ယာဉ်နံပါတ်နှင့်အက္ခရာသတ်မှတ်ပေးခြင်း သမိုင်းကြောင်း သိကောင်းစရာ


မော်တော်ယာဉ်တစ်စီးကိုမှတ်ပုံတင်ရန် စာရင်းတင်သွင်းသည့်အခါ ၎င်းယာဉ်ကို ခွဲခြား သိရှိရန် နံပါတ်တစ်ခု သတ်မှတ်ပေးရပါသည်။ ထိုသို့သတ်မှတ်ပေးရေးအတွက် ၁၉၁၅ ခုနှစ်၊ မြန်မာနိုင်ငံတော် မော်တော် ယာဉ်နည်းဥပဒေများ ၁၈(က)နှင့်(ခ)အရ ပြဌာန်းခဲ့ပါသည်

(က) ပုဒ်မ၁၈(က)ရန်ကုန်မြို့မှရာဇဝတ်ဝန်ကြီးကမော်တော်ယာဉ်ကိုမှတ်ပုံတင်စာရင်း တင်သွင်းသည့်အခါနံပါတ်တစ်ရပ်ပေးအပ်မည်။ဗြိတိသျှအိန္ဒိယနိုင်ငံတော်အတွင်းမှာသာအတည်ဖြစ်သည့်အချက်တွင်၎င်းနံပါတ်တွင် ရှေ့က “R”ဆိုသည့် အက္ခရာစာလုံးနှင့် ထည့် သွင်းပါရှိစေရမည်။

( ခ) ပုဒ်မ ၁၈(ခ)၎င်းနံပါတ်မှ အကြီးဆုံးဂဏန်း “၉၉၉၉”သို့ ရောက်ရှိသည့်အခါတိုင်းတွင်မှတ်ပုံတင်စာရင်းတင်သွင်းရန် ယူဆောင်လာသည့် မော်တော် ယာဉ်များကို “၁”ကစ၍နံပါတ်စဉ်အသစ်တိုးတပ်ရမည်။ ၎င်းနံပါတ်ရှေ့က “R”ဆိုသည့် အက္ခရာစာလုံးနှင့်တကွ အခြားအက္ခရာစာလုံးတစ်လုံးကိုလည်း ထည့်သွင်းရမည်။ ထည့်သွင်းသည့် ဒုတိယစာလုံးအတွက် အင်္ဂလိပ်ဘာသာအက္ခရာစာလုံးများကို အစဉ်အလိုက် အသုံးပြုရမည်။ ဥပမာ “RA” “RB” “RC”စသည်များဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ၁၉၅၃ခုနှစ်၊ဇန်နဝါရီလ၂ရက်၊ရက်စွဲပါပြန်တမ်းဖြင့်နိုင်ငံတော်သမ္မတသည် ၁၉၁၅ ခုနှစ်၊ မြန်မာနိုင်ငံတော် မော်တော်ယာဉ်နည်းဥပဒေများအား အောက်ပါအတိုင်း ထည့်သွင်းခဲ့သည်-

(က)၁၈(က)မော်တော်ယာဉ်တစ်ခုခုကိုမှတ်ပုံတင်စာရင်းတင်သွင်းသည့်အခါမြန်မာဂဏန်းများသာဖြစ်ရမည်။ ဥပမာ-၁၊ ၂၊ ၃ စသည့်ဂဏန်းများ။

( ခ)၁၈ (ခ) ပထမအက္ခရာ “က”ကို သုံးရန်၊ (၉၉၉၉)ရောက်သည့်အခါ ဒုတိယအက္ခရာ(ခ/၁) (ဂ/၁)(ဃ/၁)(င/၁)အက္ခရာနှင့် ဂဏန်းများကို ဒေါင်လိုက်မျဉ်းတစ်ကြောင်းဖြင့် ခွဲခြားထားရမည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ရုံးအမိန့်လုပ်ငန်း-၇၀/၉၂အရသံတမန်နှင့်ကုလ သမဂ္ဂအဖွဲ့အစည်းပိုင်ယာဉ်များအား အောက်ပါအတိုင်း မူသေနံပါတ်များ သတ်မှတ်ပေးခြင်း-

(က)သံတမန်အခွင့်အရေးရပုဂ္ဂိုလ်များအတွက်“သ”အင်္ဂလိပ်ဘာသာဖြင့်“CD” (Crops Diplomatic)ဟူ၍ လည်းကောင်း၊ကုလသမဂ္ဂအဖွဲ့အစည်းများအတွက်“ဖွဲ့”အင်္ဂလိပ်ဘာသာဖြင့်“UN”(United Nation)ဟူ၍ လည်းကောင်း သတ်မှတ်ရန်။

( ခ)သံတမန်အခွင့်အရေးရပုဂ္ဂိုလ်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းပိုင်ယာဉ်နှင့် ဆိုင်ကယ် များအား “CD”နှင့်”“UN”သတ်မှတ်ရန်အောက်ခံအဖြူရောင်ပေါ်တွင်အနက်စာလုံးဖြင့်သတ်မှတ်ရန်။ မြန်မာဘာသာဖြင့်ရေးရန်နှင့် ယင်းနံပါတ်ပြား၏ အောက်ပိုင်း လက်ယာ ထောင့်တွင် အင်္ဂလိပ် ဘာသာဖြင့် “CD” သို့မဟုတ် “UN” သတ်မှတ်နံပါတ်ရေးရန်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၆.၇.၇၅ ရက်စွဲပါစာအမှတ်၊ ၁၀၂/ကမ(ရ-ခ) ၇၅/ ၂၂၇၀ အရ သုံးဘီးယာဉ်အား “ဟ” အက္ခရာသို့လည်းကောင်း၊ မော်တော်ဆိုင်ကယ်အား “ယ”အက္ခရာသို့ လည်းကောင်း စီမံချက်ချမှတ်၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယခင်ကမှတ်ပုံတင်ထားခြင်းမရှိသောထရက်တာများအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)၏၇.၁၁.၇၇ရက်စွဲပါစာအမှတ်၊၄၆-ကအ(ဂ)၇၇ဖြင့်ထုတ်ပြန်ခဲ့ပြီး“ဌ” အက္ခရာ သတ်မှတ်ပေးပါသည်။

မှတ်ပုံတင်ထားသောယာဉ်များအားအက္ခရာစဉ်(၃၃)လုံးမှဆင်တူယိုးမှားဖြစ်နိုင်သော ခွဲခြားရန်ခက်ခဲသော အက္ခရာ(၈)လုံး (ဋ၊ဍ၊ဎ၊တ၊ဖ၊ရ၊ဝ၊ဠ)အားချန်လှပ်၍သတ်မှတ်ခဲ့သည်။

ဖောင်းကြွနံပါတ်ပြားများကို မြန်မာအက္ခရာဂဏန်းမှ အင်္ဂလိပ်အက္ခရာဂဏန်းသို့ ပြောင်းလဲဆောင်ရွက်ခြင်း

************************

မော်တော်ယာဉ်များ၏ ဖောင်းကြွနံပါတ်ပြားများကို ၉.၉.၂၀၁၃ ရက်၊ သုံးဘီးမော်တော် ဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များ၏ ဖောင်းကြွနံပါတ်ပြားများကို ၂.၁.၂၀၁၉ ရက်၊ မော်တော်ဆိုင်ကယ်များ၏ ဖောင်းကြွနံပါတ်ပြားများကို ၁၀.၁.၂၀၁၉ ရက်မှစတင်၍ လည်းကောင်း မြန်မာအက္ခရာဂဏန်းမှ အင်္ဂလိပ်အက္ခရာဂဏန်းသို့ ပြောင်းလဲဆောင်ရွက်ခဲ့သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၆.၅. ၂၀၂၀ရက်တွင် အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်သည်။ ဥပဒေပြဌာန်းပြီးနောက် နည်းဥပဒေများကိုလည်း ဆက်လက်ပြဌာန်းနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါနည်းဥပဒေအသစ်တွင် မော်တော်ယာဉ် သက်တမ်းတိုး ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကိုလွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည့် ပြဌာန်းချက်များပါဝင်

သည်။

သုံးဘီးမော်တော်ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် မှတ်ပုံတင်ပေးခြင်း၊ School Bus များကို အမျိုးအစားသတ်မှတ်ပြီး မှတ်ပုံတင်ပေးခြင်း၊ အသက်ကယ်ထိုင်ခုံခါးပတ်ပါရှိမှသာ မှတ်ပုံတင်ပေးခြင်း၊ ယာဉ်အို/ယာဉ်ဟောင်းများအပ်နှံပြီး အစားထိုးယာဉ်များ တင်သွင်းခွင့်ပြုခြင်း၊ ဓါတ်ပုံပါ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် (CVR)ထုတ်ပေးခြင်း၊ ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံ လက်မှတ် (VIS)ထုတ်ပေးခြင်း၊ ဆက်လက်၍ Radio Frequency Identification(RFID)စနစ်အကောင် အထည်ဖော်နိုင်ရေးအတွက် ဆောင် ရွက်ခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းများကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် KOICA Grant Aid နဲ့ “Establishment of Information Management System of Vehicle Registration Vehicle Inspection and Driving Lincense to Support E-government System of Myanmar”Project ကိုလည်းဆောင်ရွက်လျက်ရှိသည်။

မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် မှတ်ပုံတင် နံပါတ်ပြားများအား တုပပြုလုပ်မှုများကို ကာကွယ်ရန်၊ နိုင်ငံတကာအဆင့်မီ နံပါတ်ပြားများ ဖြစ်စေရန်အတွက် Security Feature များ အဆင့်မြှင့်တင်ထည့်သွင်း ဆောင်ရွက်လျက်ရှိသည်။မော်တော်ဆိုင်ကယ် နံပါတ်ပြားအား ယာဉ်တည်ဆောက်ပုံနှင့်အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်အရယခင်က ယာဉ်၏ရှေ့နှင့်နောက်တွင် တစ်ချပ်စီ စုစုပေါင်း(၂)ချပ် တပ်ဆင်သည့် စနစ်မှ (၁၀.၁.၂၀၁၈)ရက်မှစတင်၍ ယာဉ်၏နောက်တွင်တစ်ချပ်သာတပ် ဆင်သည့်စနစ်ကို ပြောင်းလဲ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။

Transcom News Journal

Read 860 times