ကျပ်သိန်း ၁၅၀ နှင့် ၃၅၀ ကြား ရွေးချယ်သင့်သည့် Nissan Juke


Nissan ကထုတ်လုပ်တဲ့ Crossover ကားတွေထဲမှာ Juke က နိုင်ငံတကာအကြိုက်ကားဖြစ်ပြီး ပြည်တွင်း ဈေးကွက်မှာလည်း အရောင်းအဝယ် သွက်ပါတယ်။ Juke ကို အရောင်းစင်တာတွေမှာ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၃၇၀ ဝန်းကျင် ဈေးခေါ်ရောင်းပါတယ်။

Note ကလည်း ကျပ်သိန်း နှစ်ရာအောက်ကားတွေထဲမှာ သူ့ပရိသတ်နဲ့သူ လူကြိုက်များတဲ့ကား ဖြစ်ပါတယ်။

Nissan Juke ကို ၂၀၁၀ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့ပြီး အဲဒီနှစ်မှာပဲ New York International Auto Show မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ Juke ဟာ Crossover အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါနည်းသလို ကားအတွင်းပိုင်း၊ အပြင်ပိုင်းလည်း ဆန်းသစ်လှပတဲ့အတွက် Nissan ကားတွေထဲမှာ လူကြိုက်များပါတယ်။

Nissan Motor ကနေ Juke ကို မြောက်အမေရိကဈေးကွက် ထိုးဖောက်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Juke ကို ထုတ်လုပ်ခဲ့တဲ့ ပထမဆုံးလမှာပဲ အစီးရေ ၁၀,၉၄၃ စီး အော်ဒါမှာယူခြင်းခံခဲ့ရသလို ဥရောပနဲ့ အမေရိကကားဈေးကွက်မှာ လူကြိုက်များတဲ့အတွက် နှစ်စဉ်ရောင်းချတဲ့အစီးရေ ပိုမိုများပြားလာပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

Nissan Juke ရဲ့ထူးခြားချက်က ရှေ့မီးက အပေါ်မှာ အချွန်၊ အောက် ဘက်မှာ အဝိုင်းပုံစံဖြစ်ပြီး အနောက်တံခါးကလည်း တခြားကားတွေနဲ့ မတူဘဲ ထူးခြားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် နောက်တံခါးက လက်ကိုင်ရဲ့ မှန်ပေါက်နားမှာရှိတဲ့အတွက် တံခါးနှစ်ပေါက်လို့ ထင်ရ ပေမဲ့ အမှန်က တံခါးလေးပေါက်ကားဖြစ်ပါတယ်။ Juke ရဲ့ အင်ဂျင်ပါဝါ ၁၅၀၀ စီစီမှာ RS Grade နဲ့ RX Grade တို့ရှိပြီး Grade ပိုမြင့်တဲ့ RX က Aircon Digital ဖြစ်သွားသလို Driving Mode ကိုလည်း Eco ၊ Normal ၊ Sport စတဲ့ ယာဉ်မောင်းသူ ကြိုက်နှစ်သက်သလို ပြောင်းလို့ ရပါတယ်။ RS Grade က Aircon Manual ဖြစ်တဲ့အတွက် Aircon ခလုတ်ကို ကြည့်တာနဲ့ Grade အနိမ့်/အမြင့် ခွဲလို့ရပါတယ်။ အရောင် အနေနဲ့ကတော့ အနက်၊ အညို၊ ငွေမင်၊ ခဲရောင်၊ အနီရောင်၊ အပြာ ရောင်၊ ပုလဲ စတာတွေ ရှိပါတယ်။ Nissan Juke မှာ Driver Airbag ၊ Front Passenger Airbag ၊ Side Airbag တွေ ပါရှိတဲ့အတွက် ကားပေါ်မှာ စီးနင်းလာတဲ့ လူငါးဦးစလုံးကို လုံခြုံမှုပေးနိုင်ပါတယ်။ ဘရိတ် စနစ်ကတော့ Ventilated Disk ဖြစ်ပါတယ်။ Euro 5 Emission ဖြစ်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု လျော့နည်းပါတယ်။

အင်ဂျင်အမျိုးအစား

Nissan Juke မှာ အင်ဂျင်ပါဝါ ၁၅၀၀ စီစီနဲ့ Turbo ပါတဲ့ ၁၆၀၀ စီစီကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ ၁၆၀၀ စီစီမှာ GT Grade နဲ့ GT Four Grade ဆိုပြီး ရှိပါတယ်။ GT Grade က 2WD ဖြစ်ပြီး GT Four Grade က 4WD ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၁၅၀၀ စီစီနဲ့ ၁၆၀၀ စီစီမှာ Turbo ပါတာနဲ့ မပါတာ ကွာခြားပါတယ်။ နောက်ပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီမှာ Semi-Auto ဖြစ်သွားပြီး Auto ၊ Manual နှစ်မျိုး ရွေးလို့ရပါတယ်။

ဈေးနှုန်း

Nissan Juke ၂၀၁၀ မိုဒယ်၊ ရန်ကုန်လိုင်စင် အက်္ခရာအနိမ့်ကားတွေက ကျပ်သိန်း ၂၇၀ ဝန်းကျင်ရှိပြီး ၂၀၁၁ မိုဒယ် အက္ခရာအမြင့်ကားတွေက တော့ ကျပ်သိန်း ၃၅၀ အပေါ်မှာ ရှိပါတယ်။

Automobile Journal

Read 1967 times