Nissan Motor ကားများတွင် အလိုအလျောက်မောင်းစနစ် ထည့်သွင်းပေးထားမည်


Nissan Motor သည် ၂၀၂၃ ခုနှစ်တွင် အခြေခံအားဖြင့် အလိုအလျောက်မောင်းနှင်မှုစနစ်များ ပါသည့် ကားမော်ဒယ် အမျိုးမျိုး ၂၀ ကျော် ထုတ်ပေးရန် ရည်ရွယ်ထားသည်။

Nissan ၏ ဈေးအမြင့်တန်းမှ ကားများသည် အဝေးပြေးလမ်းပေါ်တွင် စတီယာရင် ကိုင်ပေးစရာမလိုဘဲ အလိုအလျောက် မောင်းနှင်ပေးနိုင်မည် ဖြစ်သည်။ ဈေး အလတ်တန်းစားနှင့် အနိမ့်တန်းမှ ကားများသည် ကားရှေ့မှ ယာဉ်ကြောအခြေအနေအရ တုံ့ပြန်ပေးနိုင်မည် ဖြစ်သော်လည် ယာဉ်မောင်းသူမှ စတီယာရင် လက်လွှတ် မောင်းနှင်၍ ရမည် မဟုတ်ချေ။

Nissan ၂၀၂၃ ခုနှစ်တွင် မော်ဒယ် ၂၀ ကျော် ထုတ်လုပ်သွားမည် ဖြစ်ရာ အလိုအလျောက် မောင်းစနစ် self-driving function ကို မော်ဒယ်တိုင်းတွင် ထည့်သွင်းပေးမည် ဖြစ်သည်။ ကားစီးရေ တစ်သန်းခွဲ ရောင်းချနိုင်မည်ဟု ရည်မှန်းထားသည်။

Nissan သည် ၎င်း၏ ProPilot 1 နည်းပညာကို ၂၀၁၆ ခုနှစ်တွင် အချို့မော်ဒယ်များတွင် သုံးစွဲခဲ့သည်။ ကားသည် အဝေးပြေးလမ်းမကြီးတွင် အလိုအလျောက် ထိန်းကျောင်းမောင်းနှင် ပေးနိုင်စွမ်း ရှိသည်။

ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် Nissan မှ အဆင့်မြှင့်တင်ထားသော ProPilot 2.0 နည်းပညာ တပ်ဆင်ထားသည့် Skyline အိမ်စီးပြိုင်ကားသစ်ကို ထုတ်လုပ်ခဲ့သည်။ ယဉ်မောင်းကို ကားကူမောင်းပေးသော နည်းပညာစနစ် ဖြစ်ပြီး အဝေးပြေးလမ်းမတွင် စတီယာရင်ကို လက် လွှတ်ထား၍ ရနေစေသည်။

နောက်နှစ်တွင် ထုတ်လုပ်မည့် လျှပ်စစ်ကားသစ် Ariya တွင် ProPilot 2.0 ထည့်ပေးထားမည်။ ဈေးအမြင့်တန်းဖြင့် ရောင်းချမည် ဖြစ်သည်။ ဈေးအလတ်စားနှင့် အနိမ့်တန်းတို့ကို ProPilot နည်းပညာ ပထမမျိုးဆက် ထည့်သွင်းပေးထားမည်ဖြစ်သည်။ မိမိဘာသာ မောင်းနှင်သော နည်းပညာ autonomous driving technology ကို ကားလောကတွင် အဆင့် level ၅ ဆင့် ခွဲခြားသတ်မှတ်ထားသည်။

Nissan ၏ ProPilot သည် အဆင့် ၁ နှင့် ၂ တို့တွင် အကျုံးဝင်သည်။ Google ၏ မိခင် ကုမ္ပဏီ Alphabet မှ လုပ်ကိုင်လျက် ရှိသော Waymo သည် Nissan ထက် ပိုမြင့်ပြီး အဆင့် ၃ တွင် ရှိသည်။ Level 2 တွင် ယာဉ်မောင်းထောက်ကူ လုပ်ငန်းတာဝန်များ ပါဝင်ရာ စတီယာရင် ထိန်းကျောင်းခြင်း၊ ယာဉ်ကို အရှိန်ထိန်းကျောင်းပေးခြင်း၊ ဘရိတ်အုပ်ခြင်း တို့ကို ကြုံတွေ့နေရသည့် အခြေအနေအမျိုးမျိုးအရ အလိုအလျောက်မောင်းစနစ်က ဆုံးဖြတ်လုပ်ကိုင်ပေးသည်။

Level 3 တွင် ပြောင်းလဲနေသော အခြေအနေများအရ ကားက အလိုက်သင့် ထိန်းကျောင်းမောင်းနှင် ပေးသွားမည် ဖြစ်ပြီး အပြည့်အဝ စိတ်ချလက်ချ လွှတ်ထား၍တော့ မရသဖြင့် လိုအပ်လျှင် ယာဉ်မောင်းမှလည်း ထိန်းကျောင်းမှု ပေးရသည်။ 

Toyota Motor သည် ယာဉ်ကြောထိန်း နည်းပညာကို ထုတ်လုပ်သည့်ကားမော်ဒယ်များတွင် ဂျပန်ပြည်တွင်းမှာ ရောင်းချသည့် ကားများ၏ ၆၀ မှ ၇၀ %အထိတွင် ထည့်ပေးထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မည့် Lexus LS luxury ဆီဒင်ကားမော်ဒယ်တွင်လည်း ထည့်ပေးထားမည် ဟု ဆိုသည်။ လက်လွှတ်မောင်း နည်းပညာကို ထည့်ပေးစေလိုပါက ကျသင့်ငွေကို အပိုထပ်ဆောင်းပေးပြီး ထည့်ခိုင်းနိုင်သည်ဟု ဆိုသည်။

Tesla ၏ ဈေးအလတ်တန်းမှ Model 3 ကားများတွင် အလိုအလျောက် ယာဉ်ကြောထိန်းစနစ်ကို မပါမဖြစ် ထည့်ပေးထားသည်။ ပိုအဆင့်မြင့်သည့် နည်းပညာကို ထည့်ပေးစေလိုပါက ကျသင့်ငွေကို အပိုထပ်ဆောင်းပေးပြီး ထည့်ခိုင်းနိုင်မည် ဖြစ်သည်။

အလိုအလျောက်မောင်းစနစ် self-driving level 1 နှင့် အထက် ထည့်ပေးထားသည့် ကားများကို လာမည့်နှစ်များတွင် ပိုတွေ့မြင်ကြရမည် ဖြစ်ပြီး ၂၀၃၀ ခုနှစ် နောက်ဆယ်နှစ်အကြာတွင် ရောင်းချသမျှကားသစ်များတွင် ၈၀% သည် အလိုအလျောက် မောင်းနှင်မှု ပါဝင်မည်။ ၂၀၁၈ ခုနှစ်တွင် ကားအသစ်များတွင် ၂၀% သာ ပါဝင်ခဲ့သည်။

၂၀၃၀ ခုနှစ်တွင် အလိုအလျောက် မောင်းနှင်မှု ပါဝင်သည့် ကားများတွင် အများစုသည် level 1 သို့မဟုတ် level 2 အဆင့် နည်းပညာ၊ စနစ်နှင့် ကိရိယာများ ဖြစ်ကြလိမ့်မည်ဟု ခန့်မှန်းထားသည်။ level 3 သည် ကားအများစုပေါ် ရောက်ရှိဖို့ဆိုသည်မှာ ကုန်ကျစရိတ် ကြီးမားနေဦးမည် ဖြစ်သဖြင့် ကားထုတ်လုပ်သူတို့ လက်ရှောင်ကြလိမ့်မည်။

Read 515 times