Nissan ရဲ့ ၂၀၃၀ ပန်းတိုင်


ဂျပန် ကားကုမ္ပဏီ Nissan က ၂၀၃၀ မှာ ၎င်းရဲ့ ကမ္ဘာတစ်လွှားရောင်းချတဲ့ ကားစီးရေရဲ့ ထက်ဝက်က လျှပ်စစ် သို့မဟုတ် ဓာတ်ဆီလျှပ်စစ် နှစ်မျိုးစပ် ကားများ ဖြစ်ဖို့ ရည်မှန်းချက် ပန်းတိုင် ထားရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ကမ္ဘာ့မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများရဲ့ အရွေ့အပြောင်း နောက်သို့ လိုက်ပါတဲ့ အရွေ့ဖြစ်ပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း climate change ကြီးမားလာချိန်မှာ ကားမီးခိုးကလည်း တရားခံစာရင်းထဲ ပါဝင်နေလို့ မီးခိုးမထုတ်တဲ့ ကားတွေ ဖြစ်တဲ့ အီး‌ဗီတွေ ‌ထုတ်လုပ်ဖို့ ကူးပြောင်းနေကြတဲ့ အရွေ့အပြောင်းမှာ Nissan လည်း ကျန်မနေခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

 Nissan ရေရှည်အစီအစဉ်ကို အသိပေးခဲ့ပါတယ်။ အီးဗီမော်ဒယ် ၁၅ မျိုး အပါအဝင် မော်ဒယ်အသစ် ၂၃ မျိုး ထုတ်လုပ်ပြီး ၂၀၃၀ ပန်းတိုင်ဆီသို့ မောင်းနှင်မှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ်မှာ Nissan ရောင်းချခဲ့တဲ့ ကားစီးရေ စုစုပေါင်းရဲ့ ၁၀% ဝန်းကျင်က လျှပ်စစ်ကား သို့မဟုတ် ဓာတ်ဆီလျှပ်စစ် ၂မျိုးစပ် ကားတွေ ဖြစ်ပါတယ်။
၂၀၃၀ ပန်းတိုင်က Nissan ကို ကာဘွန်ထုတ်လုပ်မှု ထပ်မတိုးတော့တဲ့အဆင့်သို့ ၂၀၅၀ မှာ ရောက်ရှိဖို့ အထောက်အကူ ဖြစ်စေတယ်လို့  Nissan က ပြောကြားပါတယ်။

Nissan က လတ်တလောနှစ်တွေမှာ ပြဿနာတွေ တက်ပြီး အထိနာထားပါတယ်။
ပထမတစ်ချက်က ကိုဗစ်ကပ်ဘေး မကျရောက်ခင် ကတည်းက ရောင်းအား အားပျော့နေတယ်။
Nissan ရဲ့အကြီးအကဲ Carlos Ghosn ထိန်းသိမ်းခံထားရစဉ် လက်ဘနွန်သို့ ထွက်ပြေးသွားတယ်။
ကပ်ရောဂါအတွင်း ပြိုင်ဘက်တွေထက် နောက်ကျကျန်ရစ်တယ်။ စွမ်းဆောင်ရည် ကျဆင်းတယ်။ ချစ်ပ် မလုံလောက်ခြင်း ကမ္ဘာ့ပြဿနာကို ကြုံနေရစဉ် တစ်နှစ်တာ အမြတ်ကို တိုးမြှင့်လျာထားတယ်။


Nissan ရဲ့စီအီးအို Makoto Uchida က ရေရှည် အစီအစဉ်က Nissan ကို ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲတဲ့ ကားကုမ္ပဏီအဖြစ်သို့ ရောက်ရှိစေမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ပြောကြားထားပါတယ်။ 

လာမယ့် ၅ နှစ်တာကာလမှာ လျှပ်စစ်ကားမော်ဒယ်အသစ် ၂၀ မျိုး ဈေးကွက်ထဲ ရောက်လာလိမ့်မယ်လို့ Nissan က ပြောကြားပါတယ်။ ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ဥရောပ ဈေးကွက်ထဲ Nissan က ရောင်းချတဲ့ကားစီးရေ စုစုပေါင်းရဲ့ ၇၅% က လျှပ်စစ်ကားတွေ ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားရှိပါတယ်။

လျှပ်စစ်ကားဆီသို့ ကူးပြောင်းတာ မြန်ဆန်စေဖို့ ယန်း ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလျံ) ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။
ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဘက်ထရီဖြင့် လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ၂၀၂၈ ခုနှစ်ကို ပန်းတိုင် ထားရှိပါတယ်။

ယူကေ၊ အမေရိကန် အစရှိတဲ့ အစိုးရအချို့က ဒီဇယ်နဲ့ ဓာတ်ဆီ အင်ဂျင်ကားတွေ ရောင်းချတာကို ၂၀၃၀ မှာ တားဆီးပိတ်ပင်မယ်လို့ အတိအလင်းကြေညာထားတဲ့အတွက် ၂၀၃၀ မှာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချရေးကို မဖြစ်မနေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ မီးခိုးထုတ်ခြင်းမရှိ  zero-emission ကားတွေသာ ရောင်းချခွင့် ရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ လျှပ်စစ်မော်တော်ယာဉ် အနာဂတ်ကို ပြေဆိုနေကြသော်လည်း ဥရောပ ဈေးကွက်မှာ အီးဗီ ရောင်းအားစီးရေပမာဏက ၁၀% ဝန်းကျင်ရှိပြီး အမေရိကန်မှာတော့ ၂% သာ ရှိပါတယ်။

Read 494 times