ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းသော်လည်း စျေးအမြင့်မှာပင်ရှိနေသည့် ဒေါ်လာနှင့် စက်သုံးဆီ


ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းသော်လည်း စျေးအမြင့်မှာပင်ရှိနေသည့် ဒေါ်လာနှင့် စက်သုံးဆီ

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၆၅ သန်းကို ငါးကြိမ်ခွဲပြီး ရောင်းချထားခဲ့သည်။
ဇန်နဝါရီ ၇ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၃ ရက်တွင်  ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့သည်။

 

ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းသော်လည်း စျေးအမြင့်မှာပင် ရှိနေသည့် ဒေါ်လာ

ဗဟိုဘဏ်က ဇန်နဝါရီလ မကုန်မီမှာပင် ဒေါ်လာ ၆၅ သန်းကို စျေးကွက်အတွင်း ရောင်းချထားသော်လည်း စျေးကွက်အတွင်း ဒေါ်လာပေါက်စျေးမှာ ကျဆင်းခြင်းမရှိဘဲ တအိအိနှင့် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

“ဟိုးတစ်ရက်က ဒေါ်လာလိုလို့ ကိုယ်တိုင်သွားဝယ်တာ ၂၁၀၀ ပေးလိုက်ရတယ်” ဟု ဇန်နဝါရီ ၁၉ ရက်တွင် ဒေါ်လာသွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။

ဗဟိုဘဏ်က သတ်မှတ်ထားသည့် စျေးနှုန်းများမှာ ဇန်နဝါရီ ၂၂ ရက် စျေးနှုန်းအရ တစ်ဒေါ်လာလျှင် ၁၇၈၆ ကျပ်သာ သတ်မှတ်ထားသော်လည်း ပြင်ပတွင်မူ ယင်းစျေးဖြင့် ဝယ်ယူမရနိုင်ပေ။

တရားဝင်ငွေလဲကောင်တာများတွင်လည်း ဗဟိုဘဏ်၏စျေးနှုန်းဖြင့် လာရောက်ရောင်းချပေးသူရှိမှသာ ပြန်လည်ရောင်းချပေးနိုင်ကြောင်း ငွေလဲကောင်တာများတွင် ဒေါ်လာသွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။

“ဘယ်ငွေလဲကောင်တာမှာမှ အဲဒီစျေးနဲ့ အရောင်းအဝယ်မလုပ်ဘူး။ သူတို့မှာရှိရင်တော့ ရောင်းပေးမယ်ပြောပေမယ့် ဒီစျေးနဲ့ ဘယ်သူမှ လာမရောင်းဘူးလေ” ဟု ငွေလဲကောင်တာ၌ ဒေါ်လာသွားရောက်ဝယ်ယူသူက ပြောကြားသည်။

လက်ရှိတွင် ကမ္ဘာ့ဒေါ်လာစျေးမှာလည်း အနည်းငယ်သာမြင့်တက်နေပြီး မြန်မာကျပ်ငွေနှင့် လဲလှယ်ရာတွင်သာ စျေးနှုန်းမှာ ကျပ် ၂၀၀၀ ကျော် ရောက်ရှိနေခြင်းဖြစ်သည်။

“စျေးကွက်မှာကတော့ စျေးက မကျသေးဘူး။ ၂၀၀၀ နဲ့ ၂၀၀၀ စွန်းစွန်းမှာပဲ ရှိနေသေးတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ပြင်ပဒေါ်လာစျေးကွက်တွင် ဖြစ်ပေါ်နေသည့် စျေးနှုန်းများမှာ စျေးကွက်မှ သတ်မှတ်ထားသည့် စျေးနှုန်းများဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းကို နှုန်းရှင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသတ်မှတ် လိုက်ပြီးနောက်တွင် ဒေါ်လာစျေးမှာ အတန်ငယ် ငြိမ်သက်သွားခဲ့ရာမှ ယခုနှစ် ဇန်နဝါရီ လလယ်ပိုင်းမှ      စတင်ကာ စျေးနှုန်းမှာ ၁၉၀၀ သို့ စတင်ရောက်ရှိခဲ့သည်။ ယင်းနောက် ကျပ် ၂၀၀၀ နှင့်ကျပ် ၂၀၀၀ စွန်းစွန်းတွင် စျေးနှုန်းမှာ ငြိမ်သက်နေသည်ကို တွေ့ရသည်။

ဒေါ်လာစျေးမှာ လတ်တလော အခြေအနေများအရ စျေးနှုန်းကျဆင်းမည့် အရိပ်အယောင်မရှိသေးကြောင်း စျေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားမှုများလည်း ရှိသည်။

 

ဒေါ်လာစျေးပေါ်  မူတည်နေသော စက်သုံးဆီ

ပြည်တွင်းထုတ်လုပ်မှုနှင့် မလုံလောက်သဖြင့် ပြည်ပမှတင်သွင်းနေရသည့် စက်သုံးဆီမှာ ဒေါ်လာစျေး မြင့်တက်လာသည်နှင့်အမျှ လိုက်ပါမြင့်တက်လျက် ရှိသည်။

ကျပ် ၂၀၀၀ စွန်းစွန်းတွင် တန့်နေသည့်ဒေါ်လာစျေးအရ ပြည်တွင်းစက်သုံးဆီစျေးမှာလည်း ၉၂ တစ်လီတာလျှင် ၁၅၄၅ ကျပ်တွင် တန့်နေသည်မှာ သုံးရက်ကျော်ရှိနေပြီ ဖြစ်သည်။

“ဒေါ်လာစျေးတက်တာနဲ့ ဒီကောင် (စက်သုံးဆီ) က လိုက်တက်တာပဲ။ ဒေါ်လာစျေးကျရင်တောင် တချို့က စျေးကိုတန့်ထားကြတယ်။ ဒေါ်လာက ပြန်တက်မလားဆိုတဲ့ အတွေးနဲ့ပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလကုန်ပိုင်းတွင် ငြိမ်သက်နေခဲ့သည့် စက်သုံးဆီစျေးမှာ ဇန်နဝါရီ ၄ ရက်တွင် ကျပ် ၁၄၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်။

ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီ ၃ ရက်အထိ ၉၂ တစ်လီတာလျှင် ကျပ် ၁၃၉၀ ဖြင့် ငြိမ်သက်ခဲ့ရာမှ တစ်လီတာလျှင် ၃၅ ကျပ်သို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲမဖြစ်ပေါ်မီက ၉၂ တစ်လီတာလျှင် ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်အပြီး တစ်နှစ်နီးပါးခန့်အကြာတွင် စက်သုံးဆီစျေးနှုန်းမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ် တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံ ဒီဇယ်တာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့်နှစ် ဧပြီလမှစတင်ကာ မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ဧပြီလအတွင်း ရောက်ရှိခဲ့သည့်စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ လျှင် ၉၂၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၉၃၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၉၂၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၁၀၀၅ ကျပ်သို့ ရောက်ရှိခဲ့ရာ ဖေဖော်ဝါရီလထက် ရာခိုင်နှုန်း ၃၀ ခန့်မြင့်တက်ခဲ့ပြီး စျေးနှုန်းအားဖြင့် တစ်လီတာလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရအလွှဲအပြောင်းကာလဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီလတွင် စက်သုံးဆီလက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) စျေးတွင် ရှိခဲ့သည်။

စက်သုံးဆီစျေးနှုန်း ကျဆင်းစေရန်အတွက်ဟုဆိုကာ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှ စတင်၍ ကုမ္ပဏီ ၁၀ ခုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၉၉ ဆိုင်တွင် စတင်ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။

သို့သော် ယင်းသို့ရောင်းချမှုမှာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးသဖြင့် စက်သုံးဆီဝယ်ယူလိုသူများအတွက် အဆင်ပြေခြင်းမရှိချေ။
ပြည်တွင်းစက်သုံးဆီစျေးမှာ ဒေါ်လာစျေးပေါ်တွင် မူတည်လျက်ရှိပြီး ဒေါ်လာစျေးကျဆင်းမှသာ ယင်းစျေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်သည်။

သို့သော် ပြည်ပသို့တင်ပို့ ရောင်းချသည့် ကဏ္ဍများတွင် ယခင်နှစ်များထက် လျော့ကျနေသည့် အချိန်တွင် ပြည်တွင်းငွေလဲနှုန်း ကျဆင်းလာမည်လားဆိုသည်မှာ သေချာသည့်အခြေအနေတစ်ခုတော့ မဟုတ်ပေ။ ယင်းကြောင့် ဒေါ်လာစျေးမှာကျပ် ၂ဝဝဝနှင့် ကျပ် ၂၀၀၀ စွန်းစွန်းတွင် တန့်နေဦးမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားမှုများလည်း ရှိနေသည်။

ယင်းကြောင့် မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်ရာတွင် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မည့်အခြေအနေကို ရောက်ရှိရန် အမြန်ဆုံး လုပ်ဆောင်မှသာ အခြားစျေးနှုန်းများလည်း ကျဆင်းလာမည်သာဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန်

https://news-eleven.com/article/224430
 

Read 668 times