လမ်းမထက်ကကီလိုလျှော့ပြဿနာ


မြန်မာနိုင်ငံ၏လမ်းမများတွင်အရေအတွက်အများဆုံးအသုံးပြုသူအများဆုံးကားဆိုပါကဂျပန်ကားများပင် ဖြစ်သည်။ 

ဈေးနုန်းသက်သာခြင်း ၊ အကြမ်းခံခြင်း၊ အပိုပစ္စည်းပေါများသည်ဟုဆိုသောဂျပန်ကားများကိုမြန်မာနိုင်ငံမှ ကားစီးနင်းသူအများစုကရွေးချယ်ပြီးစီးနင်းသောကြောင့်ဈေးကွက်ဝေစုအများဆုံး ရရှိထားခြင်းဖြစ်သည်။ 

ထို့အတွက်လည်းအာရှအင်အားကြီး ကားထုတ်လုပ်ရေးလုပ်ငန်းများတွင်အောင်မြင်နေသည့်တရုတ်နှင့် ကိုရီးယားနိုင်ငံများမှကားများကိုကျော်လွန်ပြီးဂျပန်တစ်ပတ်ရစ်ကားများကို ပြည်သူများကစွဲမြဲစွာ အသုံးပြုနေခြင်းဖြစ်သည်။

တနည်းအားဖြင့်မြန်မာနိုင်ငံမှကားစီးနင်းလိုသူများမှအရောင်းစင်တာ ၊ကားပွဲစားဝင်းများမှမဝယ်ယူလိုပါကလည်း မိမိကိုယ်တိုင်ဘဏ်အကောင့်ဖွင့်ပြီး ဂျပန်နိုင်ငံသို့လေလံဆွဲပြီးဝယ်ယူနိင်သည့်အားသာချက်ရှိခြင်းကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့်အဆိူပါအခွင့်အရေးများကောင်းသောကြောင့်ဝယ်ယူလိုသူအရေအတွက်နှစ်စဉ်တိုးပွားလာသည့် ဂျပန်တစ်ပတ်ရစ်ကားများကိုကိုယ်ကျိူးစီးပွားအမြတ်ထုတ်လိုသူမသမာသူများကကား၏အသုံးပြုထားသော ကီလိုကိုလျှော့ပြီးမသိနားမလည်သူများကိုရောင်းချသည့်ဈေးကွက်မှာတစ်စထက်တစ်စကြီးမားလာပြီဖြစ်သည်။

၎င်းကီလိုလျှော့ခြင်းကိုကားလောကတွင်ဝိတ်လျှော့သည်ဟုဆိုကာကီလိုများကိုလျှော့ပြီးဈေးကွက်တွင်ရောင်းချနေခြင်းဖြစ်သည်။

ဂျပန်နိူင်ငံမှရောက်လာစဉ်ကပါဝင်လာသည့် ကားတစ်စီးတွင်အသုံးပြုပြီးသောကီလို မှာအမှန်အတိုင်းပါဝင် လာရန်နောက်ပိုင်းတွင်ရှားပါးလာပြီဖြစ်ကြောင်းကားလေလံဆွဲသူကရှင်းပြသည်။

အခုဈေးကွက်ထဲတွင်ရောင်းနေသည့် ၈၀ ရာခိုင်နှုန်းကကီလိုအမှန်တွေရဖို့မလွယ်ပဲအရောင်းစင်တာများက တော့နည်းနည်းစိတ်ချရတယ်ကီလိုအမှန်အတိုင်းရောင်းသည်ဟုသိရသည်။

နောက်ပိုင်းလာသည့်ကားအများစုမှာကွန်ပြုတာစနစ်ဖြင့် ပြုပြင်ပြောင်းလဲ နိုင်သည့် နည်းပညာများ ပါဝင်လာသောကြောင့်အသုံးပြုပြီးသား မူလကီလိုကိုလျှော့ချရန် ပိုမို လွယ်ကူကြောင်း ၎င်းကဆိုသည်။ 

ပုံမှန်အားဖြင့်ဂျပန်နိုင်ငံတွင်သုံးနှစ်ကျော်အသုံးပြုလာသည့်ကားများမှာ ဂျပန်လေလံဈေးကွက်တွင် ကီလု၄သောင်းမှ၅သောင်းသာရှိသည်ဆိုသောကားမှာ လွန်စွာရှားပါးလှသည်။

ထို့ကြောင့်ကီလိုကိုမမှန်မကန်ရောင်းချသောဘေးမှကင်းဝေးစေရန်ကားဝယ်ယူလိုသူများအနေဖြင့်ဂျပန်နိုင်ငံမှ တင်သွင်းလာစဉ်ထဲကကားနှင့်အတူပါလာသော (ကန်ဆန်လေးရှင်း) ဆိုသည့်ယာဉ်တွင်ပါဝင်သော အချက်အလက်များရေးသားထားသည့်စာရွက်ကိုပါတစ်ပါတည်းတောင်းယူသစစ်ဆေးသင့်ကြောင်း ကားအရောင်းစင်တာပိုင်ရှင်ကအကြံပြုသည်။ 

ကားရောင်းသူအများစုမှာမူလကီလိုအတိုင်းမရောင်းဘဲကီလိုကိုလျှော့ပြီးရောင်းမှသာကားများမှာ ရေရှည်သုံးနိုင်သည်ဟုဝယ်ယုသူအပေါ်အယုံသွင်းကာရောင်းချနေခြင်းကိုသတိပြုသင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ 

ကီလိုမီတာကို ပြည်တွင်း၌လျှော့ချရန်နည်းပညာများထွက်ပေါ်နေပြီးကားတစ်စီးလျှင် ၅သောင်းမှ တစ်သိန်းကြားယူကာလုပ်ဆောင်ပေးနေသည့်လုပ်ငန်းများလည်းရှိကြောင်းကားအရောင်းစင်တာပိုင်ရှင်တစ်ဦးကပြောသည်။ 

ယင်းကဲ့သိူ့လျှော့ချလိုက်ပါကကားတစ်စီး၏တန်ဖိုးကို ၅သိန်းမှ ၁၀သိန်း အထိမော်ဒယ်ပေါ်မူတည်ကာ ဈေးတင်ရောင်းနိုင်သည့်အခြေအနေဖြစ်သွားကြောင်းဆိုသည်။

ယင်းကားများကိုဝယ်ယူမိပါကရေရှည်တွင်ကား၏ကြံံ့ခိုင်မှု အပိုင်းမှာစိတ်မချရနိုင်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်းသူများကဆိုသည်။ 

ဂျပန်နိုင်ငံမှကီလိုအနည်းဆုံးကားများကိုဂျပန်လေလံဈေးကွက်တွင်ရွေးချယ်ဝယ်ယူရန်အခက်အခဲရှိပြီး အလွန်ရှားပါးလျက်ရှိသည်။

အနည်းဆုံးကားတစ်စီးလျှင်ကီလို ၇သောင်းမှတစ်သိန်းကျော်အထိအသုံးပြု ပြီးသားကားက အများဆုံးဖြစ်ကြောင်း MMM ကားအရောင်းစင်တာမှကိုမင်းမင်းမောင်ကရှင်းပြသည်။ 

ထို့ကြောင့်အသုံးပြုထားပြီးသောကားဟောင်းကိုဝယ်ယူစီးနင်းသူများအဖို့သတိကြီးကြီးထားရန်လိုအပ်ပြီး ကီလိုလျှော့ခြင်း၏ နောက်ဆက်တွဲပြသနာများမဖြစ်လာစေရန်ကျွမ်းကျင်သည့် Service centre များတွင် ပုံမှန်ပြသရန်လိုအပ်ကြောင်းကျွမ်းကျင်သူများကအကြံပြုသည်။

ထို့ကြောင့်ကားတစ်စီးကိုဝယ်ယူမည်ဆိုပါကကီလိုလျှော့ထားခြင်းရှိမရှိကိုစစ်ဆေးခြင်းအပြင်ကား၏ condition နှင့်အင်ဂျင်ဝိုင်အခြေအနေများကိုသေချာစစ်ဆေးဝယ်ယူရန်လိုအပ်မည်ဖြစ်သည်။ 

ယခုဖြစ်ပေါ်နေသည့် ပြသနာမှာကားဟောင်းများကိုအသုံးပြုနေသည့်နိုင်ငံများတွင်သာကြုံတွေ့နေရခြင်းဖြစ်ပြီး နိုင်ငံတကာတွင်မူ ကားဟောင်းကိုဝယ်ယူအသုံးပြုသည့်နိုင်ငံမှာရှားပါးသွားပြီဖြစ်ကြောင်းမော်တော်ယာဉ် တင်သွင်းရောင်းချသူများကသုံးသပ်သည်။

သို့သော်မြန်မာနိုင်ငံမှကားဝယ်ယူစီးနင်းအသုံးပြုနိုင်သူအများစုသည် ကားသစ်များမှရောင်းချသောဈေးနှုန်းမှာ ဝယ်ယူနိုင်စွမ်းမရှိသောကြောင့်ကားဟောင်းများကိုသာ အားကိုးနေရဦးမည်ဖြစ်သည်။

သာမန်လူတန်းစားကတော့ ကားအသစ်ကိုဝယ်စီးနိုင်မှာမဟုတ်ဘူး ဂျပန် use ကိုပဲ အားကိုးနေရတာ ဆောင်ရန် ရှောင်ရန်တွေကတော့ကားဝယ်စီးမဲ့သူတိုင်းသတိထားရမှာပဲ ဝယ်ပြီးမှ ခန ခန ပျက်လို့ ကားပြန်ရောင်းရတဲ့သူတွေလဲအများကြီးပဲ ဟု ကားဝယ်ရောင်းတစ်ဦးကပြောသည်။

လက်ရှိတွင် ၂၀၁၇တွင်စတင်ကျင့်သုံးလိုက်သည့် မော်တော်ယာဉ်မူဝါဒ အသစ်အရယခင်ကကဲ့သို့ ဂျပန်ကားဟောင်းများဈေးကွက်အတွင်းသို့အလုံးအရင်းဖြင့်ဝင်ရောက်လာမှုမှာလျော့နည်းသွားပြီဖြစ်သည်။

အနိမ့်ဆုံးဂျပန်ကားများမှာ ၂၀၁၃ မော်ဒယ် အထက်နှင့် ကားများသာ အများဆုံးဝင်ရောက်လာပြီဖြစ်သည်။

၂၀၁၃ နှင့်အထက်ကားအများစုသည် ဂျပန်နိုင်ငံတွင်အချိန်အနည်းငယ်သာသုံးထားသော ကားများဖြစ်သောကြောင့်ယခင်ကားအဟောင်းများထက်စာရင်အနည်းငယ်စိတ်ချရကြောင်းကျွမ်း ကျင်သူများကပြောသည်။

လာမည့်နှစ်မှစတင်ပြီးမြန်မာနိုင်ငံတွင်ဘယ်မောင်းတစ်မျိူးတည်းကိုသာတင်သွင်းခွင့်ပေးမည်ဆိုခြင်းနှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကိုဦးစားပေးမည်ဆိုခြင်းကြောင့်လဲအထက်ပါ ကားဟောင်းများ၏ကီလိုလျှော့ ပြဿနာမှကင်းဝေးသွားမည်ဖြစ်သည်။

 

Read 3696 times