Parking Sensor တွေဖြစ်ပေါ်လာပုံ


မော်တော်ယာဉ်မောင်းနှင်မှုမှာ ကွျွမ်းကျင်မှုအလိုအပ်ဆုံးအချိန်ကတော့ ကားပါကင်ထိုးတဲ့အချိန်ပဲဖြစ်ပါတယ်။
ကားနောက်ဆုတ်ပြီး ပါကင်ထိုးချိန်မှာ အချိန်အဆလွဲရင် ဟိုတိုက် ဒီတိုက်ဖြစ်ပြီး ကားထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် ယနေ့ခေတ်မှာ မော်တော်ယာဉ်မောင်းနှင်သူတွေ အထောက်အကူဖြစ်စေဖို့ Back Camera လို ကင်မရာတွေ၊ ဆင်ဆာတွေကို မော်တော်ကားတွေမှာ လိုအပ်သလို တပ်ဆင်လာကြပြီး ၎င်းထဲမှာမှ Packing Sensor လို့ခေါ်တဲ့ ပါကင်အထောက်အကူပြု အာရုံခံကိရိယာတွေလည်း ပါဝင်လာပါတယ်။

Parking Sensor တွေဟာ လျှပ်စစ်သံလိုက်လှိုင်း၊ သို့မဟုတ် အသံလွန်လှိုင်းကို အသုံးပြုပြီး ပါကင်ထိုးချိန်မှာ မော်တော်ယာဉ်အထိအခိုက်မရှိအောင် ထောက်လှမ်းအချက်ပြပေးတဲ့စနစ် ဖြစ်ပါတယ်။

Parking Sensor ကို ၁၉၇၀ ပြည့်နှစ်တွေတုန်းက ဂျာမန်တီထွင်သူတစ်ဦးဖြစ်တဲ့ Rainer Buchmann က အစပျိုးတီထွင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ မူပိုင်ခွင့်ရလို့ Jaguar ကားကုမ္ပဏီကို ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ထို့နောက် ကိုယ်တိုင်ထုတ်လုပ်ပြီး လုပ်ငန်းသုံးကားတွေမှာ တင်ဆင်ပေးခဲ့ပေမဲ့ အပေါက်ဖောက်ပြီး တပ်ဆင်ရတာကြောင့် ကိုယ်ပိုင်ယာဉ်ပိုင်ရှင်တွေကတော့ တပ်ဆင်လိုစိတ်နည်းပါးခဲ့ပါတယ်။

၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှာ အီတလီလူမျိုး တီထွင်သူတွေဖြစ်တဲ့ Massimo Ciccarello နဲ့ Ruggero Lenci တို့က အီတလီနိုင်ငံမှာ Ultrasonic Parking Sensors အတွက် မူပိုင်ခွင့်လျှောက်ထားခဲ့ကြပြီး ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ၁၆ ရက်မှာ စက်မှုဝန်ကြီးဌာနက မူပိုင်ခွင့်ချပေးခဲ့ပါတယ်။

Ultrasonic Parking Sensors က ကားရဲ့ ရှေ့နောက် ဘမ်ပါ၊ ဘီးခုံး အစရှိတဲ့ နေရာတွေမှာ တပ်ဆင်ထားပြီး အနီးအနားမှာရှိတဲ့ အရာဝတ္ထုတွေဆီကို အသံလှိုင်းတွေပြန်လာတဲ့ကြာချိန်ကို တွက်ချက်မှုကတစ်ဆင့် အကွာအဝေးကို တိုင်းတာတာ ဖြစ်ပါတယ်။

အရာဝတ္ထုနဲ့ နီးကပ်လာတာနဲ့အမျှ အချက်ပေးသံ ပိုစိပ်လာမှာဖြစ်ပြီး အနီးကပ်ဆုံးအနေအထားကို ရောက်ပြီဆိုရင်တော့ အချက်ပေးသံ အဆက်မပြတ်မြည်နေမှာ ဖြစ်ပါတယ်။

အသံလှိုင်းတွေ ပြန်လာတာကို အခြေခံထားတာမို့ ပြားနေတဲ့အရာဝတ္ထုတွေ၊ အသံရိုက်ခတ်မှု မရလောက်အောင် ကြီးမားမှုမရှိတဲ့အရာဝတ္ထုကိုတော့ ထောက်လှမ်းနိုင်မှာ မဟုတ်သလို အသံစုပ်ယူမှုအားကောင်းတဲ့ နူးညံ့တဲ့ သိုးမွှေးစလိုအရာတွေကိုလည်း ထောက်လှမ်းမှုအားနည်းနေမှာ ဖြစ်ပါတယ်။

Electromagnetic Parking Sensor (EPS) ကိုတော့ ၁၉၉၂ ခုနှစ်မှာ Mauro Del Signore က ပြန်လည်တီထွင်ပြီး မူပိုင်ခွင့် ယူခဲ့ပါတယ်။

ယာဉ်လမ်းကြောင်းမှာ အထိအခိုက်ဖြစ်စေနိုင်မယ့် အရာဝတ္ထုနဲ့ နီးကပ်လာရင် အသံမြည်ပြီး အချက်ပေးမယ့် လျှပ်စစ်သံလိုက်လှိုင်းသုံး EPS တွေက ဘမ်ဘာအတွင်းမှာ တပ်ဆင်ရုံသာဖြစ်လို့ အပေါက်ဖောက်စရာမလိုတဲ့အတွက် ကားအလှမပျက်တဲ့ အားသာချက်ရှိပါတယ်။

ဒီဘက်ခေတ်မှာတော့ Cross Traffic Alert လို့ခေါ်တဲ့ ကားရပ်နားတဲ့နေရာကနေ နောက်ဆုတ်ထွက်ချိန်မှာ ယာဉ်ကြောရှင်း၊ မရှင်း အချက်ပေးမယ့် နည်းပညာမျိုးလည်း ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။

Read 1053 times