ဘယ်နိုင်ငံမှာ ဘယ်ပစ်ကပ်ကို အကြိုက်ဆုံးလဲ


နိုင်ငံအများစုမှာ အကြိုက်ဆုံး ပစ်ကပ်က Toyota Hilux ဖြစ်ပါတယ်။  Toyota Hilux ရဲ့ အဓိက ပြိုင်ဘက်တွေက  Ford Ranger, Fiat Toro, Nissan Navara, Isuzu D-Max နဲ့ Mitsubishi Triton တို့ ဖြစ်ပါတယ်။ 

မလေးရှား

မလေးရှားနိုင်ငံမှာ Toyota Hilux ကို ကြိုက်ကြတယ်။ မလေးရှားအရှေ့ပိုင်းမှာ တည်ရှိတဲ့ ဆာဘတ်သ်နဲ့ ဆာရာဝပ် ပြည်နယ်တွေမှာ ပစ်ကပ်ကားမှန်သမျှ Hilux ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ‘Hailak’ လို့ မလေးဘာသာစကား အသံထွက်ဖြင့် ခေါ်ဝေါ်ကြတယ်။ ပစ်ကပ်က D-Max လား Triton လား Ranger လား ဆိုတာ အကြောင်း မဟုတ်ဘူး။ ပစ်ကပ်ဆိုရင်  ‘Hailak’ လို့ပဲ ခေါ်ကြတယ်။ 

 

 

ထိုင်း
အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ Hilux တွေ ထုတ်လုပ်တယ်။ Hilux တွေ ဝယ်စီးကြတယ်။ ဒါပေမဲ့ ရောင်းအကောင်းဆုံး ပစ်ကပ်က Hilux မဟုတ်ဘူး။ Isuzu ရဲ့ မော်ဒယ်အသစ်ကျပ်ချွတ် D-Max ပစ်ကပ်က ရောင်းအားအကောင်းဆုံး နံပါတ်(၁) နေရာမှာ ရောက်ရှိနေပါတယ်။ 
ယခုနှစ် ပထမသုံးလပတ်မှာ Isuzu Thailand  က  D-Max စီးရေ ၄၀,၂၂ စီး ရောင်းချခဲ့တယ်။  Hilux ရောင်းချရတဲ့ စီးရေ ၂၈,၂၁၆ စီး ရဲ့ နှစ်ဆနီးပါး ဖြစ်ပါတယ်။ 
အခုလို D-Max က ပေါက်နေတာကြောင့် ထိုင်းပစ်ကပ်ကားဈေးကွက်မှာ ဝေစု ၄၇.၇% ကို ရရှိနေတယ်။ ဒုတိယနေရာမှာ ရှိနေတဲ့  Hilux က ၃၃.၄% ဈေးကွက်ဝေစု ရရှိထားတယ်။ 

 

 

ဗီယက်နမ်
ဗီယက်နမ်မှာ   Ford Ranger ကို ကြိုက်ကြတယ်။ ယခုနှစ် ပထမနှစ်ဝက်မှာ Ranger စီးရေ ၂,၁၇၁ စီး ရောင်းချရတယ်။ ဗီယက်နမ်တွေက Hilux စီးတာ နည်းတာကြောင့် စီးရေ ၄၇၈ စီးသာ ရောင်းခဲ့ရတယ်။  Ranger ရောင်းအားက လေးဆခွဲလောက် ပိုများတယ်။

 

 

အင်ဒိုနီးရှား 
အင်ဒိုနီးရှားက Toyota ကို ကြိုက်တဲ့နိုင်ငံ ဖြစ်ပါတယ်။ Innova, Avanza နဲ့  Fortuner တို့ ရောင်းအားကောင်းကြတယ်။  ပစ်ကပ်မှာတော့ Mitsubishi Triton က ရောင်းအကောင်းဆုံးပဲ။ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ စီးရေ ၄,၂၃၄ ဖြင့် ပထမနေရာကို ယူထားတယ်။ ဇွန်လ တစ်လတည်းမှာတင် စီးရေ ၁,၁၄၂ စီး ရောင်းချခဲ့ရတယ်။ 

 

မက္ကဆီကို
မြောက်အမေရိက ဈေးကွက်မှာ ပါဝင်တဲ့ မက္ကဆီကိုနိုင်ငံမှာ ရောင်းအားအကောင်းဆုံး ပစ်ကပ်က Nissan NP300 ဖြစ်ပါတယ်။ မက္ကဆီကိုမှာ ရောင်းချတဲ့ NP300  က လုပ်ငန်းသုံး single-cab အမျိုးအစား ဖြစ်ပါတယ်။ အိမ်စီးကားကိုတော့ Frontier NP300 လို့ အမည်ပေးထားပါတယ်။ ယခုနှစ် ရောင်းအား မသိရပေမဲ့ ယမန်နှစ် အရောင်းစာရင်းအရ တစ်နှစ်တာအတွင်း NP300 စီးရေ ၄၄,၅၇၇ စီး ရောင်းချခဲ့ရပါတယ်။ 

 

 

ဘရာဇီး
တောင်အမေရိကနိုင်ငံတွေမှာ နိုင်ငံအများစုမှာ Toyota Hilux က အရောင်းရဆုံး ပစ်ကပ်ဖြစ်ပြီး နိုင်ငံအနည်းငယ်မှာတော့ တခြားပစ်ကပ်တွေ ဗိုလ်စွဲထားပါတယ်။ ဘရာဇီးမှာ Fiat Toro က ရောင်းအားကောင်းတယ်။ ဘရာဇီးနိုင်ငံမှာ ထုတ်လုပ်ပြီး လက်တင်အမေရိကသို့ တင်ပို့တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက Fiat Toro စီးရေ ၅၃,၉၄၇ စီး ဘရာဇီးမှာ ရောင်းချခဲ့ရတယ်။  ယခုနှစ်မှာလည်း Fiat Toro က ဆက်လက်ဗိုလ်စွဲနေဦးမယ်လို့ ခန့်မှန်းထားကြတယ်။ 

 

ချီလီ
ချီလီမှာ Mitsubishi Triton ရောင်းအကောင်းဆုံး ဖြစ်ပါတယ်။ ကပ်ရောဂါ ဖိစီးနေတဲ့ကြားမှာ Mitsubishi Motors Chile က စီးရေ ၇,၈၀၈ စီး ရောင်းချပြီး ပထမနေရာကို ရယူထားတယ်။ ချီလီမှာ L200  မော်ဒယ်အမည်ဖြင့် ဖြန့်ချိပါတယ်။ 

 

 

ဂျာမနီ
ဥရောပမှာ ပစ်ကပ်က လူရာသိပ်မဝင်ဘူး။ ဗင်ကိုပဲ စီးကြတယ်။ ဥရောပနိုင်ငံတစ်ခု ဖြစ်တဲ့ ဂျာမနီမှာ Ford Ranger နဲ့  Volkswagen Amarok တို့ ယှဉ်ပြိုင်နေခဲ့ကြရာမှ  Volkswagen က ဥရောပဈေးကွက်အတွက် ထုတ်လုပ်တဲ့ Amarok ကို ဆက်မထုတ်တော့လို့ Ford Ranger က သရဖူဆောင်းထားပါတယ်။ 

 

 

ယူကေ
ယူကေမှာတော့ ရောင်းအကောင်းဆုံး ပစ်ကပ်က Ford Ranger ဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းက စီးရေ ၁၃,၀၉၇ စီးရောင်းချခဲ့ရတယ်လို့  Society of Motor Manufacturers and Traders (SMMT) မှ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

 

အာဂျင်တီးနား
တောင်အမေရိကမှ အာဂျင်တီးနားမှာ Toyota Hilux  ရောင်းအားက ပြိုင်ဘက်တွေ ဖြစ်တဲ့  Volkswagen Amarok, Ford Ranger နဲ့ Fiat Toro တို့ထက် သာတယ်။ Mitsubishi Triton  L200 က ၂၀၂၀ ခုနှစ်တုန်းက Toyota Hilux ထက် သာခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ Toyota Hilux က အရောင်းရဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ကိန်းဂဏန်းတွေတော့ အတိအကျ မသိရပါဘူး။ 

 

Source: wapcar.my/news 

Read 7645 times