အင်ဂျင်တစ်လုံးတွင် အင်ဂျင် ဘလောက် ဆလင်ဒါများအပေါ်မှ ဖုံးအုပ်ထားသော ဆလင်ဒါဟတ် (Cylinder Head)သည် အင်ဂျင် လည်ပတ်မှုအတွက် အဓိကကျသော အစိတ်အပိုင်း ဖြစ်သည်။
ဆလင်ဒါ Head ကို အင်ဂျင် Head ဟုလည်း ခေါ်ကြသည်။
ဆလင်ဒါ Head တွင် Valve Mechanism နှင့် Camshaft တည်နေရာကိုလိုက်၍ OHV (Over-head Valve) အင်ဂျင်နှင့် OHC (Overhead Camshaft) အင်ဂျင်ဟူ၍ (၂) မျိုးခွဲခြားထားသည်။
Camshaft သည် အင်ဂျင် ဘလောက်အတွင်းတည်ရှိပါက OHV ဟုခေါ်ပြီး၊ Cylinder Head တွင် Camshaft ရှိပါက OHC အင်ဂျင်ဟု ခေါ်သည်။
ခေတ်ပေါ် လူစီးကားများတွင် OHC အင်ဂျင်အမျိုးအစားကို သုံးသည်။
ဗားအရေအတွက်များသော အင်ဂျင်များတွင် Camshaft (၂) ချောင်းပါ၍ Double Overhead Cylinder (DOHC) အင်ဂျင်ဟုခေါ် သည်။
Variable Valve Timing နည်းပညာသည် DOHC အင်ဂျင်အမျိုး အစား၌သာ တည်ဆောက်၍ရသည်။
OHC ဆလင်ဒါ Head တွင် Camshaft, Valves, Injectors များ, Spark plug များကို သူ့နေရာနှင့်သူ တပ်ဆင်အထိုင်ချထားသည်။
ဆလင်ဒါဟတ်အတွင်းပိုင်းတွင် အအေးခံရေလိုင်းများ၊ ချောဆီလိုင်းများ၊ Intake Valve အတွက် လေဝင်လိုင်းများ၊ Exhaust Valve အတွက် အိတ်ဇော အငွေ့ထွက်ရန်လိုင်းများ ပါရှိသည်။
ဆလင်ဒါ Head နှင့် အင်ဂျင်ဘလောက်ကြားတွင် ဂတ်စ်ကတ်ပြားခံပြီး Head Bolts များနှင့် တင်းကြပ်စွာ ဖမ်းတွယ်ထားသည်။
ဆလင်ဒါ Head ကို သံကြွပ်ဖြင့် လည်းကောင်း၊ အလူမီနီယမ် အပေါ့စားသတ္ထုဖြင့်လည်းကောင်း ပြု လုပ်ထားသည်။
အလူမီနီယမ် သတ္ထုစပ်ဖြင့်ပြုလုပ်သော ဆလင်ဒါ Head သည် အလေးချိန် ပေါ့ပါးသော်လည်း ပျက်စီးပွန်းစားလွယ်သည်။
အင်ဂျင် အပူလွန်ကဲမှု ဖြစ်ပေါ်ပါက အလူမီနီယမ်သတ္ထုသည် အပူကြောင့်ထုထည် ပွတက်လာပြီး လိမ်ကောက်သွားနိုင်သည်။
ဆလင်ဒါ Head တွင် အထိုင်ချထားသော Camshaft နှင့် ဗားများ အထိုင်မှားနိုင်သည်။ အလိုင်းမင့်လွဲ သွားနိုင်သည်။
အင်ဂျင်အအေးခံစနစ် အမှား တစ်ခုခုကြောင့် အင်ဂျင်အပူချိန် အလွန်အမင်း တက်သွားပါက ဆလင်ဒါ Head ထုထည် ကားထွက်ကျယ်ပြန့်လာပြီး ဂတ်စ်ကတ်ပေါက်ပြဲပြတ်ထွက်မည်။
ဗားများနှင့် Camshaft ကို ဒုက္ခပေးမည်။ ဆလင်ဒါဟတ် မျက်နှာပြင် တွန့်လိမ်သွားပြီး အင်ဂျင် Compression မလုံတော့ဘဲ လေဟာနိုင်သည်။
အလူမီနီယမ်ဆလင်ဒါ Head ပျက်စီးခြင်း အကြောင်းတရားသည် အပူလွန်ကဲမှု ဖြစ်ပွားရခြင်းကြောင့် ဖြစ်သည်။
အင်ဂျင်ချောဆီစနစ်ထိန်းသိမ်းမှုအားနည်းလျှင်လည်း ဆလင်ဒါ Head နှင့် Camshaft ဘယ်ရင်များ ပျက်စီးနိုင်သည်။
အင်ဂျင်ဝိုင်ချောဆီ ပုံမှန်လဲလှယ်မှုမလုပ်ခြင်း၊ ချောဆီ အရည်အသွေး ညံ့ဖျင်းခြင်း၊ အင်ဂျင် ဝိုင်ဂရိတ် ရွေးချယ် သုံးစွဲမှု မမှန်ကန် ခြင်းများသည်လည်း ဆလင်ဒါဟတ်၊ ဗားများနှင့် Camshaft များပျက်စီး၍ သက်တမ်း တိုရခြင်းဖြစ်သည်။
ထုတ်လုပ်သူ ညွှန်ကြားသော အင်ဂျင်ဝိုင် အမျိုးအစားကိုမသုံးခြင်း၊ အလွန်အေးသော ဆောင်းရာသီတွင် Viscosity မြင့်သော ချောဆီများ၊ အရည်အသွေးညံ့သော ချောဆီများကို သုံးမိခြင်းတို့ကြောင့် ဆလင်ဒါ Head,valve နှင့် ကမ်ရှပ် Camshaft အထိုင် များ ပွန်းစားပြီး သက်တမ်းတိုနိုင်သည်။
ကမ်ရှပ် (Camshaft) ဘယ်ရင်အထိုင် ဂျာနယ်နေရာတွင် ပွန်းစား၍ ဘဲဥပုံလိုက်ခြင်း (Out of round) သည် 0.001 inch ထက် မများသင့်ပါ။
အပူကြောင့် ဆလင်ဒါ Head ကွေးကောက်သွားလျှင်လည်း Out-of flat ကွာဟမှုသည် 0.002 inch ထက် မများသင့်ပါ။
OHC ဆလင်ဒါဟတ်များသည် ပြင်းထန်သောအပူနှင့် မီးလောင်ပေါက်ကွဲ ဖြစ်ပေါ်လာသော တွန်းကန်အားများကြောင့် သတ္ထုအက်ကြောင်းများ ဖြစ်ပေါ်တတ်သည်။
အက်ကြောင်း၊ အကွဲကြောင်းများသည် သာမန်မျက်စိဖြင့် စစ်ဆေး၍မရနိုင်လောက်အောင် သေးငယ်နေတတ် သည်။