စမ်းသပ်ကာလ အီးဗီတင်သွင်းခြင်း စည်းကမ်းချက်များ ထုတ်ပြန်


စမ်းသပ်ကာလ အီးဗီတင်သွင်းခြင်း စည်းကမ်းချက်များ ထုတ်ပြန်


အစပျိုးစမ်းသပ်ကာလ (Pilot Project ) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်သည့်အမိန့်ကြော်ငြာစာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၂ /၂၀၂၂)ဖြင့်  ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။

အစပျိုးစမ်းသပ်ကာလ (Pilot Project ) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်သည့်အမိန့်ကြော်ငြာစာ

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်း ပြည်ပမှလျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အောက်ပါအတိုင်းသတ်မှတ်လိုက်သည် -

(က) လျှပ်စစ်သုံးယာဉ်တင်သွင်းမည့်ကုမ္ပဏီသည် အရောင်းပြခန်းဖွင့်လှစ်ခွင့် လက်မှတ် ရရှိထားခြင်း မရှိသေးပါက အောက်ပါအချက်များနှင့် ကိုက်ညီရမည် -

(၁) မြန်မာနိုင်ငံသားက ဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။

(၂) တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ် (Brand) တစ်ခုစီ အတွက် ရောင်းချသည့် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ် သဘောတူ စာချုပ် တင်ပြနိုင်သူဖြစ်ရမည်။ 

(၃) အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်ရမည်။


( ခ ) အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်။

( ဂ ) တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့်အာမခံမှု၊ အပိုပစ္စည်း များ (Spare Parts) ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်။

(ဃ) လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချမည့် ကုမ္ပဏီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမည်။

( င ) လျှပ်စစ်သုံးယာဉ်တင်သွင်းရောင်းချခွင့်ရသည့် ကုမ္ပဏီသည် တင်သွင်းလာသော ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့် ပါမစ် လျှောက်ထားရမည်။

ဤအမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ်ဟူသော စကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး BEV (Battery Electric Vehicle)ယာဉ်များသာဖြစ်ရမည်။ 

၃။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ အကျိုးသက်ရောက်စေရမည်။

၄။ ဤအမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်များအား လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်သွားမည်။

(ပုံ)

အောင်နိုင်ဦး

ပြည်ထောင်စုဝန်ကြီး

Read 366 times