Nissan က တရုတ်နိုင်ငံ Suzhou မြို့မှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ Taxi စမ်းသပ် ပြေးဆွဲမည်


 

Nissan က တရုတ်နိုင်ငံ Suzhou မြို့မှာ မတ်လ အစောပိုင်းကစပြီး အလိုအလျောက် မောင်းနှင်နိုင်တဲ့ Taxi ကို စမ်းသပ် ပြေးဆွဲတော့မှာ ဖြစ်ပြီး ဈေးကွက်ထဲဝင်ရောက်နိုင်ဖို့ နောက်ကျနေတဲ့ နည်းပညာအတွက် အချက်အလက်တွေ စုဆောင်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီစမ်းသပ်မှုကို Shanghai မြောက်ဘက်ပိုင်းမှာရှိတဲ့ Jiangsu ဒေသမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ Nissan က တရုတ်ပြည်နယ်တွင်းမှာ ပထမဦးဆုံး အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်ကို ထောက်ပံ့ ဖြည့်ဆည်းပေးတဲ့ ဂျပန်ကုမ္ပဏီဖြစ်တယ်လို့ တရုတ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။   

  

ပထမအဆင့် စမ်းသပ်မှုက မတ်လကနေ စက်တင်ဘာလအထိ ကြာမြင့်မှာဖြစ်ပြီး Nissan ရဲ့ လျှပ်စစ်ကားဖြစ်တဲ့ Leaf နှစ်စီးနဲ့ စတင်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ အောက်တိုဘာမှာ စတင်မှာဖြစ်ပြီး Ariya လျှပ်စစ် Crossover SUV ကား ၅ စီးနဲ့ စမ်းသပ်မှာ ဖြစ်တယ်လို့ Nissan ရဲ့ တရုတ်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Nissan Mobility Service အလုပ်အမှုဆောင်ဖြစ်သူ Ichijo Futakawa က ပြောပါတယ်။

 

Nissan Ariya (Electric Crossover SUV)

 

ဒီဝန်ဆောင်မှုကို Application တစ်ခုမှာ Pickup Point နဲ့ ကိုယ်သွားလိုတဲ့ နေရာကို ရွေးချယ်နိုင်မှာဖြစ်ပြီး မြို့ပြင်မှာရှိတဲ့ အမြန်လမ်းမကို Hotel၊ Office၊ Nissan Dealerships နဲ့ တခြားနေရာတွေနဲ့ ချိတ်ဆက်ပြီး လိုက်လံ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

 

တရုတ်ရဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်ကို သုတေသနပြုလုပ်နေတဲ့ Startup ကုမ္ပဏီဖြစ်တဲ့ We Ride မှာ Nissan၊ Mitsubishi နဲ့ Renault တို့က ရင်းနှီးမြှုပ်နှံထားပြီး ယခု Nissan ရဲ့ ဝန်ဆောင်မှုမှာ We Ride က နည်းပညာပိုင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

 

 

အလိုအလျောက် မောင်းနှင်နိုင်တဲ့ Taxi တွေ အများပြည်သူသုံးလမ်းတွေမှာ စမ်းသပ်မှုကို တရုတ်ရဲ့ မြို့တော်တော်များများမှာ တွေ့လာရပြီး ဒီစမ်းသပ်မှုတွေမှာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Giant Baidu၊ Startup Pony.ai၊ SAIC Motor နဲ့ တခြားကုမ္ပဏီတွေလည်း ပါဝင်ကြပါတယ်။ 

 

ဂျပန်ကုမ္ပဏီတွေထဲမှာတော့ Nissan အပြင် Toyota ကလည်း တရုတ် Startup ကုမ္ပဏီဖြစ်တဲ့ Pony.ai  ရဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ Software အတွက် ရင်းနှီးမြှုပ်နှံထားပါတယ်။ Pony.ai က ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပြီး တရုတ်ပြည်တွင်းမှာ အလိုအလျောက်မောင်းနှင်တဲ့စနစ်ကို စမ်းသပ်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ 

 

ယခုလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပေမယ့် အလိုအလျောက် မောင်းနှင်ပေးတဲ့ ဝန်ဆောင်မှုကို  စီးပွားရေးအရ ဈေးကွက်ထဲ ထည့်ပေးဖို့က နှေးနေပါသေးတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားတွေအတွက် တိကျတဲ့ ဥပဒေချမှတ်မှု မရှိသေးတဲ့အပြင် လုံခြုံရေးအတွက် ဝန်ထမ်းက ကားပေါ်မှာ လိုက်ပါရမှာဖြစ်တဲ့အတွက် ဒီကိစ္စဟာ ကုန်ကျစရိတ်အတွက် အားနည်းချက်တစ်ခုအဖြစ် ရှိနေပါတယ်။ 

 

Advertisement

Click Here >>> Great Star Enterprise

 

Nissan ရဲ့ စမ်းသပ်မှုမှာလည်း အလိုအလျောက် မောင်းနှင်တဲ့ စနစ်နဲ့ ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ ကားပေါ်မှာ လုံခြုံရေးဝန်ထမ်းတစ်ဦး ထားရှိမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ Futakawa က ပြောပါတယ်။ 

 

Nissan ဟာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေကို ၂၀၁၃ ခုနှစ်ကတည်းက ဂျပန်မှာ စတင်စမ်းသပ်နေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ Tokyo၊ ၂၀၁၆ ခုနှစ်မှာ US၊ California ရဲ့ Silicon Valley၊ ၂၀၁၇ ခုနှစ်မှာ UK၊ London မှာ စမ်းသပ်ခဲ့တဲ့အပြင် ၂၀၁၇ ခုနှစ်အတွင်းမှာပဲ Tokyo မှာ Camera  ၁၂ လုံး၊ Radar ၉ ခု၊ Laser Scanner ၆ လုံးနဲ့ Sonar Sensor ၁၂ လုံးပါတဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေကို စမ်းသပ် မောင်းနှင်ခဲ့ပါတယ်။ 

Source - Nikkei Asia

Read 298 times