Audi က NIO ကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်တဲ့အမှုဖြင့် တရားစွဲ
ဂျာမန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစု Volkswagen Group ရဲ့ စည်းစိမ် brand တစ်ခု ဖြစ်တဲ့ Audi က တရုတ်ပြည်မှ လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း NIO ကို မြူးနစ်မြို့ရှိ တရားရုံးမှာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်တဲ့အမှုဖြင့် တရားစွဲဆိုထားပါတယ်။
NIO မှ အခုနောက်ပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်အမည်တွေက Audi ရဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို ချိုးဖောက်ထားတယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီ မော်ဒယ်တွေက ဥရောပ ဈေးကွက်ထဲသို့ NIO ဝင်ရောက်ခဲ့ပြီး စတင်ရောင်းချတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။
NIO ရဲ့ မော်ဒယ်များ ဖြစ်ကြတဲ့ ES6 နှင့် ES8 SUV တို့ကို အမည်ဆင်တူယိုးမှား ဖြစ်နေလို့ တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။
Audi က ပြိုင်ကားစတိုင် အိမ်စီးကား ဆီဒင်တွေကို မော်ဒယ်အမည် S6 နှင့် S8 တို့ဖြင့် နှစ်အတန်ကြာ ရောင်းချခဲ့ဖူးပါတယ်။
NIO ရဲ့ မော်ဒယ်အမည်များက Audi ရဲ့ S6 နှင့် S8 တို့နှင့် ဆင်တူယိုးမှား ဖြစ်နေတယ်လို့ Audi က စွပ်စွဲထားပါတယ်။
"အောင်မြင်သော ကုမ္ပဏီများစွာကဲ့သို့ပင် Audi သည်လည်း ၎င်း၏ကုန်အမှတ်တံဆိပ်အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် အလုံးစုံ ကာကွယ်စောင့်ရှောက်ရန် အမြဲသတိထားရပါသည်" လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုရေး တာဝန်ခံက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ဥရောပဈေးကွက်ထဲ ES6 နှင့် ES8 အမည်ဖြင့် ဝင်လာတာဟာ "ကျွန်ုပ်တို့အမြင်အရတော့ Audi အမှတ်တံဆိပ်တွေကို ငြိစွန်းနေပါသည်" လို့ သူက ဆိုပါတယ်။
NIO က တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ကာလအတန်ကြာ ရောင်းချနေခဲ့ပြီး ဥရောပဈေးကွက်ကို ဝင်ရောက်လာတာ သိပ်မကြာသေးပါဘူး။
NIO က ပြီးခဲ့တဲ့နှစ် မေလတုန်းက လျှပ်စစ်ကား ရောင်းအားအကောင်းဆုံး ဉရောပနိုင်ငံဖြစ်တဲ့ နော်ဝေးကားဈေးကွက်ထဲကို ဝင်ရောက်ကြောင်း ကြေညာခဲ့ပါတယ်။ NIO ရဲ့ ပထမဆုံး ပင်လယ်ရပ်ခြား ဈေးကွက် ဖြစ်ပါတယ်။
နော်ဝေမှာ ပထမဆုံး စတင်ရောင်းချတဲ့ မော်ဒယ်က ES8 SUV ဖြစ်ပါတယ်။ NIO ရဲ့ ဂုဏ်ဆောင်အထင်ကရ flagship ဆီဒင်ကား ဖြစ်ပါတယ်။ ယခုနှစ်ထဲမှာ ET7 ကို စတင်ရောင်းချပါလိမ့်မယ်။
NIO က ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်နှင့် ဒိန်းမတ်တို့မှာလည်း ယခုနှစ်အတွင်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။
နော်ဝေးမှာ ကုမ္ပဏီရဲ့ ပထမဆုံး ဖွင့်လှစ်တဲ့ ဆားဗစ်စင်တာဖြစ်တဲ့ NIO Service Center ကို မေလ ၁၂ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာ နော်ဝေးဈေးကွက်အတွင်း အစီး ၅၀၀ မြောက် ရောင်းချတဲ့ကားကို ဝယ်ယူသူလက်ထဲ အပ်နှံခဲ့ပါတယ်။
NIO ET7 ကို တရုတ်ပြည်တွင်း ဈေးကွက်မှာ $44,820 ဝန်းကျင်ဖြင့် ရောင်းချပါတယ်။ မေလမှာ စီးရေ ၁,၇၀၇ ရောင်းချရပါတယ်။ ပရီမီယံ ဆီဒင် အရောင်းရဆုံး မော်ဒယ်စာရင်းရဲ့ နံပါတ်(၉) နေရာမှာ ရှိနေကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) က ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်များအရ သိရပါတယ်။
#MyanmarBuilderGuide