မလေးရှား ကားဈေးကွက် ပြန်နာလန်အထ Perodua ရောင်းအားတက်


မလေးရှား ကားဈေးကွက် ပြန်နာလန်အထ Perodua ရောင်းအားတက်

ကိုဗစ်ကာလအတွက်  မလေးရှား အစိုးရက ကားအသစ်တွေ အပေါ် စည်းကြပ်တဲ့ ရောင်းခွန်ကို ယခုအခါ ပြန်လည်စည်းကြပ်နေပြီ ဖြစ်ပေမဲ့ ကြိုတင်အမှာစာ လက်ခံရရှိမှုများ ကြီးမားတဲ့ အတိုင်းအတာဖြင့် ပိုများနေကြောင်း မလေးရှား ထိပ်တန်း မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Perodua က ပြောကြားပါတယ်။ 

Perodua လို့ အတိုကောက်အားဖြင့်သာ လူသိများတဲ့ Perusahaan Otomobil Kedua Sendirian Berhad (Second Automobile Manufacturer Private Limited) ကို ၁၉၉၂ ခုနှစ်မှာ မလေးရှားနိုင်ငံမှာ စတင်ထူထောင်ခဲ့ပါတယ်။

ယခုအခါ ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းများမှာ , UMW Holdings Bhd (38%), MBM Resources Bhd (20%), Daihatsu Motor Co Ltd (20%) တို့ ဖြစ်ပါတယ်။ 

Perodua  က ဇူလိုင်လမှာ ကြိုတင်အမှာစာ စီးရေ ၂၄,၂၆၅ လက်ခံရရှိခဲ့ပါတယ်။ 

ကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို Zainal Abidin Ahmad က ယခုလို ရောင်းခွန် ပြန်လည်စတင်စည်းကြပ်တဲ့လမှာ ရောင်းအား တက်လာတာဟာ မလေးရှားကားဈေးကွက် ကျန်းမာရေး ပြန်ကောင်းလာတဲ့ လက္ခဏ ဖြစ်ကြောင်း၊ ရောင်းခွန် ပြန်စည်းကြပ်တဲ့အပြင် ကားရောင်းဈေးများလည်း ယခင်ထက် မြင့်တက်နေကြောင်း၊ သို့ပါလျက် ရောင်းအားတက်ခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။ 

"ဇန်နဝါရီလမှ ဇွန်လအထိ အစိုးရက ရောင်းခွန် ကင်းလွတ်ခွင့် ပေးထားခဲ့လို့ ရောင်းအား အရှိန်ပြန်စရသွားစေခဲ့ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ ကားတွေကို လူကြိုက်များတာကြောင့် အမှာစာတွေ ပိုများများ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်" လို့ သူက ပြောကြားပါတယ်။ 

လုံးဝ‌မော်ဒယ်အသစ် အဖြစ် ထုတ်လုပ်ထားတဲ့ Perodua Alza မော်ဒယ်ကို လစဉ် စီးရေ ၃,၀၀၀ ရောင်းချဖို့ လျာထားပါတယ်။ ယခုအထိ စီးရေ ၃၉,၀၀၀ ဝန်းကျင် ကြိုတင်မှာကြားမှုများ ရရှိထားပါတယ်။ ဇူလိုင်လမှာ စီးရေ ၉,၀၀၀ ပိုင်ရှင်များလက်ထဲ ကားအပ်နှံပါမှာ ဖြစ်ကြောင်း သူက ပြောကြားပါတယ်။ 

"ထုတ်လုပ်မှုအပိုင်းမှာ ချစ်ပ် အလုံအလောက် မရခြင်းနှင့် လုပ်သား အလုံအလောက် မရခြင်း ပြဿနာတွေ ရှိနေဆဲပါ" လို့ သူက ပြောပါတယ်။ 

ရလဒ်အဖြစ် ဇွန်လမှာ စီးရေ ၂၁,၁၆၄ ထုတ်လုပ်ခဲ့ပြီး ဇူလိုင်လမှာ စီးရေ ၁၈,၄၃၆ ကိုသာ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ 

လုပ်သား မလောက်ငတဲ့ ကိစ္စကို အစိုးရနှင့် နီးနီးကပ်ကပ် လုပ်ကိုင်ကာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပြီး လုပ်သားအင်အားပြည့်ဖြင့် မကြာခင်မှာ စက်ရုံလည်ပတ်နိုင်လိမ့်မယ်လို့ သူက မျှော်လင့်ထားပါတယ်။ 

ချစ်ပ်ကိုတော့ စီးရေ ၂၄၇,၈၀၀ အတွက် ရယူနိုင်လိမ့်မယ်လို့ သူက ပြောကြားပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Source: FMT

Read 1602 times