လေမပါတဲ့တာယာခေတ်ဆီသို့ အရွေ့အပြောင်း စတင်


ကြိုမသိနိုင်တဲ့ ဗွေဖောက်တာတေ‌ွထဲမှာ ကားဘီးပေါက်တာလည်း ပါဝင်ပါတယ်။ ဘီးပေါက်တယ်ဆိုတာ အတိတ်မှာ ထားခဲ့တော့မှာလား 

၁၈၉၀ ပြည့်လွန်နှစ်များကတည်းက စသုံးခဲ့တဲ့ တာယာတွေမှာ တာယာထဲ ကျွတ်ထည့်ပြီး သုံးရတဲ့အဖြစ်မှ ကျွတ်မပါဘဲ သုံးလို့ရတဲ့တာယာ အဖြစ်သို့ တိုးတက်လာခဲ့တယ်။ ကားဘီးပေါက်လည်း အနီးအနား ခရီးတိုကို ဆက်မောင်းလို့ရတဲ့တာယာမျိုးတွေ ပေါ်ပေါက်ပေမဲ့ အသုံးနည်းကြတယ်။ အခုတော့ ကျွတ်မပါတဲ့တာယာအဆင့်မှ လေမပါတဲ့ တာယာအဆင့်သို့ မြင့်တက်ဖို့ ဟန်ရေးပြင်နေပါပြီ။

လပ်စင်ဘတ်  Luxembourg မှ ယာဉ်အစမ်းမောင်းကွင်းထဲမှာ  Tesla Model 3 က ထောင့်ချိုးကျဉ်းကျဉ်းတွေကို ကွေ့ချိုးပြီး လျင်မြန်စွာ မောင်းနှင်နေတယ်။ ကားကို ထိုးရပ်လိုက်တဲ့အခါမျိုးတွေလည်း ရှိတယ်။ ကားက လေမဲ့တာယာ ၄ လုံးပေါ်မှာ ဆက်လက်ရပ်တည်နေတယ်။ အမေရိကန် တာယာထုတ်လုပ်ရေး လုပ်ငန်း Goodyear မှ ထုတ်လုပ်ထားတဲ့ လေမဲ့တာယာတွေကို Tesla Model 3 မှာ တပ်ဆင်ပြီး စမ်းသပ်မောင်းနှင်နေတာ ဖြစ်ပါတယ်။

Goodyear  လေမဲ့တာယာ


အထူးပြု ပလတ်စတစ် စပုတ်တိုင်တွေက ပါးလွှာနေပေမဲ့ တောင့်တင်းပြီး အပွန်းအစားနှင့် အပူဒဏ်ခံနိုင်အောင် အားဖြည့်တင်းထားတဲ့ ဘီးခွေကို ထောက်တိုက်များအဖြစ် ထောက်ပိုးပေးထားတယ်။ စပုတ်တိုင်တွေက ကားဘီးလှိမ့်တဲ့အခါ အကွေးအဆန့် အလိုက်သင့် လုပ်ပေးနေကြတယ်။
လျှပ်စစ်ကားတွေမှာ အင်ဂျင်မပါတော့ စက်သံမထွက်ဘူး။ တယာတွေနဲ့ လမ်းသား ပွတ်တဲ့အသံက အဆူညံဆုံး ဖြစ်နေလို့ လေမဲ့တာယာ အသံတိတ်နေဖို့ လိုတယ်။
Goodyear ရဲ့အကြီးတန်းမန်နေဂျာ Michael Rachita က "တာယာ‌တွေက ဘာသံမှ မကြားရဘူး။ ဒါပေမဲ့ တုန်ခါမှုတွေ ရှိနေတယ်။ ကားစီးတဲ့သူ သက်သောင့်သက်သာဖြစ်အောင် ဘယ်လို လုပ်ပေးရင် ရမလဲဆိုတာ ကျွန်တော်တို့ လေ့လာနေပါတယ်"

 မြို့တွင်း ပစ္စည်းပေးပို့တဲ့ လုပ်ငန်းတွေ၊ လွန်းပျံ ပြေးဆွဲတဲ့ လုပ်ငန်းတွေက လေပေါင်စစ်ပြီး လေထိုးရတာလို ကရိကထတွေ နည်းတဲ့၊ ဘီးမပေါက်တဲ့၊ စွန့်ပစ်ပြီးရင် ကုန်ကြမ်းအဖြစ် ပြန်သုံးလို့ရမယ့်၊ ပြီးတော့ လမ်းသားအခြေအနေကို သိရှိပြီး သတင်းပို့ပေးနေမယ့် စင်စာတွေပါတဲ့ တာယာမျိုးကို လိုချင်ကြတယ်။ ကားဘီးပေါက်နေရင် ဝင်ငွေ ရပ်သွားတယ်။ လှည့်ကြည့်‌စရာ မလိုတဲ့တာယာမျိုး maintenance-free tyre ကို သူတို့ လိုချင်ကြတယ်။

Goodyear ရဲ့ ပြိုင်ဘက် ပြင်သစ် တာယာထုတ်လုပ်ရေး လုပ်ငန်း  Michelin က General Motors (GM) နှင့် လက်တွဲပြီး လေမဲ့တာယာကို ၂၀၁၉ ခုနစ်ကတည်းက သုတေသန လုပ်နေပါတယ်။ ဖေဖော်ဝါရီလမှာ Michelin ရဲ့အမည် ရှည်ရှည်လျားလျား လေမဲ့တာယာ Unique Puncture-proof Tire System (Uptis) ကို လျှပ်စစ်ကား Chevrolet Bolt အသစ်‌ေတွမှာ စက်ရုံမှ တပ်ဆင်ပေးဖို့ စီစဉ်နေကြောင်း သတင်း ထုတ်ပြန်တယ်။ ၂၀၂၄ မှာ စတင်သုံးစွဲဖို့ မျှော်မှန်း ထားတယ်။

Uptis တာယာကို တောင့်တင်းအောင် ဖိုက်ဘာဂလပ်စ် fiberglass မြှုပ်ထည့်ပေးထားတယ်။ 

Michelin လေမဲ့တာယာ


ကုမ္ပဏီသက်တမ်း နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီးပြီ ဖြစ်တဲ့  Michelin က လေမဲ့တာယာ ထုတ်လုပ်ခဲ့ဖူးပါတယ်။
 Michelin ရဲ့  Tweel  အမည်ရှိ တာယာအမျိုးအစားကို ၂၀၀၅ မှာ စတင်ရောင်းချခဲ့ပေမဲ့ အနှေးမောင်းတဲ့ ယာဉ်တွေမှာသာ အဓိကအားဖြင့် သုံးစွဲခဲ့ကြပါတယ်။ လယ်ယာသုံးယာဉ်တွေမှာပဲ သုံးစွဲကြတယ်။

 Michelin ရဲ့  Tweel  

တောင်ကိုရီးယားမှ Hankook က ယခုနှစ်မှာ လေမဲ့တာယာကို ပြသခဲ့ပါတယ်။ 
Hankook ရဲ့ လေမဲ့တာယာ Non-pneumatic tyre (NPT) ကို i-Flex NPT လို့ အမည်ပေးထားပါတယ်။ ပုံမှန်တာယာထက် နည်းနည်းသေးတယ်။ ပိုလီယူသိန်း စပုတ်တိုင်တွေကို ပျားအုံပုံ ရက်ထားတယ်။ 

Hankook  လေမဲ့တာယာ

 

ကမ္ဘာ့အကြီးဆုံးတာယာလုပ်ငန်း Bridgestone က လယ်ယာသုံး၊ သတ္တုတွင်းသုံး၊ ဆောက်လုပ်ရေးသုံး လေမဲ့တာယာတွေကို စိတ်ဝင်စားတယ်။


ဂျာမနီမှ တာယာထုတ်လုပ်ရေးလုပ်ငန်း Continental က လေမဲ့တာယာကို စိတ်မဝင်စားဘူး။ ကားတွေအတွက် လေထိုးတာယာသည်သာ အသင့်မြတ်ဆုံးလို့ ယူဆတယ်။ ပင်ကိုလေထိုးစွမ်းရည်ပါတ‌ဲ့တာယာ ထုတ်လုပ်ဖို့ သုတေသန လုပ်နေတယ်။ တာယာစနစ်မှာ လေပေါင်ချိန် သိနေဖို့ တာယာထဲမှာ စင်စာတွေ ထည့်ထားတယ်။ တာယာပူလာလို့ လေပွပြီး လေပေါင်ချိန် တပ်လာရင် တာယာစနစ်က လေလျှော့ပေးမယ်။ လေ‌ပေါင်ချိန်လျော့နေရင် တာယာစနစ်က လေဖြည့်ပေးမယ်။


Continental မှ သုတေသန ဌာနမှူး Denise Sperl က "လေထိုးတာယာတွေ သုံးခဲ့ကြတာ အတော် ကြာပါပြီ။ ကာလရှည်ကြာ သုံးနေကြတာဟာ အကြောင်းတစ်ခုတော့ ရှိလိမ့်မယ်။ အဲဒါက ဘာလဲဆိုတော့ လေပါတဲ့ တာယာတွေက တာယာတာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်ကြတယ်။ အဲဒီအချက်ကို ကျွန်မတို့ ယုံကြည်နေဆဲပါ" လို့ ပြောကြားပါတယ်။
#MyanmarAutomobileGuide 

Source: BBC

Read 10012 times