တရုတ် လျှပ်စစ်ကား Start-Up ကုမ္ပဏီဖြစ်သည့် Nio သည် ယခုနှစ်အတွင်း ဘတ်ထရီလဲလှယ်ရေးရုံများကို တရုတ်နိုင်ငံအတွင်း တည်ဆောက်သွားမည် ဖြစ်ပြီး ၎င်း၏ ဗျူဟာဖြစ်သည့် ဝယ်ယူသူများ သက်သက်သာသာနှင့် အဆင်ပြေပြေ ဖြစ်စေရန် ဘတ်ထရီအားသွင်းသည့်စနစ်နှင့် ဘတ်ထရီလဲလှယ်ပေးသည့် စနစ်များကို ပူးတွဲ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။
Nio ဟာ ဘတ်ထရီ လဲလှယ်ပေးသည့် ရုံများကို ၂၀၁၈ ခုနှစ်ကတည်းကစ၍ တည်ဆောက်နေခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်း ရုံပေါင်း ၁,၃၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။ ယခုနှစ်အတွင်း တည်ဆောက်သွားမည့် ရုံပေါင်း ၁,၀၀၀ တွင် ရုံပေါင်း ၉၀၀ သည် ၎င်းတို့၏ Third-Generation မော်ဒယ်ဖြစ်ပြီး တစ်နေ့လျှင် ဘတ်ထရီပေါင်း ၄၀၀ ကျော် လဲလှယ်နိုင်မည်ဖြစ်ကာ အရင်ကထက် ၃၀% ပိုများသည်ဟု ဆိုသည်။
Nio မော်တော်ယာဉ်ကို ရုံရှေ့တွင် ရပ်ထားလိုက်ပါက ကားသည် ရုံထဲသို့ အလိုအလျောက် မောင်းဝင်သွားမည်ဖြစ်ပြီး ဘတ်ထရီလဲလှယ်သွားမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်တစ်ခုလုံးသည် ၄ မိနစ်နှင့် စက္ကန့် ၄၀ သာ ကြာမြင့်မည်ဖြစ်ပြီး ကုမ္ပဏီ၏ ယခင်ထုတ်လုပ်ခဲ့သည့် ဘတ်ထရီရုံများထက် ၁ မိနစ်ပိုမို မြန်ဆန်မည်ဖြစ်သည်။
ဘတ်ထရီလဲလှယ်ခြင်းဟာ ဘတ်ထရီအားသွင်းခြင်းထက် ပိုမိုမြန်ဆန်မည် ဖြစ်ပြီး ဘတ်ထရီ အသေးစားများသည်လည်း Capacity ပိုများသည့် ဘတ်ထရီများနှင့် လဲလှယ်နိုင်ကာ ခရီးရှည်သွားလာမှုအတွက် ပိုမို အဆင်ပြေလာစေမည် ဖြစ်သည်။
China Association of Automobile Manufacturers ( CAAM ) ၏ ပြောကြားချက် အရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း လျှပ်စစ်ကားအစီးရေ စုစုပေါင်း ၅.၃၆ သန်း ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၈၀% တိုးလာကြောင်း သိရသည်။
ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်တွင် ဘတ်ထရီအားသွင်းရုံများ၌ လျှပ်စစ်ကားများ အမြောက်အမြား တန်းစီနေကြသည်ကိုလည်း တွေ့ရသည့် အတွက် ဘတ်ထရီ လဲလှယ်ခြင်းက လျှပ်စစ်ကားများအတွက် ပိုမိုမြန်ဆန်သည့် ဘတ်ထရီကို ရရှိလာနိုင်ပြီး လိုအပ်သည့် နေရာသို့ လျင်လျင်မြန်မြန် ထွက်ခွာနိုင်မည် ဖြစ်သည်။
Advertisement
Click Here >>> Georesources
Nio ဟာ ဖေဖော်ဝါရီလတွင် လျှပ်စစ်ကား ၁၂,၁၅၇ စီး ရောင်းခဲ့ပြီး လွန်ခဲ့သည့် နှစ်ထက် ရောင်းအား ၉၈.၃% တိုးလာကာ ဇန်နဝါရီလ ရောင်းအားထက် ၄၃% တိုးလာခဲ့သည်။ ဇန်နဝါရီလ အတွင်း လျှပ်စစ်ကားပေါင်း ၈,၅၀၆ စီးသာရောင်းရခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ရောင်းအား ၁၅,၈၁၅ စီးနှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်။
ဖေဖော်ဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် လျှပ်စစ်ကားများတွင် အဆင့်မြင့် လျှပ်စစ် SUV ၅,၀၃၇ စီးနှင့် အဆင့်မြင့် လျှပ်စစ် Sedan ၇,၁၂၀ စီး ပါဝင်ကြောင်း သိရသည်။
Nio ဟာ ဖေဖော်ဝါရီလ တင်ပို့ရောင်းချမှုများကို ၎င်း၏ ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်ရောင်းချမှု စာရင်းအတွင်း ထည့်သွင်း ကြေညာခဲ့ပြီး တရုတ်၏ Tesla ဟု တင်စားခေါ်ခံရသည့် Nio သည် ထင်ထားသည်ထက် ပိုမိုဆိုးရွားသော ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်ရောင်းချမှု အရှုံးနှင့် ရင်ဆိုင်နေရသည်။
Nio သည် ၂၀၂၃ ခုနှစ်အတွင်း Next-Generation EV နည်းပညာကို အခြေခံကာ နောက်ထပ် ထုတ်ကုန် ၅ ခုကို ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး အသေးစိတ်ပြောကြားခြင်း မရှိကြောင်း သိရသည်။
Nio သည် Tesla ၏ ဈေးနှုန်းလျှော့ရောင်းချရေး ပြိုင်ပွဲအတွင်း ဝင်ရောက်လာခဲ့ပြီး ၎င်း၏ လျှပ်စစ်ကားများကို ဈေးလျှော့ရောင်းချခဲ့သည်။ မတ်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် Nio ၏ စတော့ဈေးသည် ၃.၇% လျော့ကျသွားခဲ့သည်။
Source - Nikkei Asia