ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ရဲ့အားနည်းချက်/အားသာချက်များ


ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဟာမြင်းတကောင်ဖြစ်မယ်ဆိုရင်ဓာတ်ဆီအင်ဂျင်ဆိုတာ ပြိုင်မြင်းတကောင် (Race horse )လို ကျစ်လစ်တယ် ၊ ပေါ့ပါးတယ် ၊ လျှင်မြန်မယ် ၊ တက်ကြွနေမယ်။ ဒီဇယ်အင်ဂျင်ဆိုတာ ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်ကြမ်းလုပ်တဲ့ ခိုင်းမြင်း(Work Horse)တကောင်လို နှေးမယ် ၊ သန်မာမယ် ၊ ခံနိုင်ရည်ပိုကောင်းပါမယ်။

ဒါကအကြမ်းမျဉ်း သဘောကိုဖွင့်ဆိုပြတာပါ။


ဓာတ်ဆီအင်ဂျင်ရဲ့ အားသာချက်များ
၁။ ဈေးသက်သာခြင်း
ဒီဇယ်အင်ဂျင်နဲ့ ယှဉ်ရင် ကားအမျိုးအစား၊ အင်ဂျင်ပါဝါခြင်းတူရင်တောင် ဓာတ်ဆီကားကဈေးပိုသက်သာပါတယ် ။ အင်ဂျင်အလုံးလိုက်လဲမယ်ဆိုတောင် တချို.ကားတွေမှာဈေးဘယ်လောက်မှမရှိပါဘူး ။

၂။ ဆူညံသံနှင့် တုန်ခါမှုနည်းခြင်း
ဓာတ်ဆီကားမှာ အင်ဂျင်တွင်းမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွက် Spark Plug ပလပ်နဲ့အလုပ်လုပ်တာမို့ ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်(Regular Combustion ) ဖြစ်ပြီးကြီးမားသောဖိအားဖြစ်စဉ်တွေမလိုအပ်တာမို့ အသံဆူညံမှုနှင့် အင်ဂျင်တုန်ခါမှုမှာ ဒီဇယ်ကားထက်သိသိသာသာလျှော့နည်းပါတယ်။ဒါကြောင့် အိမ်စီးဇိမ်ခံကားအများစုမှာဓာတ်ဆီအင်ဂျင်တွေကိုအသုံးပြုခြင်းဖြစ်ပါတယ်။

၃။ မြန်နှုန်းမြင့်လည်ပတ်နှုန်းနှင့် စွမ်းအားကောင်း ခြင်း
ဓာတ်ဆီအင်ဂျင်မှာ ဓာတ်ဆီရဲ့သဘောသဘာဝအရရယ် ပုံမှန်မီးလောင်ကျွမ်းမှုဖြစ်စဉ်ရယ်ကြောင့် မီးလောင်ကျွမ်းမှုတည်ငြိမ်ပြီး မြန်နှုန်းမြင့်စွမ်းရည်ထုတ်လုပ်မှု မှာဒီဇယ်အင်ဂျင်ထက်စွမ်းအားပိုကောင်းပါတယ်။

၄။ ပြုပြင်ရလွယ်ကူခြင်း ၊ အပိုပစ္စည်းဈေးသက်သာခြင်း
ဓာတ်ဆီအင်ဂျင်တွေဟာ ဒီဇယ်အင်ဂျင်ထက် ယေဘုယျအားဖြင့် နည်းပညာပိုင်းဆိုင်ရာပြုပြင်ရလွယ်ကူပြီး ၊ အပိုပစ္စည်းဈေးပိုသက်သာတယ်လို့ဆိုနိုင်ပါတယ်။

၅။ အင်ဂျင်ကိုယ်ထည်ဝိတ်ပေါ့ပါးခြင်း
ဓာတ်ဆီအင်ဂျင်မှာ ဒီဇယ်အင်ဂျင်လို အင်ဂျင်တွင်း ဖိအားမြင့်စွမ်းဆောင်ရည် မလိုအပ်သဖြင့်ကြီးမားသော ဖိအားဒဏ်ခံနိုင်ရည်ရှိအောင် တည်ဆောက်စရာမလိုဘဲပါ့ပါးကျစ်လစ်တဲ့ဒီဇိုင်းပုံစံဖြင့်တည်ဆောက်နိုင်သဖြင့် ဈေးနှုန်းသက်သာပြီး အင်ဂျင်ရဲ့ဝိတ်ပေါ့ပါးကျစ်လစ်စေပါတယ် ။ အများအားဖြင့် သွန်းသံ (Cast Iron ) ဖြင့်တည်ဆောက်ပြီး အခုနောက်ပိုင်း အလူမီနီယံ (Aluminium)စပ်များဖြင့်တည်ဆောက်သောကြောင့် ပိုမိုပေါ့ပါးလာစေပါတယ်။

၆။ အင်ဂျင် အပူချိန်သက်သာခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ ဓာတ်ဆီဟာလွယ်ကူစွာလောင်ကျွမ်းနိုင်တာကြောင့် ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ပဲလိုအပ်ပြီး ဒီဇယ်အင်ဂျင်တွေလို အင်ဂျင်တွင်း မြင့်မားတဲ့အပူချိန်တွေကိုဖန်တီးစရာမလိုပါဘူး ၊ ဒိအတွက်အပူချိန်ပိုလျှော့နည်းပါတယ် ။ နောက်တချက်က အလူမီနီယံလို အလွယ်တကူအပူလျှောက်စီးကူးပြီး ၊ အပူစွန့်ထုတ်လွယ်တဲ့သတ္တုရောတွေကိုအသုံးပြုပြီး အင်ဂျင်ကိုတည်ဆောက်နိုင်တာမို့ အင်ဂျင်အပူချိန်ဟာ ဒီဇယ်အင်ဂျင်ထက်အပူသက်သာပါတယ် ။ မြင့်မားတဲ့ အပူချိန်ပေးရန်မလိုတဲ့အတွက် အေးသောရာသီဥတုတွေမှာ စက်နှိုးရလွယ်ကူစေပါတယ်။


ဓာတ်ဆီအင်ဂျင်ရဲ့ အားနည်းချက်များ

၁။ အင်ဂျင်သက်တမ်းတိုခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ မြန်နှုန်းမြင့်စွမ်းအားလုပ်ဆောင်မှုတွေကို အားပေးတာရယ် ၊ ဓာတ်ဆီကိုယ်တိုင်မီးလောင်ပေါက်ကွဲမှုအားကောင်းတာတွေကြောင့် အင်ဂျင်သက်တမ်း က ဒီဇယ်အင်ဂျင်ထက်စာရင် အင်ဂျင်ကျတဲ့သက်တမ်းမြန်ပါတယ်။

၂ ။ ပြန်ရောင်းဈေးကွက်မှာ ဈေးကျခြင်း
ကမ္ဘာလုံးဆိုင်ရာဈေးကွက်အနေအထားအရ ဓာတ်ဆီအင်ဂျင်ဟာ အင်ဂျင်သက်တမ်းတိုတဲ့အတွက် အသုံးပြုပြီးသား Used ကားတွေကိုပြန်ရောင်းတဲ့ resale value မှာ ဈေးကျနိုင်ပါတယ် ။

၃ ။ ဆီပိုစားခြင်း ၊ ဆီဈေးနှုန်းကွာခြားခြင်း
ပုံမှန်အားဖြင့် ဓာတ်ဆီအင်ဂျင်က ဆီပိုစားတယ်ဆိုတာအကြမ်းမျဉ်းသိကြပါတယ် ။ အကြောင်းရင်း ကတော့ ဓာတ်ဆီအင်ဂျင်တွေရဲ့ Engine Performance လို့ခေါ်တဲ့အင်ဂျင်တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပစ်စတင်ရဲ့ C.R (Compression Ratio ) ဖိသိပ်မှုအချိုးနည်း ပါးတဲ့အတွက် ဆီပိုစားခြင်းဖြစ်ပါတယ်။

၄။ Spark Plug ပြဿနာများခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ Spark Plug နဲ့ မီးခတ်ပြီးပေါက်ကွဲရတာမို့ ဆီမသန့်ပါက ပလက်အလွယ်တကူပျက်စီးစေတတ်ပြီး အင်ဂျင်အလုပ်လုပ်စွမ်း ရည်ကျကာ ပလပ်ပြဿနာတွေခဏခဏဖြေရှင်း ရတတ်ပါတယ်။

၅။ Torque လည်အား အပြောင်းအလဲများခြင်း
ဝန်ကြီးများထမ်း၍ရုန်းကန်ရာတွေ အင်ဂျင်လည်အားအပြောင်းအလဲများသဖြင့် ချောမွေ့ပြေပြစ်မှုမကောင်းပါဘူး။ ဒီအထက်ပါအချက်တွေကတော့ ဓာတ်ဆီအင်ဂျင်တလုံးရဲ့ အကြမ်းမျဉ်းအားသာချက်အားနည်းချက်တွေပါ။


ဒီဇယ်အင်ဂျင်ရဲ့အားသာချက်များ

၁။ အင်ဂျင်သက်တမ်းရှည်ခြင်း
ဒီဇယ်အင်ဂျင်တွေဟာ ကြီးမားတဲ့ဖိအားနဲ့အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာမို့ အင်ဂျင်သက်တမ်းရှည်ပါတယ် ။ အင်ဂျင် သက်တမ်း ရှည်တာမို့ တပတ်ရစ်ကားဈေးကွက်မှာ ဈေးနှုန်းကျဆင်းမှုသက်သာပါတယ် ။ Mercedes-Benz ရဲ့ဖော်ပြချက်အရ Mercedes-Benz ကုမ္ပဏီကထုတ်လိုက်တဲ့ Original အင်ဂျင်တလုံးဟာ အကြီးစာမေဂျာပြုပြင်မှုတွေမလုပ်ရဘဲ 900,000 miles အထိသက်တမ်းကြာရှည်တယ်ဆိုတာကို တိုင်းတာ ပြသဖူးပါတယ်။

၂။ ဆီစားသက်သာခြင်း

ဒီဇယ်အင်ဂျင်တွေမှာလေတမျိုးတည်းကိုသာ ဖိသိပ်ရတာမို့ ပစ်စတင်ရဲ့ C.R (Compression Ratio ) ဖိသိပ်မှုအချိုးကြီးမားပြီး Mileage လို့ခေါ်တဲ့ ဆီတဂါလံမှာသွားနိုင်တဲ့ခရီးအကွာအဝေး ပိုများပါတယ်။ဒါကြောင့် fuel Economy အရ တွက်ချေပိုကိုက်ပါတယ် ။

၃။ Spark,Distributor,နဲ့ Ignition Coil ပြဿနာမရှိခြင်း

ဒီဇယ်အင်ဂျင်မှာ လေဖိအားနဲ့အပူချိန်ကိုအသုံးချပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာမို့ Spark,Distributor,နဲ့ Ignition Coil (မီးကွိုင်) တွေကောင်းစွာအလုပ်မလုပ်တဲ့ပြဿနာကနေကင်းဝေးပြီး Engine Performance ကိုကောင်းစွာရရှိစေပါတယ်။

၄။ မကြာခဏပြုပြင်ရမှုနည်းခြင်း

အပျက်များသော Spark,Distributor,နဲ့ Ignition Coil (မီးကွိုင်) တွေမပါလို့ မကြာခဏပြုပြင်ရမှုနည်းပါတယ်။

၅။ ရုန်းကန်အားပိုကောင်းခြင်း

ဝန်တင်၍ အင်ဂျင်အရှိန်အမျိုးမျိုးပေါ်တွင် ခိုင်းစေမောင်းနှင်ရာတွင် Torque လည်အားပြောင်း လဲမှုနည်း၍ ဝန်းထမ်းရာတွင်ဓာတ်ဆီအင်ဂျင်ထက် ဆွဲအားရုန်းအားပိုမိုကောင်းမွန်ပါတယ် ။

ဒီဇယ်အင်ဂျင်၏ အားနည်းချက်များ

၁။ အင်ဂျင်ဈေးနှုန်းမြင့်မားခြင်း ၊ အလေးချိန်ပိုများခြင်း

ဒီဇယ်အင်ဂျင်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွက် ကြီးမားသောဖိအားနှင့်အပူစွမ်းအင်ကိုအသုံးပြုရသည် ၊ ထိုဖိအားနှင့်အပူချိန်ကိုခံနိုင်ရည်ရှိရန်အတွက် ကြံ့ခိုင်သောအင်ဂျင်ကိုယ်ထည်ကိုတည်ဆောက်ရသည်မို့ ဈေးနှုန်းမြင့်မားပြီး
အလေးချိန်ပိုမိုမြင့်မားပါတယ် ။

၂။ တုန်ခါမှုနှင့်အသံဆူညံမှုပိုများခြင်း
ဒီဇယ်အင်ဂျင်ရဲ့မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထွက်ပေါ်လာသော အမြင့်ဆုံဖိအားတန်ဖိုးမှာ ဓာတ်ဆီအင်ဂျင်ထက် ၂ဆ ကျော်မြင့်မားသောကြောင့် အသံဆူညံမှုနှင့်တုန်ခါမှုတို့ပိုများစေပါတယ် ။


၃။ ထိန်းသိမ်းစောင့်ရှောက်မှုလိုအပ်ခြင်း
ဒီဇယ်အင်ဂျင်မှာ Fuel injection system ကိုသာသုံးပြီးလေဖိအားနဲ့မီးလောင်ပေါက်ကွဲစေတာမို့ လေစစ် (Air filter ) (fuel filter) (oil filter ) အစရှိတဲ့ ဆီစစ်ဘူးတွေကိုဂရုတစိုက် သန့်စင်လဲလှယ်ပေးဖို့လိုအပ်ပါတယ် ။


၄။ ပြုပြင်မှုစရိတ်ကြီးမားခြင်း
ဒီဇယ်အင်ဂျင်တွေဟာ မကြာခဏပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပြုပြင်ရတဲ့အချိန်အခါမှာ အပိုပစ္စည်းနဲ့ပြုပြင်မှုစရိတ်က ဓာတ်ဆီအင်ဂျင်ထက်ပိုမိုကြီးမားပါတယ် ။


၅။ အေးသောရာသီဥတုတွေမှာနှိုးရခက်ခြင်း
မီးလောင်ပေါက်ကွဲမှုဖြစ်စေဖို. အပူချိန် ( 500 ံC or 932 ံ F ) ကနေ ဒါ့ထက်မြင့်မားတဲ့ အပူချိန်ဖြစ်အောင် ဖိသိပ်ပေးရတာမို့ အေးတဲ့ရာသီဥတုတွေမှာ နှိုးရခက်ခြင်းကိုကြုံတွေရတတ်ပါတယ်။ ဒီအချက်အလက်တွေက ဒီဇယ်အင်ဂျင်တစ်လုံးရဲ့ အားသာချက် အားနည်းချက်များပဲဖြစ်ပါတော့တယ်။

 

Read 4150 times