမှန်လမ်းပေါ်မှာမောင်းလို့ရတဲ့ကားမျိုးမဟုတ်တာကြောင့် ဒီကားပြပွဲတွေမှာလိုက်ပြရင်းပဲ အချိန်တွေကုန်ဆုံးခဲ့ပြီး ၁၉၇၉ ခုနှစ်ရောက်မှ ကားစုဆောင်းသူ Leo Gephert ရဲ့ဝယ်ယူခြင်းကို ခံခဲ့ရပါတယ်။
ဒီကားကိုဖန်တီးစဉ်က $25000 ကုန်ကျခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာပြန်ရောင်းတော့ $300000 ကျော်ရခဲ့ပါတယ်။
စတင်ထုတ်လုပ်ကတည်းက ခရီးမိုင်စုစုပေါင်း ၈၆ မိုင်သာမောင်းနှင်ထားတဲ့ ဒီကားကို ပြန်ရောင်းတဲ့အခါမှာ အစင်းရာ၊အခြစ်ရာ တစ်ချို့ရှိတာကလွဲရင် မူလအတိုင်း ကြည်လင်ပြတ်သားမှုရှိနေသေးသလို စက်ပိုင်းဆိုင်ရာမှာလည်း ဆီပိုက်လိုင်းတွေကိုသာ လဲလှယ်ထားရပါတယ်။