Omicron သောကနဲ့အတူ ကျင်းပနေတဲ့ Motor Expo 2021


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Motor Expo 2021 ပြပွဲကျင်းပလျက် ရှိပြီး နောက်ဆုံးထုတ် ကားမော်ဒယ်များကို ခင်းကျင်းပြသထားပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

ပြပွဲစတင်မယ့် ရက်နီးချိန်မှာ Covid-19 ဗီဇမျိုးကွဲသစ်   Omicron  သတင်း ထွက်ပေါ်လာတဲ့အတွက် ကားထုတ်လုပ်သူများအကြား စိုးရိမ်ပူပန်မှုများ ရှိနေတဲ့ကြားမှာ  Motor Expo 2021 ပြပွဲကို ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံ အီးဗီခေတ်ကို ရောက်ရှိဖို့ ရည်ရွယ်ပါတယ်။ 


Omicron ဟာ သေနိုင်လောက်အောင် ပြင်းထန်တဲ့ ဗိုင်းရပ်စ် ဖြစ်နေခဲ့ရင် ကားလုပ်ငန်းကဏ္ဍနဲ့တကွ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေလိမ့်မယ်လို့ ထိုင်းနိုင်ငံမှာ  Izusu ကားတွေ ဖြန့်ဖြူးနေတဲ့ Tri Petch Isuzu Sales Co ရဲ့ ဒုဥက္ကဋ္ဌ  Takeshi Kasahara က bangkokpost သတင်းမီဒီယာကို ပြောကြားပါတယ်။  Omicron ကူးစက်မှုကို ကာကွယ်တားဆီး ထိန်းချုပ်ဖို့ နိုင်ငံအများပြားတို့မှာ လော့ဒေါင်းတွေ ချမှာကိုလည်း အထူးစိုးရိမ်ကြတယ်။  ကမ္ဘာ့စီးပွားရေးက တာလန်ထဖို့ အရှိန်စယူနေစဉ် စက်သေပြီး ထိုးရပ်သွားနိုင်တယ်။ 

Isuzu  က ထိုင်းနိုင်ငံမှ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံတွေကို ယာယီပိတ်ထားဖို့ အစီအစဉ် မရှိပါဘူး။ တကယ်လို့ အစိုးရက လော့ဒေါင်းချရင်လည်း စက်ရုံတွေမှာ ယခင်က ကပ်ရောဂါနဲ့အတူ ဘယ်လို လုပ်ကိုင်ရသလဲဆိုတာ အတွေ့အကြုံများ ရထားပြီးသား ဖြစ်လို့ ဆက်လက် လုပ်ကိုင်သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်ပြည်မှာ SUV (sport utility vehicle) ထုတ်လုပ်သူ Great Wall Motor (GWM) ကလည်း Omicron ပေါ်လာတဲ့အတွက် စိုးရိမ်မကင်း ဖြစ်ပါတယ်။ ၎င်းရဲ့ ရှေ့ဆက်မယ့် စီးပွားရှာ အစီအစဉ်တွေကို အနည်းနဲ့အများ ထိခိုက်မှာကို ပူပန်ပါတယ်။ 
"တကယ်လို့ Omicron က အဆိုးဝါးဆုံး ဖြစ်လာတယ်ဆိုရင် ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံအတွက် မဟာဗျူဟာကို ပြန်သုံးသပ်ရလိမ့်မယ်" လို့ Great Wall Motor Asean and Thailand ရဲ့ ဥက္ကဋ္ဌ Elliot Zhang က ပြောကြားပါတယ်။ 
ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံကို အချက်အချာပြုပြီး မလေးရှား၊ ဗီယက်နမ်နဲ့ တောင်အာဖရိက ကားဈေးကွက်များထံ ထုတ်လုပ်တင်ပို့ဖို့ မဟာဗျူဟာ ချမှတ်ထားပါတယ်။ 
 Nissan Motor (Thailand) ရဲ့ ဥက္ကဋ္ဌ Isao Sekiguchi က ကုမ္ပဏီအနေဖြင့် Omicron ကို မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။  Nissan က ထိုင်းကားဈေးကွက်မှ ယခုဘဏ္ဍာရေးနှစ်အတွင်း ကားစီးရေ ၇၀၀,၀၀၀ မှ ၇၅၀,၀၀၀ ရောင်းချရဖို့ မျှော်မှန်းထားပါတယ်။ 

ကျန်တဲ့ကားကုမ္ပဏီတွေကတော့ ချစ်ပ် အလုံအလောက်မရလို့ ထုတ်လုပ်စီးရေ လျှော့ချရာထားနေချိန်မှာ Omicron ပျံ့နှံ့ကူးစက်မှုူ ပေါ်ပေါက်လာလို့ ၂၀၂၂ အတွက် ကားအရောင်းပမာဏကို မျှော်မှန်းဖို့ စောနေသေးတယ်လို့ ယူဆကြပါတယ်။ 

ထိုင်းအစိုးရက အီးဗီ ထုတ်လုပ်ရေးကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ 
အီးဗီဖွံ့ဖြိုးရေးနဲ့ အီးဗီးစည်းမျဉ်းစည်းကမ်း ဥပဒေအသစ်များနဲ့ အညီ ဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲပေးသွားဖို့ အစိုးရရဲ့ အစီအစဉ်ကို Isuzu က သဘောတူပါတယ်။ 
Nissan ကလည် အစိုးရနဲ့ အတူလက်တွဲပြီး အီးဗီကဏ္ဍ ဖွံ့ဖြိုးရေးကို လုပ်ဆောင်လိုပါတယ်။  အစိုးရမှ ဘက်ထရီအားသွင်းဖို့ အခြေခံအဆောက်အအုံများ ပံ့ပိုးခြင်း၊ အခွန်လျှော့ပေါ့ခြင်း အစရှိတဲ့ ထောက်ကူမှုများ ရှိနေမယ်ဆိုရင် အီးဗီရောင်းအား ဆက်လက်မြင့်တက်သွားမယ်လို့ ယုံကြည်ပါတယ်။ 

GWM ကတော့ ၂၀၂၁-၂၃ ကာလအတွင်း အီးဗီမော်ဒယ် ၉ မျိုး ထုတ်လုပ်သွားမှ ဖြစ်ပါတယ်။ အီးဗီကို အာဆီယံဈေးကွက်ထဲ ချဲ့ထွင်သွားဖို အစီအစဉ် ရှိပါတယ်။ 

Read 1639 times