Covid-19 ရောဂါ ကူးစက်မှုအခြေအနေများကြောင့် ယာယီပိတ်ထား သည့် မော်တော်ယာဉ်နှင့်ဆက်စပ်သည့် လုပ်ငန်းများထဲမှ ကနဦးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှစ၍ Online Booking စနစ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။
ထိုသို့ဖွင့်လှစ်ရာတွင် တစ်ရက်လျှင် ထောက်ကြန့်ကညနရုံး၌ အစီး ၁၄၀၊ မန္တလေးကညနရုံး၌ အစီး ရှစ်ဆယ်၊ နေပြည်တော်နှင့် ရွာသာကြီးကညနရုံးတို့၌ အစီး ငါးဆယ်စီ ခွင့်ပြုမည်ဖြစ်သည်။
Online Booking စနစ်ဖြင့် ပြန်လည်ခွင့်ပြုလိုက်ခြင်းကြောင့် ကား ဈေးကွက် ပြန်လည် လှုပ်ခတ်လာသည်ဆိုသော်လည်း ကူးစက်မှုအခြေအနေများကြောင့် နယ်အဝယ်များမရှိ၍ ပြည်တွင်းထုတ်ကားများမှာ အဝယ်ဆက်ပြီး အေး နေသည်။
လက်ရှိတွင် မော်တော်ယာဉ်အသစ်များ ကနဦးမှတ်ပုံတင်ခွင့် ပြန်လည်ခွင့်ပြုခြင်းကြောင့် ဈေးကွက် ပြန်လည် လှုပ်ခတ်လာသည်။ ဒေါ် လာဈေးကျခြင်းနှင့် အခွန်သက်သာခွင့်များ ရရှိထားခြင်းတို့ကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းရောင်းချလာသည့် ကားများအပေါ် စိတ်ဝင်စားသူ ပိုများသွားသည့်အတွက် ပြည်တွင်းထုတ် SKD ကားများ အဝယ်ပြန် အေးသွားသည်။ ကားသစ်ဈေးကွက်တွင် ကျပ်သိန်းလေးရာဝန်းကျင်ကားများ ရေပန်းစားနေပြီး ဝယ်ယူသူလည်း ပိုများလာရာ ဈေးကွက်အကြိုက် ညာမောင်းကားများမှာ ကားအမျိုးအစားနှင့် အက္ခရာအပေါ်မူတည်၍ ဈေးကျသွားသည်။
“ကညန ပိတ်ထားတဲ့အတွက်ကြောင့် အရောင်းအဝယ်လုပ်ရတာ အခက်အခဲတော့ ရှိပါတယ်၊ ဒါပေမဲ့လည်း ဝယ်ယူသူဘက်က Cancel ပြန်လုပ်သွားတာမျိုးတော့ မရှိပါဘူး၊ အခု RTAD ပြန်ဖွင့်လိုက်တဲ့အတွက် အရောင်းအဝယ် ပြန်ကောင်းလာမလားဆိုတာက ခန့်မှန်းခြေက ၅၀ ရာ ခိုင်နှုန်းပဲ ရှိပါတယ်၊ ဝန်ထမ်းပါမစ်ကလည်း ထွက်လာပြီဆိုတော့ အခြေ အနေစောင့်ကြည့်ရဦးမှာပါ”ဟု Hyundai Motor Myanmar မှ Marketing Manager ကိုမျိုးဝင်းက Automobile News Journal ကို ပြောသည်။
Automobile News Journal