စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်မှု အခြေအနေ အသိပေးထုတ်ပြန်


စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်မှု အခြေအနေ အသိပေးထုတ်ပြန်

ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန Petroleum Products Regulatory Department မှ စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်မှု အခြေအနေ အသိပေးထုတ်ပြန် ထားသည်ကို ဖော်ပြအပ်ပါသည်။


ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ထိန်းကျောင်း ဆောင်ရွက်နေမှုအခြေအနေ 

၁။ မြန်မာနိုင်ငံသည် ပြည်တွင်းစက်သုံးဆီလိုအပ်ချက်၏ ၁၀% ခန့်သာ ပြည်တွင်းမှ ထုတ်လုပ်ဖြည့်ဆည်းနိုင်ခြင်းဖြစ်ပြီး၊ ကျန် ၉၀% ခန့်အား ပြည်ပမှတင်သွင်း အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် ပြည်တွင်း၌ ရောင်းချသည့် စက်သုံးဆီဈေးနှုန်းမှာလည်း နိုင်ငံတကာဈေးနှုန်း အပေါ် မူတည်၍ ပြောင်းလဲလျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီတင်သွင်း၊ ရောင်းချ သူများနှင့် သုံးစွဲသူများအကြား နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်း ဖြစ်စေရေး ထိန်းကြောင်းဆောင်ရွက်လျက် ရှိသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သော ဈေးနှုန်းတစ်ရပ်ဖြင့်  ဖြန့်ဖြူးလျက်ရှိပါသည်။              
၃၁.၅.၂၀၂၂ နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများအား တရားဝင်ငွေလဲလှယ် နှုန်း ၁၈၅၀ ကျပ် ဖြင့်တွက်ပါက ဓါတ်ဆီ (၁) လီတာ ၂၂၄၀ ကျပ် (1.21 USD)၊ ဒီဇယ် (၁) လီတာ ၂၄၅၀ ကျပ် (1.324 USD) ဖြစ်ပြီး၊ အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးဖြစ်သော စင်္ကာပူနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ ၄၁၈၁ ကျပ် (2.260 USD)၊ ဒီဇယ် (၁) လီတာ ၃၈၉၈ ကျပ် (2.107 USD) ဖြစ်သဖြင့် မြန်မာနိုင်ငံထက် ဓါတ်ဆီ (၇၉%) နှင့် ဒီဇယ် (၅၇%) ပိုများပါသည်။ မြန်မာနိုင်ငံမှလိုအပ်သော စက်သုံးဆီများအား စင်္ကာပူနိုင်ငံမှ အဓိကဝယ်ယူတင်သွင်းပြီး အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.506 USD)၊ ဒီဇယ် (၁) လီတာ (0.927 USD)၊ လာအိုနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.654 USD)၊ ဒီဇယ် (၁) လီတာ (1.329 USD)၊ တရုတ်နိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.4 USD)၊ ဒီဇယ် (၁) လီတာ (1.258 USD)နှင့် အိန္ဒိယနိုင်ငံတွင် ဓါတ်ဆီ (၁) လီတာ (1.344 USD)၊ ဒီဇယ် (၁) လီတာ (1.205 USD) ဖြစ်ပေါ်လျက် ရှိပါသည်။ (www.globlepetrolprices.com) အချို့နိုင်ငံများတွင် စက်သုံးဆီတင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုများသဖြင့် မြန်မာနိုင်ငံထက် ဈေးများရခြင်းဖြစ်ပြီး၊ မလေးရှားနိုင်ငံတွင် အစိုးရမှ (Subsidize) ထပ်ဆောင်းဖြည့်ဆည်းပေးသဖြင့် မြန်မာနိုင်ငံထက် ၆၀% ခန့် သက်သာသည်ကို တွေ့ရပါသည်။ နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏မူဝါဒအတိုင်း စက်သုံးဆီဈေးနှုန်းများကို သတ်မှတ်လျက် ရှိရာ မြန်မာနိုင်ငံအနေဖြင့် အခွန်ရာခိုင်နှုန်း အနည်းငယ်သာ ကောက်ခံ၍ ပြည်သူအများ သက်သာ သော စက်သုံးဆီဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး မူဝါဒချမှတ် ဖြန့်ဖြူးဆောင်ရွက်ပေးလျက် ရှိပါသည်။
၂။ မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကြောင်း ကိုင်တွယ်ဆောင်ရွက်နိုင်ရေး၊ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေး ပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ရည်ရွယ်၍ အဖွဲ့ဝင်(၁၀)ဦး ပါဝင်သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကို ၂၁-၄-၂၀၂၂ ရက်နေ့မှ စတင်ဖွဲ့စည်းကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း  လုပ်ငန်းများအား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။
၃။  နိုင်ငံတော်အစိုးရအနေဖြင့် ငွေကြေးဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် နိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်းကို ၁၈၅၀ ကျပ်ဖြင့် ပုံမှန်နှုန်းထား သတ်မှတ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံခြားကုန်သွယ်မှု တွင် သွင်းကုန်/ပို့ကုန် မျှတမှုရှိစေရေးနှင့် နိုင်ငံခြားသုံးငွေလေလွင့်မှု မရှိစေရေး ထိန်းညှိဆောင်ရွက် ပေးလျက်ရှိရာ စက်သုံးဆီကဏ္ဍတွင်လည်း ပြည်တွင်းသုံး အမှန်လိုအပ်ချက်နှင့်အညီ အချိန်မီ တင်သွင်းနိုင်ရေး ကော်မတီမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
၄။ ကော်မတီအနေဖြင့် နိုင်ငံတော်အတွက် အခွန်အခများရရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တင်သွင်းခွင့်လိုင်စင်များ စိစစ်ခွင့်ပြုခြင်း၊ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိ စေရေး စိစစ်တင်ပြခြင်း၊ တင်သွင်းစက်သုံးဆီများ၏ သိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား ကြပ်မတ် ဆောင်ရွက်ခြင်း၊ အရည်အသွေးမှန်ကန်မှုရှိစေရန် စိစစ်ကြပ်မတ်ခြင်း၊ ဈေးကွက်အတွင်း ဈေးကစား လိုသည့် လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောနှောရောင်းချခြင်း များရှိလာပါက အရေးယူနိုင်ရေး Traceability Record ထား၍ ကြီးကြပ်ဆောင်ရွက်ခြင်း စသည် တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၅။  ဈေးကွက်အတွင်း စက်သုံးဆီရောင်းဈေးနှုန်းများ သင့်တင့်မျှတမှုရှိစေရေးအတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိပြီး၊ အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ရာ၌ စင်ကာပူနိုင်ငံ၏ နေ့စဉ် MOPS price အပေါ် အခြေခံပြီး သယ်ယူစရိတ်၊ ပရီမီယံ အာမခံကြေးများ၊ အခွန်အခများ၊ လုပ်ငန်း ဆောင်ရွက်မှုကုန်ကျစရိတ်များနှင့် သင့်တင့်သည့်အမြတ်ရာခိုင်နှုန်းများအား ထည့်သွင်းတွက်ချက်၍ ရန်ကုန်မြို့အရောက် ရည်ညွှန်းလက်ကားဈေးကိုလည်းကောင်း၊ အဆိုပါ ရည်ညွှန်းလက်ကားဈေး အပေါ် သင့်တင့်မျှတသော ပျမ်းမျှသယ်ယူပို့ဆောင်စရိတ်များ ထပ်ပေါင်းပြီး တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအလိုက် ဖြစ်သင့်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများကိုလည်းကောင်း တွက်ချက်ကာ နိုင်ငံပိုင်သတင်းစာများ၊ မီဒီယာများနှင့် ဌာန၏ Facebook page ၊ Website တို့မှ တစ်ဆင့်နေ့စဉ်ထုတ်ပြန်ပေးခြင်းကို(၄-၅-၂၀၂၂)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
၆။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းမှုများအတွက် လိုအပ်သည့် စိစစ်ညှိနှိုင်းဆောင်ရွက်ပေးမှုများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ လက်လီအရောင်းဆိုင်များ တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ၎င်းတို့လိုအပ်သည့် စက်သုံးဆီအား ပြန်လည်ဖြည့်ဆည်း နိုင်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှလည်း အသေးစားနှင့်အလတ်စားစက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီကို ထပ်မံ ဖွဲ့စည်းပြီး လက်လီအရောင်းဆိုင်များ၏ လိုအပ်ချက်များကို Importer ထံမှ တိုက်ရိုက်ဝယ်ယူခွင့် ရရှိရေး   ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ အသေးစားနှင့် အလတ်စား စက်သုံးဆီလုပ်ငန်းများ အနေဖြင့် Importer ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူရောင်းချခြင်းဖြင့် သက်သာသော ဈေးနှုန်း ဖြင့် ရောင်းချပေးနိုင်မည် ဖြစ်ပါသည်။ 
၇။  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ သည် ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့တော်များအလိုက် ရည်ညွှန်းလက်လီဈေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက် ရှိရာ အဆိုပါဈေးနှုန်းများအတိုင်း ဖြန့်ဖြူးရောင်းချမှုရှိစေရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များအား ခံဝန်ကတိရယူ၍ သတိပေးဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားပြီး ဖြစ်ပါသည်။ စက်သုံးဆီဖြန့်ဖြူးရောင်းချမှု ဈေးနှုန်းများကို ကြပ်မတ်စောင့်ကြည့်ပြီး လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများမှ စောင့်ကြည့်လျက်ရှိပါသည်။ နယ်မြို့ များတွင် ထပ်ဆောင်းသယ်ယူစရိတ်များကြောင့် ဈေးနှုန်းကွာဟမှုများရှိနေသည့်အတွက် နယ်မြို့များ အတွက်ပါ သယ်ယူပို့ဆောင်မှု အမှန်ကုန်ကျစရိတ်များကို ထည့်သွင်းတွက်ချက်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးနိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ 
၈။ ကော်မတီအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာ၌ ကျေနပ်မှုမရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အများပြည်သူမှ သတင်းပေးတိုင်ကြားနိုင်ရန်အတွက် ဖုန်းနံပါတ် (၀၆၇-၄၀၉၈၈၁၊ ၀၆၇-၄၁၁၁၂၉၊ ၀၉-၆၉၉၆၁၁၁၁၆၊ ၀၉-၄၄၀၄၃၃၅၃၃) များကို အသိပေးထုတ်ပြန်ပြီး၊ ထိုသို့ သတင်းပေးတိုင်ကြားမှုများအား ရှင်းလင်းဆွေးနွေးပေးခြင်း၊ လေ့လာစိစစ်ခြင်း၊ မြေပြင်အခြေအနေ အား ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင်၊ စက်သုံးဆီတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများမှတင်ပြလာသည့် ကိစ္စရပ်များကိုလည်း လိုအပ်သလို ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိပါသည်။

Read 626 times