မိဘမဲ့မှ သန်းကြွယ်သူဌေး BYD အင်ပါယာ ထူထောင်ထားသူ ဖြစ်လာသည့် ဝမ်ချွမ်ဖူ


မိဘမဲ့မှ သန်းကြွယ်သူဌေး BYD အင်ပါယာ ထူထောင်ထားသူ ဖြစ်လာသည့် ဝမ်ချွမ်ဖူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဝမ်ချွမ်ဖူ  Wang Chuanfu သည် မိဘမဲ့အဖြစ် ကြီးပြင်းခဲ့သည်။ ယခုအခါ တရုတ်ပြည်မှ အချမ်းသာဆုံးပုဂ္ဂိုလ်တဦး ဖြစ်နေပြီ ဖြစ်သည်။
ကမ္ဘာ့ ထိပ်တန်း လျှပ်စစ်ကားများ ထုတ်လုပ်သည့် BYD တည်ထောင်သူ ဝမ်ချွမ်ဖူသည် တရုတ်နိုင်ငံမှ စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် အန်းဟွေးပြည်နယ်တွင် ၁၉၆၆ ခုနှစ်မ‌ှာ မွေးဖွားခဲ့သည်။
မိဘများသည် စပါးစိုက်သည့် လယ်သမားများဖြစ်ပြီး ၎င်းတို့ ကွယ်လွန်သွားသောအခါ သူ့ထက် အသက်ကြီးသည့် မွေးချင်းတို့က ချွမ်ဖူကို စောင့်ရှောက်ပေးခဲ့ကြသည်။

Central South Industrial University (ယခု Central South University) တွင် ဓာတုဗေဒ သင်ယူရန် ပညာသင်ဆု ချွမ်ဖူ ရရှိခဲ့သည်။ 
ဘက်ထရီနည်းပညာဖြင့် ပါရဂူဘွဲ့ကို Beijing Non-Ferrous Metal General Research Institute (ယခု GRINM Group) တွင် ရယူခဲ့သည်။ 

အစိုးရဝန်ထမ်း သုတေသီအဖြစ် နှစ်အနည်းငယ် လုပ်ကိုင်ခဲ့ပြီးနောက် ချွမ်ဖူသည် ရှန်ကျန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ရှန်ကျန်းတွင် တရုတ်ပြည်၏ ပထမဆုံးဖြစ်သော အထူးစီးပွားရေးဇုန်ကို ထူထောင်လုပ်ကိုင်စဉ် အသက် ၂၉ နှစ်ရှိသူ ချွမ်ဖူသည် တစ်ဝမ်းကွဲတော်စပ်သူ Lu Xiangyang နှင့်အတူ ဆဲလ်ဖုန်း ဘက်ထရီ ထုတ်လုပ်ရေး ကုမ္ပဏီ ထူထောင်သည်။ အမည်ကို BYD ဟု အမည်ပေးသည်။

ချွမ်ဖူက အမည်ပေးခဲ့စဉ်က BYD တွင် မည်မည်ရရ အဓိပ္ပာယ် မရှိခဲ့ကြောင်း၊ နောက်နောင်ကျမှ သင့်အိပ်မက်များ တည်ဆောက်ပါ Build Your Dreams အတိုကောက်ဟု အဓိပ္ပာယ် ဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အိပ်မက်များ အောင်မြင်လာသောအခါ BYD သည် သင့်ဒေါ်လာများကို ယူဆောင်လာပါ "Bring Your Dollars" ဟု ချွမ်ဖူက အရွှန်းဖောက်ပြီး အဓိပ္ပာယ် ဖွင့်သည်။


ဆဲလ်ဖုန်း ဘက်ထရီ အောင်မြင်ခြင်း

ကုမ္ပဏီကို တဝမ်းကွဲတော်စပ်သူထံမှ ကန်ဒေါ်လာ ၃ သိန်းဝန်းကျင် ရှိသည့် ယွမ်ငွေဖြင့် စတင်သည်။ ရုံးအဆောက်အဦတခု၊ စက်ရုံတခု ထားရှိသည်။ 

စလုံးရေစ အစကတည်းက BYD တွင် ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာတခု ရှိသည်။ ၎င်းမဟာဗျူဟာမှာ အဓိက ဆုပ်ကိုင်ထားသည့် အချက် နှစ်ချက် ပါဝင်သည်။
• အောင်မြင်သော ထုတ်ကုန်များကို အတုယူပြီး သူ့ထက် သက်သာအောင် ပြုလုပ်ပါ။ 
• ကုန်ကျစရိတ်ကို တတ်နိုင်သမျှ နည်းအောင် ထားပါ။

ရည်ရွယ်ချက်မှာ Toyota၊ Sanyo နှင့် Sony တို့ကဲ့ ထုတ်လုပ်သော ထုတ်ကုန်များကို ပုံတူပွားရန်ဖြစ်ပြီး ၎င်းတို့ကို ဂျပန်ထက် စျေးသက်သာစွာဖြင့် ပြုလုပ်ရန်ဖြစ်သည်။

ချွမ်ဖူသည် ဈေးကြီးသော စက်များ ဝယ်ယူမည့်အစား လူအားကို သုံးသည်။ ကာလတို ကန်ထရိုက်ဖြင့် လုပ်သားအများအပြားကို ငှားရမ်းသည်။ သို့ဖြစ်ရာ လစာတိုးပေးရန် မလိုချေ။

BYD အောင်မြင်သည်။ ၂၀၀၂ ခုနှစ်တွင် အားပြန်သွင်းနိုင်သော ဘက်ထရီဈေးကွက်ကို BYD လွှမ်းမိုးထားသည်။ ၎င်း၏ဖောက်သည်များတွင် Motorola၊ Nokia၊ Sony Ericsson နှင့် Samsung တို့ပါဝင်သည်။
ချွမ်ဖူသည် Forbes ၏ တရုတ်သူဌေးစာရင်းတွင် စာရင်းဝင်သွားသည်။ 


အရောင်းရဆုံးကား ထုတ်လုပ်ခြင်း 
၂၀၀၃ ခုနှစ်တွင် ချွမ်ဖူသည် အရှုံးပေါ်နေသည့် ကားထုတ်လုပ်ရေးလုပ်ငန်း Tsinchuan Automobile ကို ဝယ်ယူလိုက်သည်။ BYD Auto ဟု အမည်ပြောင်းလိုက်သည်။

BYD အီလက်ထရွန်းနစ်သည် ဆဲလ်ဖုန်းများအတွက် ဘက်ထရီများနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သည်။ 
BYD Auto က ကားများ ထုတ်လုပ်သည်။

၂၀၀၅ ခုနှစ်တွင် BYD က F3 ဆီဒင်မော်ဒယ်ကို ထုတ်လုပ်သည်။ Toyota Corolla ကို ပုံတူကူးချထားသည်။ ဈေးနှုန်းက Corolla ထက် သက်သာသည်။ တရုတ်ပြည်တွင် အရောင်းရဆုံး ကားမော်ဒယ် ဖြစ်လာသည်။


ကမ္ဘာ့ထိပ်သီး ရင်းနှီးမြှုပ်နှံသူ ဝါရင်ဘတ်ဖက် ပါဝင်ခြင်း
ဝါရင်ဘတ်ဖက်သည် တရုတ်ပြည် ကားလုပ်ငန်း တဟုန်ထိုး ကြီးထွားနေသဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံကာ အမြတ်ထုတ်ရန် စူးစမ်းလေ့လာသည်။ သူ့ညာလက်ရုံး ချာလီမန်ဂါက BYD ကို လက်ညှိုးထိုးပြခဲ့သည်။

"ဒီလူက Thomas Edison နှင့်  Jack Welch (General Electric စီအီးအို) ပေါင်းစပ်ထားတဲ့သူ။ အက်ဒီဆင်လို နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးတယ်။ Welch လိုမျိုး သူလုပ်စရာရှိတာကို ပြီး‌ေမြာက်အောင် လုပ်တယ်။ သူ့လိုလူမျိုး ငါတခါမှ မတွေ့ဖူးဘူး" ချွမ်ဖူအကြောင်း  ချာလီမန်ဂါက ဝါရင်ဘတ်ဖက်ကို ပြောပြသည်။ 

လုပ်ငန်းခွင်ကို လေ့လာရေး လာရောက်ကြည့်ရှုသောအခါ ချွမ်ဖူက သူထုတ်လုပ်သည့် ဘက်ထရီ သန့်ရှင်းကြောင်း သက်သေထူပြရန် ရင်းနှီးမြှုပ်နှံသူများ၏ ရှေ့မှောက်မှာ ဘက်ထရီထဲမှ အရည်ကို သောက်ပြခဲ့သည်။ 

ဝါရင်ဘတ်ဖက်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၀၈ ခုနှစ်တွင် Berkshire Hathaway က BYD ၏ အစုရှယ်ယာ ၂၂၅ သန်းကို ဝယ်ယူပြီး BYD တ‌ွင် ကန်ဒေါ်လာ ၂၃၂ သန်း ရင်းနှီးမြှုပ်နှံသည်။

ဝါရင်ဘတ်ဖက်၏ အရှိန်အဝါကြောင့် BYD မှာ ရင်းနှီးမြှုပ်နှံကြသည်။ ရှယ်ယာများ ဝယ်ယူကြသည်။ BYD  ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၅.၁ ဘီလီယံသို့ မြင့်တက်သွားသည်။ ၂၀၀၉ ခုနှစ် Forbes တရုတ်သူဌေးစာရင်းတွင် ချွမ်ဖူသည် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးသို့ ရောက်သွားသည်။


လိုက်လျောညီထွေရှိခြင်းနှင့် စူးစိုက်ခြင်း

လုပ်ငန်းရှင် စီအီးအိုများတွင် အီလွန်မတ်နှင့် ဂျက်မားတို့သည် လူသိရှင်ကြား ပွဲဆူအောင် လုပ်တတ်ကြသည်။ Chuanfu သည် ခပ်လျှိုလျှိုနေသည်။ တရုတ်အစိုးရ မျက်မုန်းကျိုးခြင်းမှ ကင်းဝေးသည်။

ချွမ်ဖူသည် ကိုဗစ်ကပ်ရောဂါကာလအတွင်း မတ်စ်များကို အစောဆုံး  စတင်ထုတ်လုပ်သည့် ပထမဆုံး တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ လအနည်းငယ်အတွင်း ကမ္ဘာ့အများဆုံး မတ်စ် ထုတ်လုပ်သူ ဖြစ်လာသည်။

Bloomberg Billionaires Index အရ ချွမ်ဖူသည် အသားတင်တန်ဖိုး ကန်ဒေါ်လာ ၁၄.၈ ဘီလီယံ ရှိသူဖြစ်ပြီး စာရင်းတွင် အဆင့် ၁၃၂ မှာ ရောက်ရှိနေသည်။
 

Source SCHMP, WSJ, Business Insider, Reuters, Bloomberg 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 263 times