NYK Line ကားကုန်းလမ်းပို့ဆောင်ရေး ရုရှားကို စွန့်ခွာရန်ပြင်ဆင်
NYK Line ဟု လူသိများသော ဂျပန်သင်္ဘောကုမ္ပဏီ Nippon Yusen က ရုရှားနိုင်ငံရှိ ၎င်းလုပ်ကိုင်လျက်ရှိတဲ့ မော်တော်ယာဉ် ကုန်လမ်းပို့ဆောင်ရေး လုပ်ငန်းကို စွန့်ခွာဖို့ ပြင်ဆင်ဆောင်ရွက် နေပါတယ်။
NYK Line မော်တော်ယာဉ် ပို့ဆောင်ရေး ယာဉ်တွဲ
NYK Line က ရုရှားမှာ မော်တော်ယာဉ်များအတွက် ကုန်လမ်းပို့ဆောင်ရေး ဝန်ဆောင်မှုကို ၎င်းရဲ့ လက်အောက်ခံလုပ်ငန်း NYK Auto Logistics (Rus) ဖြင့် လုပ်ကိုင်ပါတယ်။ စက်ရုံမှ ထုတ်လုပ်ထားသော ကားအသစ်များ ပို့ဆောင်ရေး၊ သင်္ဘောတင်ရန် ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ ထားသိုရန် နေရာစီစဉ်ပေးခြင်းတို့ကို ဝန်ဆောင်မှုများ ပေးအပ်တဲ့ လော့ဂျစ္စတစ်လာပ်ငန်းအဖြစ် ရပ်တည်လုပ်ကိုင်ပါတယ်။
ရုရှားမှာ အကြီးဆုံး ကားရောင်းဝယ်ရေးလုပ်ငန်း Rolf လက်အောက်မှ လော့ဂျစ္စတစ်လုပ်ငန်းခွဲ Rolf Logistic LLC မှာ NYK Line က အစုရှယ်ယာ ၅၁% ကို ၂၀၁၂ မှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ လော့ဂျစ္စတစ် လုပ်ငန်းတစ်ခုလုံးကို ဝယ်ယူခဲ့ပြီး NYK Auto Logistics (Rus) အမည်ဖြင့် လုပ်ကိုင်ပါတယ်။
စက်ရုံများမှ ထုတ်လုပ်လိုက်တဲ့ မော်တော်ယာဉ်အသစ်များကို ကားသယ်ထရပ်ကားများ၊ ရထားများဖြင့် ရုရှားပြည်တွင်းဈေူကွက်ထဲ လိုက်လံပို့ဆောင်ပေးပါတယ်။
မတ်လကုန်မှာ ပြီးဆုံးတဲ့ ဘဏ္ဍာရေးနှစ်အတွင်း အကြမ်းအားဖြင့် မော်တော်ယာဉ် စီးရေ ၁၈၀,၀၀၀ ကို NYK Auto Logistics (Rus)က ပို့ဆောင်ပေးခဲ့ပါတယ်။
၎င်းဘဏ္ဍာရေးနှစ်အတွင်း ရုရှားပြည်တွင်းဈေးကွက် မော်တော်ယာဉ် ရောင်းချစီးရေ ၁၀% ကို NYK Auto Logistics (Rus) က ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ ရုရှားကို ဒဏ်ခတ်အရေးယူထားခြင်းကြောင့် မော်တော်ယာဉ်အသစ် ထုန်လုပ်မှုများ ရပ်ဆိုင်းကုန်သဖြင့် NYK Auto Logistics (Rus) အနေဖြင့် သယ်ယူပို့ဆောင်စရာ ကားများ ယခင်လို ရရှိဖို့ ခက်ခဲနေပါတယ်။
ကုန်စည်အနည်းငယ်မျှကိုသာ ဝန်ဆောင်မှု ပေးအပ်လျက် ရှိပါတယ်။
ရုရှားမှာ လုပ်ကိုင်တဲ့ မော်တော်ယာဉ် ကုန်လမ်းပို့ဆောင်ရေး အချိုးအစားက NYK Line ရဲ့ မော်တော်ယာဉ် ကုန်လမ်းပို့ဆောင်ရေးရဲ့ ၁၅% ရှိပါတယ်။
NYK Line က NYK Auto Logistics (Rus) ကို ရောင်းချပြီး ရုရှားမှ ထွက်ခွာနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။