မဝေးတော့သော အနာဂတ်ကာလတွင် မော်တော်ကားနှင့် မောင်းနှင်သူအကြား ဆက်သွယ်မှုနည်းလမ်းကို ပြုပြင်ပြောင်းလဲပစ်ရန် ရည်ရွယ်ထားသော Nissan ကုမ္ပဏီသည်ဂျီနီဗာကားပြပွဲတွင် မျိုးဆက်သစ် SUV ကားအမျိုးအစား Nissan IMx Kuro ကို မိတ်ဆက်ပြသသွားခဲ့ပါသည်။
ဂျပန်ဘာသာစကားအရ Kuro ဆိုသည်မှာ အနက်ရောင်ဟု အဓိပ္ပါယ်ရှိသည့်အတိုင်း Nissan IMx Kuro သည် မီးခိုးရင့်ကိုယ်ထည်အရောင်နှင့် ထုတ်လုပ်ထားသကဲ့သို့ အနက်ရောင်ကားဘီးခွေနှင့် ကိုယ်ထည်အနားသတ်များ၊ နောက်ဆုံးပေါ် ရှေ့ဘမ်ပါရှဲလ်တို့နှင့် ပေါင်းစပ်ဖန်တီးထားပါသည်။
Nissan က ရှေ့ပြေးတီထွင်ထားသော Brain-to-Vehicle(B2V) နည်းပညာထည့်သွင်းထားခြင်းကြောင့် ကားမောင်းသူဝတ်ဆင်ထားသော ကိရိယာမှတစ်ဆင့် ဦနှောက်လှိုင်းများကို ဖတ်ရှုပြီး မောင်းသူများနေနှင့် စတီယာရင်လက်ကိုင် ချိုးမှာလား၊ ဘရိတ်နင်းမှာလား စသည်တို့ကို ၀ ဒသမ ၂ စက္ကန့်မှ ၀ ဒသမ ၅ စက္ကန့်အကြား ကြိုတင်သိရှိမည်ဖြစ်ပါသည်။
မောင်းသူ ဘာလုပ်မည်ဆိုသည်ကို ကြိုသိနိုင်သော အချိန် တိုတောင်းသော်လည်း အထောက်အကူပြု နည်းပညာများက ဆောလျင်စွာလုပ်ဆောင်ပေးမည်ဖြစ်ခြင်းကြောင့် တုံပြန်ချိန်ပိုကောင်းလာသကဲ့သို့ ကိုယ်တိုင်မောင်းနှင်မှုပုံစံအတွက် အကောင်းဆုံးကူညီပေနိုင်ဖြစ်ပါသည်။
Nissan IMx Kuro ကို အလိုအလျောက်စနစ်နှင့်လည်း မောင်းနိုင်မည်ဖြစ်ပြီး ထိုစနစ်ကို ရွေးချယ်လိုက်လျှင် စတီယာရင်လက်ကိုင်က ဒက်ရှ်ဘုတ်ထဲဝင်သွားပြီး ထိုင်ခုံများကလည်း နောက်ဘက်လှန်ချိုး သွားခြင်းကြောင့် နေရာကျယ်ကျယ်နှင့် သက်သက်သာသာ ခရီးဆက်နိုင်မည်ဖြစ်ပါသည်။
ကိုယ်တိုင်မောင်းနှင်မှုစနစ်ကို ပြန်သုံးသည့်အခါ စတီယာရင်လက်ကိုင်ပြန်ထွက်လာသလို ထိုင်ခုံများက မူလအနေအထားအတိုင်းဖြစ်သွားမည်ဖြစ်ပါသည်။
Nissan IMx Kuro အတွင်းပိုင်းကို ဂျပန်ရိုးရာအိမ်ခန်းတစ်ခန်းထဲရောက်နေသကဲသို့ ဖြစ်အောင် စီစဉ်ဖန်တီးပေးထားပါသည်။
အပြင်ဘက်ပတ်ဝန်းကျင်ကို နောက်ခံထားထားသော မြင်ကွင်းကျယ် OLED အချက်ပြဒိုင်ခွက်အောက်မှာ သစ်သားများနှင့် ပေါင်းစပ်ထားခြင်းက စက္ကူကပ်ထားသော ဂျပန်ရိုးရာအိမ်ခန်း Shoji ထဲရောက်နေသကဲ့သို့ စိတ်ခံစားမှုကို ရစေမည်ဖြစ်ပါသည်။
ကိုယ်တိုင်ထိန်းချုပ်ညွှန်ကြားမှုနှင့် ခလုတ်များ နည်းပါးစေရန် အချက်ပြဒိုင်ခွက်ကို Artificial Intelligence နည်းသုံးပြီး လက်မှုအရာ၊ မျက်လုံးရွေ့လျားမှုများနှင့် ခိုင်းစေနိုင်ပါသည်။
3D ပရင်တာသုံးပြီး ပုံဖော်ထားသော ထိုင်ခုံဖရိမ်ပေါ်တွင် ဆီလီကွန်အုပ်ထားသကဲ့သို့ ထိုင်ခုံခေါင်းမှီများကို ဂျပန်စကားလုံးဆက် ပဟေဋ္ဌိဖြစ်သော Kumiki အတိုင်း ဖန်တီးထားပါသည်။
ကမ္ဘာမြေဆွဲအား အနိမ့်ဆုံးဖြစ်အောင် အောက်ခံကြမ်းပြင်ကို လုံးဝရေပြင်ညီအတိုင်း ပြုလုပ်ထား၍ Nissan IMx Kuro သည် ကိုင်တွယ်မောင်းနှင်ရလွယ်ကူသလို လေခွင်းအားကောင်းကောင်းနှင့် ခရီးနှင်နိုင်မည်ဖြစ်ပါသည်။
လေးဘီးယက်စနစ်ကို အကောင်းဆုံးသုံးနိုင်အောင် ကား၏ ရှေ့နှင့်နောက်ဘက်များတွင် လျှပ်စစ်မိုတာများ တပ်ထားပြီး တစ်နာရီ ၁၉၆ မိုင်နှုန်း မောင်းနှင်သော Nissan GT-R စူပါကားထက် စွမ်းအားပိုများပါသည်။
ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိအောင် လျှပ်စစ်စွမ်းအင်သုံးထားသော Nissan IMx Kuro ကို တစ်ကြိမ်အားအပြည့်သွင်းပြီးလျှင်ကီလိုမီတာခြောက်ရာကျော် မနားတမ်းမောင်းနိုင်မည်ဖြစ်ပါသည်။