O/D ခလုတ် ဆိုတာဘာလဲ?


O/D ခလုတ်ဆိုတာ over drive မမောင်းချင်ရင် ပိတ်လို့ရအောင် off ခလုတ် တပ်ဆင်ပေးထားတာပါ။ ကားတိုင်းတော့ မပါပါဘူး။

Over drive ဆိုတာကတော့ အင်ဂျင်ရုန်းအားကို လျှော့ချပီး အမြန်နှုန်းကို မြင့်စေသောကြောင့် ဆီစားသက်သာမယ် ၊ အင်ဂျင်သက်သာမယ် ၊ ဆူညံမှု နည်းမယ် ၊ ခရီး ရောက်မယ်။(ရိုးရိုးဂီယာဆို နံပါတ် ၅ နဲ့ မောင်းနေသလိုပေါ့)

O/D နှိပ်ထားရင် ထူးခြားမှု

O/D off ဆိုတဲ့ မီးဝါလေး လင်းလာပါမယ်။ Over drive မဖြစ်စေအောင် စတင်အလုပ် လုပ်နေပါပြီ။ ဥပမာ-D နဲ့ မောင်းနေသော်လည်း D တာဝန်ကို အပြည့်မလုပ်ဘဲ နောက်ဆုံး ဂီယာတစ်ချက် မဝင်ဘဲ သွားနေမှာပါ။ လီဘာနင်းရင် အထသွက်မယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အင်ဂျင်အပတ်ရေထက် နောက်ကျပြီးမှ ဂီယာချိန်းလို့ပါ။ အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါဘူး။ (ရိုးရိုးဂီယာဆို လီဘာကုန်နင်းပီးမှ ဂီယာ ချိန်းသလိုပေါ့)

O/D off ကို ဘယ်အချိန်သုံးမလဲ?

တောင်တက် တောင်ဆင်းလမ်းတွေ ၊ လမ်းချောနေချိန် (မိုးများ၊ နှင်းကျချိန်) ၊ ကီလို ၆၀ ဝန်းကျင် ကားကျော်တက်ချိန်။ O/D off ကို တောင်အတက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ O/D မပိတ်ဘဲ D ဖြင့် ပုံမှန်မောင်းနေပါက ဂီယာဘောက်အတွင်းမှာ ဂီယာခဏခဏ ချိန်းရသဖြင့် ဆီပူလာပြီး ကလပ်ပလိတ် နာကာ ဂီယာပျက်စီးတတ်ပါတယ်။ လမ်းချောချိန် ၊ တောင်တက်တောင်ဆင်းတွေမှာ အရှိန်လွန် မောင်းနှင်မူမဖြစ်တော့ပါ။ လမ်းကောင်း၍မြေပြန့်၌သုံးမယ်ဆိုရင် ဂီယာတစ်ချက်ကျန်နေသောကြောင့် ဆီစားမယ်။(ရိုးရိုးဂီယာဆို နံပါတ် ၅ မချိန်းဘဲ ၄ နဲ့ ပေမောင်းနေသလိုပေါ့)

ကြာကြာမောင်းရင် အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်။မလိုအပ်ဘဲ O/D off မီးဝါလေး မလင်းထားပါနဲ့ ၊ အရှိန်အလွန်များနေချိန် ဂီယာဒေါင်းတဲ့ ခလုတ် မဟုတ်ပါ။ O/D အလုပ် လုပ်ပုံ နားလည်သွားရင် အဆင်ပြေပါပြီ။

Credit: ကိုတိုး

Read 1456 times