လဲကျ ပြန်ထ လျှပ်စစ်ကားလုပ်ငန်း NIO Inc


လွန်ခဲ့သော တစ်နှစ်က တရုတ်လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်း NIO Inc. ပျက်စီးလုနီးပါးဖြစ်ခဲ့တယ်။ ယခုနှစ်မှာတော့ ခေါင်းမော့နေပြီ။ NIO Inc. ရဲ့ ကုမ္ပဏီတန်ဖိုးက အမေရိကန်နိုင်ငံမှ ထိပ်တန်းကားလုပ်ငန်း General Motors Co. (GM )ထက် ပိုများနေပြီ ဖြစ်ပါတယ်။

NIO ဟာ ဒေဝါလီ ခံရလုနီးပါး ဖြစ်ခဲ့တယ်။ လဲကျနေရာမှ ပြန်ထနိုင်ခဲ့တယ်။ အခုဆိုရင် ကားကုမ္ပဏီတွေမှာ တန်ဖိုးအကြီးမားဆုံးကုမ္ပဏီများစာရင်းမှ စတုတ္ထနေရာ ရောက်ရှိနေတယ်။ ကုမ္ပဏီ အစုရှယ်ယာများ ဈေးကွက်ပေါက်ဈေး စုစုပေါင်းတန်ဖိုးအရ တန်းစီလိုက်ရင် ပထမနေရာမှာ အမေရိကန်အခြေစိုက် လျှပ်စစ်ကားစစ်စစ်တွေပဲ ထုတ်လုပ်တဲ့ Tesla Inc. ရှိနေပါတယ်။

ဒုတိယနေရာမှာ ဂျပန်ကားလုပ်ငန်းစု Toyota Motor Corp ရှိနေပြီး တတိယနေရာမှာ ဂျာမန်ကားလုပ်ငန်းစု Volkswagen AG ရှိနေပါတယ်။

မြှုပ်လုမြှုပ်ခင် NIO

NIO ကို ၂၀၁၄ ခုနှစ်မှာ ထူထောင်ခဲ့ပြီး တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်ကား EV (Electric Vehicle ) ရေစီးကြောင်းထဲ ကူးခတ်ခဲ့တယ်။ စစချင်းမှာ NIO ကို တရုတ်ပြည်ရဲ့ Tesla ဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အရင်းအနှီးတွေ ထည့်ဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ တိုးတက်မှုက ရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ဘူး။ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ပျက်ကုန်ကြတယ်။ မကျေမနပ် ဖြစ်ကုန်ကြတယ်။ အယုံအကြည် မရှိကြတော့ဘူး။

အစိုးရ ကျောထောက်နောက်ခံပြုတဲ့ NEV State Monitoring Center မှ ထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၉ ခုနှစ်မှာ တရုတ်ပြည်မှာ လျှပ်စစ်ကားထုတ်လုပ်ဖို့ လုပ်ကိုင်နေကြတံ ပွင့်သစ်စလုပ်ငန်း ပေါင်း ၆၃၅ ခု ရှိနေတယ်။ တစ်နည်းပြောရရင် အစိုးရထံမှ အထောက်အပံ့တွေ ရနေတာကြောင့် လျှပ်စစ်ကား ထုတ်လုပ်မယ့် လုပ်ငန်းသစ်တွေ ဖောင်းပွနေတယ်။ ကားတစ်စီး ဖြစ်ဖြစ်မည်အောင် ထုတ်နိုင်တဲ့ လုပ်ငန်းက ခပ်ရှားရှား ဖြစ်နေတယ်။ အစိုးရက အထောက်အပံ့ပေးနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေလည်း အငွေ့ပျံကုန်တယ်။

တရုတ်ပြည်တွင်း ဈေးကွက်မှာ အမေရိကန် လျှပ်စစ်ကား Tesla ကို အသေသတ်မယ့် တရုတ်လျှပ်စစ်ကားဆိုပြီး မီဒီယာတွေမှာ NIO ကို ဖော်ပြခဲ့ကြပေမဲ့ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃.၆၇ ဘီလျံ အရှုံးပြခဲ့တယ်။ ရောင်းရတဲ့ စီးရေက ၃၂,၀၀၀ မပြည့်ဘူး။ NIO ရဲ့ အစုရှယ်ယာတွေ လူထုကို ရောင်းချခဲ့စဉ်က တစ်စုကို ၁၀ အမေရိကန်ဒေါ်လာ နီးပါး ပေါက်ဈေးရှိခဲ့ရာမှ ပြီးခဲ့တဲ့နှစ်မှာ အရင်းအနှီးထည့်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာတွေ ရောင်းချပြီး ထွက်ခွာကုန်တာကြောင့် ပေါက်ဈေး ၁. ၃၉ အမေရိကန်ဒေါ်လာအထိ နိမ့်ကျသွားတယ်။

NIO ထူထောင်သူဖြစ်ပြီး လက်ရှိ အမှုဆောင်အရာရှိချုပ် ဖြစ်သူ William Li က “အလွန်အမင်း ဒဏ်ဖိတဲ့ စမ်းသပ်ချက်တစ်ခုလို့ ကျွန်တော်တို့ ပြောဆိုခဲ့ကြတယ်” လို့ ပြောပြတယ်။ ကုမ္ပဏီ ပြဿနာ စတက်တာ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့် အမေရိကန်မှ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်ကုန်ကြတာမှာ စတင်ခဲ့တယ်လို့ သူက ပြောပြတယ်။ နယူးယောက် စတော့အိပ်ချိန်းမှာ ရောင်းချတဲ့ ရှယ်ယာတွေ အလုပ်မဖြစ်တော့ဘူး။ William Li က ဒေါ်လာ ၂ ဘီလျံ မှန်းထားသလို အရင်းအနှီးတွေ ဝင်မလာဘူး။ သူ့ရဲ့ ဘဏ္ဍာရေး အစီအစဉ် ကျဆုံးသွားတယ်။

လျှပ်စစ်ကားမှာ သုံးတဲ့ ဘက်ထရီ အကြီးအမားတွက် ကုန်ကျစရိတ်ကလည်း မြင့်မားနေတယ်။ ဘက်ထရီဖိုးနဲ့တင် အတော်ကလေး စရိတ်ထောင်းနေတယ်။ ဘူးလေးရာဖရုံဆင့်သွားတာက ၂၀၁၉ ခုနှစ်မှာ တရုတ်ပြည်တွင်း လျှပ်စစ်ကား ရောင်းအား ၄% ကျဆင်းတယ်။ ကုမ္ပဏီမှ အကြီးတန်း အရာရှိတွေ တခြားကုမ္ပဏီကို အလုပ်ပြောင်းလုပ်ကုန်ကြတယ်။ ရှန်ဟိုင်းအခြေစိုက် NIO ဟာ ကမ္ဘာတစ်လွှားမှာ ၎င်းရဲ့ ဝန်ထမ်းအင်အားကို လျှော့ချရတယ်။ ပြည်တွင်းပြည်ပ ဝန်ထမ်းအင်အား ၇,၅၀၀ မပြည့်တော့တဲ့ လျှပ်စစ်ကားကုမ္ပဏီ အဖြစ်သို့ ရောက်ရှိသွားတယ်။

လုပ်မလား ပြုတ်မလား

လုပ်မလား ပြုတ်မလားဆိုတဲ့ အခြေအနေကို ၂၀၁၉ ခုနှစ် အနှောင်းပိုင်းမှာ ဆိုက်ရောက်တယ်။ ပြုတ်မည်ဆိုရင် လူမွဲစာရင်း ကြေညာပြီး ဒေဝါလီ ခံလိုက်ဖို့ပဲ ရှိမယ်။ ဆက်လုပ်မည်ဆိုရင် လုပ်ငန်းကို အခုထက် ပိုကျစ်လစ်အောင် ကျုံ့ပစ်ရမယ်။ ကျုံ့ပြီးသွားရင် ခြေလှမ်းတွေ ကြဲကြဲလှမ်းနိုင်တော့မှာ မဟုတ်ဘူး။

တခြား လျှပ်စစ်ကား လုပ်ငန်းတွေထက် အားသာတဲ့အချက် တစ်ချက် NIO မှာ ရှိနေတယ်။ ဘာလဲဆိုတော့ လျှပ်စစ်ကားတွေ တကယ် ထုတ်လုပ်နေပြီး တကယ်လည်း ရောင်းနေရတယ်။ အဲဒီလို မျက်ဖြူဆိုက်တဲ့ ၂၀၁၉ အနှောင်းပိုင်းကာလမှာ NIO က အကြမ်းအားဖြင့် လျှပ်စစ်ကား စီးရေ ၈,၀၀၀ ရောင်းချခဲ့ရပြီး လည်ပတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရရှိခဲ့တယ်။

“အဲဒါက ကျွန်တော်တို့အတွက် အရမ်း အရေးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ငွေရပေါက်ရလမ်း တခြား ဘယ်နေရာမှ မရှိဘူး။ ကားတွေ ရောင်းလို့ရတဲ့ ငွေဝင်လမ်း တစ်ခုပဲ ရှိတယ်” လို့ အသက် ၄၅ နှစ်ရှိသူ William Li က ပြောတယ်။ ဆန်းစစ်သူတွေကတော့ သီတင်းပတ် အနည်းငယ်ကြာပြီးချိန်မှာ NIO ပျောက်ကွယ်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်ဒေါ်လာသန်း ၄၀၀ လောက်နဲ့ တော့ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး။

အဲဒီအချိန်မှာ ကယ်တင်ရှင် ပေါ်လာတယ်။ NIO အခြေစိုက်ထားတဲ့ ရှန်ဟိုင်းမြို့မှ အနောက်ဘက် မိုင် ၃၀၀ လောက် ဝေးကွာတဲ့နေရာမှာ William Li ရဲ့ ဇာတိခရိုင် Anhui ရဲ့ မြို့တော် Hefei ရဲ့ အာဏာပိုင်တွေက မြို့ကို လျှပ်စစ်ကား ထုတ်လုပ်တဲ့ အချက်အချာတစ်ခု ဖြစ်စေလိုတယ်။ William Li က သူ့ရဲ့ လျှပ်စစ်ကားစက်ရုံကို Hefei မြို့မှာ လာရောက်လုပ်ကိုင်ဖို့ သဘောတူလိုက်ပြီး အာဏာပိုင်တွေနဲ့ အပေးအယူလုပ်တယ်။ အာဏာပိုင်တွေက ငွေအင်အား အထောက်အပံ့ အမေရိကန်ဒေါ်လာ ၆၈၃ သန်းနဲ့ ညီမျှတဲ့ ယွမ်ငွေကို ပေးဖို့ ကတိကဝတ်ပြုတယ်။

အဲဒါ ဧပြီလမှာ ဖြစ်ပါတယ်။ ငွေအင်အား အထောက်အပံ့က NIO ကို ဆက်လက် အသက်ရှူချောင်ဖို့ ဖြစ်လာတယ်။ အစိုးရအာဏာပိုင်တွေက ကျောထောက်နောက်ခံ ပေးထားတဲ့ NIO ကို ပစ္စည်းပေးသွင်းသူတွေက စိတ်ချလက်ချ ဖြစ်သွားကြတယ်။ ကားဝယ်စီးမယ့်သူတွေကလည်း ဝယ်စီးရဲသွားကြတယ်။ ကိုယ်စီးတဲ့ကား ထုတ်လုပ်တဲ့ ကုမ္ပဏီ ပြုတ်သွားရင် ကိုယ်စီးတဲ့ကား ဈေးမရှိတော့တဲ့ အဖြစ်မျိုး ကြုံစရာ အကြောင်း မရှိတော့ဘူး။ NIO ရဲ့ အနာဂတ်အပေါ် ယုံကြည်စိတ်ချကြတယ်။

အစုရှယ်ယာတွေ ဈေးပြန်တက်လာတယ်။ နိုဝင်ဘလာ ၂၅ ရက်မှာ ထိပ်ဆုံးထိ တက်တာ တစ်စုကို ၅၇ အမေရိကန်ဒေါ်လာ အထိ ရောက်သွားတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၇၃.၆ ဘီလျံ ဖြစ်သွားတယ်။ Tesla ရဲ့ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၅၅၅ ဘီလျံ ဖြစ်တာမို့ ခြေဖျားတောင် မမီပေမဲ့ လုပ်ငန်း ဆက်လက်လည်ပတ် လုပ်ကိုင်လို့ ရနေစေတယ်။

Tesla က တရုတ်ပြည်တွင်းဈေးကွက်ကို အတွင်းစည်းကနေ နေရာဝင်ယူခဲ့တယ်။ ရှန်ဟိုင်းမြို့မှာ စက်ရုံတည်ဆောက်ပြီး Model 3 ဆီဒင်ကားတွေ ပြီးခဲ့တဲ့နှစ် အနှောင်းပိုင်းက စလို့ ထုတ်လုပ် ရောင်းချတယ်။ တရုတ်အစိုးရရဲ့ လျှပ်စစ်ကားလုပ်ငန်းတွေကို ပေးအပ်တဲ့ အထောက်အပံ့တွေကိုလည်း ရယူတယ်။ မျက်နှာသာပေးတာကိုလည်း ခံယူတယ်။ ပြည်တွင်းထုတ်လျှပ်စစ်ကားတွေ စီးရေ ၇၂,၀၀၀ ကျော် ၆ လ အတွင်း ရောင်းချခဲ့ရတယ်။ အဲဒီ ၆ လအတွင်းမှာ NIO က လျှပ်စစ်ကား စီးရေ ၂၄,၀၀၀ ကျော် ရောင်းချခဲ့ရတယ်။ တစ်လု အစီး ၅,၀၀၀ ရောင်းချရတဲ့ စံချိန်ကို အောက်တိုဘာလမှာ ပထမဆုံးအကြိမ် စတင်ရရှိခဲ့တယ်။

နွားကျောင်းသား William Li

William Li နဲ့ Tesla ထူထောင်သူ Elon Musk တို့ လျှပ်စစ်ကား ထုတ်ကြတာချင်း တူတဲ့အပြင် ဖြတ်သန်းခဲ့တဲ့ဘ၀တွေကလည်း ခပ်ဆင်ဆင် ဖြစ်ပါတယ်။ Elon Musk နည်းတူ William Li ကလည်း အလုပ်အမျိုးမျိုးကို လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်။ ထူထောင်လုပ်ကိုင် အရင်းအနှီးအများစု ထည့်ဝင်ခဲ့တဲ့ ကုမ္ပဏီတွေ ၄၀ ကျော်တယ်။

ချာတိတ်အရွယ်မှာ အဖိုးနဲ့အတူ ဇာတိမြေ Anhui ခရိုင်မှာ နွားကျောင်းသား လုပ်ခဲ့ရတယ်။

ကံကောင်းတာက ဘီဂျင်းမြို့တော်မှာ တည်ရှိပြီး ဂုဏ်ကြီးမားတဲ့ ပီကင်းတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ရတယ်။ လူမှုရေးသိပ္ပံကို အဓိကဘာသာရပ်အဖြစ် တက္ကသိုလ် ပညာရေးကို ဆည်းပူးခဲ့တာ ဖြစ်ပါတယ်။ သာမန်ဘာသာရပ်အဖြစ် ကွန်ပျူတာ သိပ္ပံ ဘာသာရပ်ကို သင်ယူရတာမှာ လူမှုရေးသိပ္ပံထက် ကွန်ပျူတာ သိပ္ပံမှာ ပိုထူးချွန်တယ်။ ဒေတာဗဟိုဌာန လုပ်ငန်းတစ်ခုကို ကိုယ်ပိုင်လုပ်ငန်းအဖြစ် ပူးတွဲထူထောင်လုပ်ကိုင်တယ်။ သူ့ရဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ BitAuto ကို ထူထောင်တယ်။ မော်တော်ယာဉ်ဆိုင်ရာ ဝဘ်ပေါ့တယ် ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး နယူးယောက် စတော့အိပ်ချိန်းမှာ စာရင်းဝင်တယ်။ အများပိုင် ကုမ္ပဏီအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ရှယ်ယာပိုင်သူတွေက ပုဂ္ဂလိကကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့တယ်။ William Li က ပွဲနေပွဲထိုင် မဟုတ်တဲ့အခါမျိုးမှာ ပိုလိုရှပ်၊ ဂျင်းဘောင်းဘီ၊ စနိကာရှူးဖိနပ်တို့ကို ဆင်မြန်းလေ့ရှိတယ်။ Forbes ရဲ့ အဆိုအရ William Li ရဲ့ အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈ ဘီလျံ ဖြစ်ပါတယ်။

NIO အနာဂတ်

NIO က လာမယ့် ဇန်နဝါရီလမှ စလို့ တစ်လ ကားစီးရေ ၇,၅၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ဥရောပကားဈေးကွက်သို့ တင်ပို့ရောင်းချသွားဖို့လည်း အစီအစဉ် ရှိတယ်။ ပြီးရင် အမေရိကန်ကားဈေးကွက်ကို တင်ပို့ ရောင်းချမယ်လို့ William Li က ပြောပြတယ်။ ဆန်းသစ်တီထွင်မှု တစ်ခုက ဘက်ထရီကို အားသွင်းတာအစား အားသွင်းပြီးသား ဘက်ထရီနဲ့ အလုံးလိုက်လဲပြီး တပ်ပေးမယ့် စတေရှင်တွေ ထားရှိပြီး ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ အားသွင်းရင် နာရီအတန်ကြာ အချိန်ယူရမှာဖြစ်ပြီး အလုံးလိုက် လဲပေးလိုက်တာက ၃ မိနစ်နဲ့ ပြီးစီးအောင် အလိုအလျက် စက်ကိရိယာတွေနဲ့ လုပ်ကိုင်ပေးဖို့ စီစဉ်ပေးထားတယ်။

အဲဒီ ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ဖို့ ဘက်ထရီအလုံးလိုက်လဲတဲ့ စတေရှင်တွေ ကွန်ရက်ကို ထူထောင်နေပါတယ်။ ကုန်ကျစရိတ် ကြီးမားပါတယ်။ ဒါပေမဲ့ ဘက်ထရီကြီးကို အားသွင်းဖို့ အဆင်မပြေတာကြောင့် လျှပ်စစ်ကား ဝယ်မစီးဖြစ်တဲ့သူတွေအဖို့ လျှပ်စစ်ကား စီးဖို့ လွယ်ကူသွားစေမှာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ပြဿနာ ရှိနေတာက ယာဉ်ပိုင်ရှင်တွေက သူ့ကားက ဘက်ထရီကို စတေရှင်မှ တပ်ပေးမယ့် ဘက်ထရီနဲ့ လဲရမှာကို နောက်တွန်ံကြတယ်။ ကားအသစ် ဘက်ထရီအသစ်ဆိုတော့ စတေရှင်က တပ်ပေးမဲ့ တစ်ပတ်ရစ်နဲ့ မလဲချင်ကြဘူး။

NIO က ဖြေရှင်းပုံတစ်မျိုးကို စီစဉ်ပေးထားလိုက်တယ်။ ကားဝယ်ရင် ဘက်ထရီကိုပါ တစ်ပါတည်း ဝယ်လို့ ရသလို ဘက်ထရီကို ထည့်မဝယ်ဘဲလည်း ဝယ်လို့ ရတယ်။ ဘက်ထရီပါရင် ES6 မော်ဒယ် SUV တစ်စီးကို အမေရိကန်ဒေါ်လာ ၅၂,၂၀၀ ဈေးနှုန်း သတ်မှတ်ထားပြီး ဘက်ထရီကို ငှားသုံးမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၄၁,၆၀၀ ဈေးနှုန်း သတ်မှတ်ထားတယ်။ ဘက်ထရီ ငှားခက တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀ ဖြစ်ပြီး အားပြည့် ဘက်ထရီလဲလှယ် တပ်ဆင်ခြင်း ပါပြီးသား ဖြစ်ပါတယ်။ ဆိုလိုတာက အမေရိကန်ဒေါ်လာ ၁၅၀ စရိတ်ငြိမ်း ဖြစ်ပါတယ်။

NIO ရဲ့ ကားတွေ ဝယ်ကြသူတွေမှာ သုံးပုံတစ်ပုံသာသာက အငှားစနစ်ကို ရွေးချယ်ကြတယ်လို့ William Li က ပြောပြတယ်။ နောက်နောင်မှာ ငှားသုံးမယ့်သူတွေ ပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

 

 

By Myanmar Automobile Guide

Read 403 times