သင့်ကားမှာ မီးပျောက်စေနိုင်မည့် အချက်များ


ကားတစ်စီးမှာ ဆီပျောက်၊ မီးပျောက်တယ်ဆိုတာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ ချို့ယွင်းချက်ပဲဖြစ်ပါတယ်။

ဒီလိုဖြစ်တာမျိုးက ကားတွေမှာတင် မဟုတ်ပဲ ဆိုင်ကယ်တွေ၊ မီးစက်တွေ တနည်းပြောရရင် အင်ဂျင်ပေါက်ကွဲခန်းပါရှိတဲ့ စက်တိုင်းမှာကို ဖြစ်တတ်ပါတယ်။

ကောင်းပါပြီ / ကားတစ်စီးရဲ့ အင်ဂျင်မှာ မီးပျောက်စေနိုင်မယ့် အချက်တွေက ဘာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

Spark Plug ဆိုတာကတော့ မီးပေးစနစ်ကနေ မီးပွင့်ခိုင်းချိန်မှာ မီးပွင့်ပေးမယ့် Plug ပဲဖြစ်ပါတယ်။ Plug ရဲ့ထိပ်ဟာ ပေါက်ကွဲမှု တနည်းအားဖြင့် အင်ဂျင်လည်ပတ်မှုကို အစပြုစေဖို့မီးပေါက်လေးကို ပေးပါတယ်။ Plug ရဲ့ထိပ်က မီးမကူးရင် မီးမပွင့်ရင် အင်ဂျင်မလည်နိုင်ပါဘူး။ ဒါဆို ကားမှာ မီးပျောက်နေပါပြီ။

ယခုနောက်ပိုင်းထုတ်ကားတွေမှာ ခေတ်ဟောင်းကားတွေမှာလို Distributor မခံတော့ပဲ Plug တစ်လုံးချင်းစီအတွက် မီး Coil တစ်ခုစီထိုင်ထားပြီး မီးပွင့်စေတဲ့ စနစ်ကို သုံးလာပါတယ်။ Plug ရဲ့ မီးတောက်နှုန်းကို ECU လို့ခေါ်တဲ့ လျှပ်စစ်ထိန်းချုပ်စနစ်က ထိန်းချုပ်ပါတယ်။ အဆိုပါ ECU ဟာ ဆီကိုလည်း ထိန်းပါတယ်၊ မီးကိုလည်း ထိန်းပါတယ်။ ဒီလို ထိန်းဖို့ လိုအပ်တဲ့ နှုန်းထားကို လီဗာနင်းတဲ့ အပေါ် အာရုံခံပြီး ထိန်းချုပ်ပါတယ်။ လီဗာနင်းမှုကိုတော့ Crankshaft Position Sensor ကနေ အာရုံခံပေးပါတယ်။ အဆိုပါ ဆင်ဆာမကောင်းဘူးဆိုရင် မီးတောက်မမှန်ပဲ မီးပျောက်တတ်ပါတယ်။

Plug အနေနဲ့လည်း ကြိုးပါတဲ့ မော်ဒယ်တွေဆိုရင် ကြိုးအဖျားကို ဖြုတ်ပြီး မီးစမ်းကြည့်နိုင်ပါတယ်။ Plug ကိုလည်း သက်တမ်းစေ့ပဲ သုံးပြီး ပုံမှန် လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းထုတ် မော်ဒယ်တွေမှာတော့ ပလပ်ကြိုး မပါတော့ပါဘူး။

Ignitor လို့ခေါ်တဲ့ မော်ဒယ်မြင့်တွေက Plug ခေါင်းနေရာဟာ အလွယ်တကူ မီးစမ်းနိုင်လာပါတယ်။ ဆီအသုံးပြုမှု မမှန်လို့၊ ဆီအရည်အသွေးနိမ့်ရင်လည်း Plug ခေါင်းတွေမှာ ချေးတွေတင်နေတတ်ပါတယ်။ သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ Plug ထိပ်တွေရဲ့ ငုတ်အကွာအဝေးပြန်ချိန်ရတာတွေ ရှိပါတယ်။ ECU ကားတွေမှာ Relay ဗူး ကောင်းနေဖို့လည်း လိုအပ်ပါတယ်။

အားသွင်းစနစ်မှာ ဗို့အားမှန်နေမှလည်း ECU က ပုံမှန် အလုပ်လုပ်ပါတယ်။ ပုံမှန် 12 V မှာပဲ ရှိနေရမှာပါ။ ဘက်ထရီကြောင့် ဗို့အား ကျသွားနိုင်ပါတယ်၊ ဒါမှမဟုတ် အားသွင်းစနစ်မှာ Overcharging ဖြစ်လို့ ဗို့အား တက်သွားနိုင်ပါတယ်၊ ဒါဆို ECU က အလုပ်မလုပ်တော့ပါဘူး။ မီးပျောက်သွားနိုင်ပါတယ်။

Read 1334 times