ဆီဈေးကျလို့ အရှုံးပေါ်နေ


စက်သုံးဆီဈေးဆက် တိုက်ကျဆင်းနေခြင်းကြောင့် အရှုံးပေါ်နေကြောင်း စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့ ကပြောသည်။

စက်သုံးဆီဈေး နေ့စဉ်နီးပါးကျဆင်းနေပြီး ဈေးမတည်ငြိမ်ခြင်းကြောင့် အမြင့်ဈေးဖြင့် ဝယ်ယူထားရသူများ အရှုံးပေါ်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။‘‘ဒီနေ့ဈေးတစ်မျိုးနဲ့ ဝယ်လိုက်တယ်။ နောက်ရက်ကျ ဈေးကဝယ်တဲ့ဈေးအတိုင်း မဟုတ်တော့ဘဲ ကျသွားပြန်တယ်ဆိုတော့ တောက်လျှောက်ကို ရှုံးနေတာပေါ့။ ကမ္ဘာ့ဈေးနဲ့ ချိန်ရောင်းတာဆိုတော့ ပြည်တွင်းဈေးကလိုက်မချလို့လည်း မရဘူးလေ’’ဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးထင်အောင်ကျော်က ပြောသည်။

စက်သုံးဆီဈေးကျဆင်းမှု ကြောင့် ကျပ်သိန်းသောင်းနှင့်ချီ ၍ အရှုံးပေါ်နေသည်ဟုလုပ်ငန်းရှင်အချို့ကဖွင့်ဟပြီး ငွေကြေး ဆုံးရှုံးမှုပမာဏကို အတိအကျ ထုတ်ဖော်ပြောကြားမှု မရှိပေ။‘‘ရှုံးတာကတော့ တော်တော် ရှုံးကြတယ်။ ဆုံးရှုံးပမာဏတွေကတော့ မနည်းဘူး။ ကမ္ဘာ့ရေနံဈေးရဲ့ ရိုက်ခတ်မှုဆိုတော့လည်း အခြေအနေ ပြန်ကောင်းလာမယ့် အချိန်ကို စောင့်ပြီး တင်းခံနေကြရတဲ့ သဘောရှိတယ်’’ဟု အမည် မဖော်လိုသူ စက်သုံးဆီလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းများသည် ဈေးအတက်၊ အကျ တစ်ရှိန်ထိုးဖြစ်ပေါ်ပါက ငွေကြေးဆုံးရှုံးနစ်နာမှုများ ကြုံရ လေ့ရှိပြီး ဈေးတည်ငြိမ်မှသာ အကျိုးအမြတ် ခံစားရလေ့ရှိသည် ဟု ၎င်းတို့ကဆိုသည်။

ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည် ၂၀၁၈ အောက်တိုဘာက စက်သုံးဆီရောင်းဝယ်ရေး သမိုင်းတစ်လျှောက် အမြင့်ဆုံး နှုန်းထားရောက်ရှိခဲ့ပြီး ယင်းလကုန်ပိုင်းကစ၍ ဆက်တိုက်ဈေး ကျဆင်းခဲ့သည်။အောက်တိုဘာလလယ်ပိုင်း က အောက်တိန်း-92 တစ်လီတာ လျှင် ၁,၀၆၅ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁,၁၁၅ ကျပ် အထိ ရောက်ရှိခဲ့သည်။ယခုနှစ်ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်အထိုင်ဈေးကွက်၌ အောက်တိန်း -92 တစ်လီတာ လျှင် ၆၈၀ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၇၇၅ ကျပ်၊ဒီဇယ်တစ်လီတာလျှင် ၈၇၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာ လျှင် ၈၈၀ ကျပ်ရှိသည်။

ထို့ကြောင့် နှစ်လကျော်အတွင်း အောက်တိန်း-92 တစ်လီတာလျှင် ၃၈၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၃၄၀ကျပ်၊ ဒီဇယ်နှင့် ပရီမီယံတစ်လီ တာလျှင် ၂၂၅ ကျပ်စီ ကျဆင်းခဲ့သည်။

7 Day Daily

Read 4213 times