Nio ရောင်းအားကျသဖြင့် စျေးလျှော့ချ၊ အခမဲ့ ဘက်ထရီ အလုံးလိုက် လဲလှယ်ခြင်း အဆုံးသတ်


Nio ရောင်းအားကျသဖြင့် စျေးလျှော့ချ၊ အခမဲ့ ဘက်ထရီ အလုံးလိုက် လဲလှယ်ခြင်း အဆုံးသတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တနင်္လာနေ့ (ဇွန် ၁၂ ရက်) တွင် Nio က ၎င်း၏ မော်ဒယ်များအားလုံးအတွက် ဈေးနှုန်းများ လျှော့ချပြီး ဝယ်ယူသူအသစ်များအား အခမဲ့ ဘက်ထရီ အလုံးလိုက် လဲလှယ်ပေးသည့် ဝန်ဆောင်မှုများကို အဆုံးသတ်မည်ဖြစ်ကြောင်း ကြေညာသည်။

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Nio သည် ဝင်ငွေ ဆုံးရှုံးမှုနှင့် ရောင်းအား ကျဆင်းခြင်းကြောင့် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသည့် အစုရှယ်ယာရှင်များက ဖိအားပေးခြင်းကို ရင်ဆိုင်နေရသည်။

Nio သည် ပြန်လည်မွမ်းမံထားသော ES6 နှင့် ES8 SUV  တို့ အပါအဝင် မော်ဒယ်အားလုံးအတွက် ယွမ် ၃၀,၀၀၀ ကို ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ စျေးနှုန်းလျှော့ချမည်ဟု ကြေညာသည်။
 သို့ဖြစ်ရာ ၆% မှ ၈% အထိ လျှော့ဈေး ပေးလိုက်ခြင်းဖြစ်သည်။

Nio သည်  ကားမှာ သုံးနေသည့် ဘက်ထရီကို အားအပြည့် ဘက်ထရီဖြင့် အလုံးလိုက် ဖြုတ်လဲပေးသည့် ဝန်ဆောင်မှုကို သုံးစွဲသည်။ Nio ဝယ်စီးသူများအား မက်လုံးတစ်ခုအနေဖြင့် အခမဲ့ ဝန်ဆောင်မှု ပေးထားသည်။ အနည်းဆုံး တစ်လလျှင် ၄ ကြိမ် ၎င်းဝန်ဆောင်မှုကို အခမဲ့ ရယူနိုင်သည်။
ဇွန်လ ၁၂ ရက်မှစ၍ ကားဝယ်ရန် စရံသတ်မည့်သူများသည် အခမဲ့ ဘက်ထရီ အလုံးလိုက် လဲလှယ်ပေးသည့် ဝန်ဆောင်မှု မရနိုင်တော့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

BYD နှင့် Volkswagen တို့ အပါအဝင် တရုတ်နိုင်ငံတွင် ရောင်းချနေသော ကားအမှတ်တံဆိပ် ၄၀ ကျော်သည် ကားဝယ်လိုအား ကျဆင်းမှုကြောင့် စျေးကွက်ဝေစုအတွက် ယခုနှစ်အတွင်း Tesla မှ စတင်ခဲ့သည့် ဈေးနှုန်းစစ်ပွဲ price war တွင် ပါဝင်ခဲ့ကြသည်။ ကားရောင်းဈေးများကို အနည်းနှင့် အများ လျှော့ချခဲ့ကြသည်။

"အပြောင်းအလဲ ချိန်ညှိဖို့ ကုမ္ပဏီအတွင်း အချိန်အတော်ကြာ ဆွေးနွေးခဲ့ပါတယ်။ အချို့သော သုံးစွဲသူများထံမှ အကြံဉာဏ်များနှင့် အကြံပြုချက်များကိုလည်း ရယူခဲ့ပါတယ်" ဟု Nio အမှုဆောင်ချုပ် William Li က ပြောကြားသည်။

ဘက်ထရီ အလုံးလိုက် လဲခြင်းသည် အချိန် ၃ မိနစ် မကြာချေ။ အလုံးလိုက်လဲပေးသည့်ရုံတွင် အလိုအလျောက်စနစ်ဖြင့် လဲလှယ်တပ်ဆင်ပေးသည်။ ဘက်ထရီအားဖြည့်ရန် အချိန်ကြာသည့် ပြဿနာကို ဖြေရှင်းပေးထားသည့်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အီးဗီ ထုတ်လုပ်သူများက လက်ရှောင်ထားကြသည်။ ဘက်ထရီလဲလှယ်ရုံများ ထူထောင်ရသည်မှာ စရိတ်စက ကြီးမားသည်။ မြေနေရာစရိတ်၊ အဆောက်အဦစရိတ်၊ အလိုအလျောက်စနစ်စက်စရိတ် အစရှိသည့် စရိတ်များသည် ဘက်ထရီလဲလှယ်ရုံများ ရာဂဏန်းဖြစ်လာချိန်တွင် ပမာဏ ကြီးမားလာသည်။ 

Tesla က “ကုမ္ပဏီမှ တာဝန်ယူ ဖြေရှင်းပေးရသည့် ပြဿနာများ များနေပြီး ကျယ်ကျယ်ပြန့်ပြန့် အရေအတွက် အ‌မြောက်အမြား အသုံးပြုရန် မသင့်လျော်” ဟု ဘက်ထရီ လဲလှယ်ခြင်း နည်းလမ်းကို ပယ်ချခဲ့သည်။
 
Nio သည် ဘက်ထရီ လဲလှယ်ရေးရုံ ကွန်ရက် တိုးချဲ့မှုကို အရှိန်မြှင့်မည်ဟု ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။ 
ယခုနှစ်ကုန်တွင် ဘက်ထရီ လဲလှယ်ရုံများ စုစုပေါင်း ၂,၃၀၀ အထိ ယခုနှစ်ကုန်တွင် တရုတ်နိုင်ငံမှာ ထားရှိနိုင်ရန် ဘက်ထရီ လဲလှယ်ရေးရုံပေါင်း ၁,၀၀၀ ထပ်မံတည်ဆောက်ရန် အစီအစဉ်ကို ဆက်လက်အကောင်ထည်ဖော်နေသည်။ 

အမြတ်မရ၊ အရှုံးဖြင့် ဆက်လက် လုပ်ကိုင်နေသည့် Nio သည် ဘက်ထရီ လဲလှယ်ရေးရုံများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေခြင်းအပေါ် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံသူများက မေးခွန်းထုတ်လာကြသည်။ ယမန်နှစ် ပထမ ၃ လပတ်တွင် ယွမ် ၁.၈ ဘီလီယံ အရှုံးပြသည်။ ယခုနှစ် ပထမ ၃ လပတ်တွင် ယွမ် ၄.၇ ဘီလီယံ အရှုံးပြသည်။

တရုတ်နိုင်ငံတွင် ဈေးနှုန်းစစ်ပွဲ ပြင်းထန်လာပြီး ဝယ်လိုအားလည်း အားနည်းလာသောကြောင့် ဧပြီလနှင့် မေလတွင် Nio ရောင်းအား ကျဆင်းခဲ့သည်။

 Nio ၏ ဘက်ထရီသုံး လျှပ်စစ်ကားများသည် စျေးနှုန်း ယွမ် ၃၀၀,၀၀၀ အထက်တွင် ရှိသည်။ 
 ယခုနှစ် ပထမငါးလအတွင်း ကားအစီးရေ ၄၃,၈၅၄ စီးကို မှာကြားထားသူများထံ အပ်နှံခဲ့သည်။
 
နှိုင်းယှဉ်ကြည့်ပါက ၎င်း၅ လတွင် တရုတ်ပြည်တွင်းမှာ  Tesla ရောင်းအားသည် Nio ၏ ၅ ဆ ရှိသည်။ BYD က ဘက်ထရီသုံး လျှပ်စစ်ကားနှင့် ပလပ်ထိုး ဟိုက်ဘရစ် နှစ်မျိုးပေါင်း  ၉၂၃,၃၄၃ စီး ရောင်းရသည်။


Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 489 times