NHTSA က အီးဗီပိုင်ရှင်များအား သတိပေးချက်အသံများကို ရွေးချယ်သုံးစွဲခြင်း ခွင့်မပြု
အမျိုးသား အမြန်လမ်း ယာဉ်အန္တရာယ် ဘေးကင်းရေး ညွှန်ကြားမှု ဦးစီးဌာန National Highway Traffic Safety Administration NHTSA က မော်တော်ကားထုတ်လုပ်သူများအား စက်သံမမြည်တဲ့ လျှပ်စစ်ကားများနှင့် အခြား "တိတ်ဆိတ်သောကားများ" အတွက် အသံရွေးချယ်မှုအမျိုးမျိုး ရွေးချယ် သုံးစွဲခွင့်ပြုရန် ၂၀၁၉ ခုနှစ်တွင် အဆိုပြုထားတာကို ပစ်ပယ်လိုက်ပါတယ်။
လျှပ်စစ်မော်တော်ယာဉ်တွေက များသောအားဖြင့် ဖြည်းဖြည်း မောင်းနေချိန်မှာ အင်ဂျင်မပါလို့ စက်သံ မကြားရတာကြောင့် ကားလာနေတဲ့အသံကို မကြားမိကြပါဘူး။ အဲဒါကြောင့် ဟိုက်ဘရစ်တွေ၊ အီးဗီတွေ မောင်းနှင်နေချိန်မှာ တစ်နာရီ ၁၈.၆ မိုင် (၃၀ ကီလိုမီတာ )အမြန်နှုန်းအထိ အသံပြုပေးနေဖို့ ကားထုတ်လုပ်သူများက အသံမထည့်မနေရ ထည့်ပေးထားဖို့ ပြဋ္ဌာန်းထားပါတယ်။ အသံကြားတော့မှ လမ်းလျှောက်သွားလာနေသူတွေ၊ စက်ဘီးစီးသူတွေ၊ မျက်မမြင်တွေက ကားလာနေတာကို သိနိုင်ကြပြီး မတိုက်မိအောင် ဆင်ခြင်ဖို့ အချိန်ရရှိကြမှာ ဖြစ်ပါတယ်။
အမျိုးသား အမြန်လမ်း ယာဉ်အန္တရာယ် ဘေးကင်းရေး ညွှန်ကြားမှု ဦးစီးဌာန National Highway Traffic Safety Administration NHTSA က ၂၀၁၉ မှာ "တိတ်ဆိတ်သောကားများ" တွင် ယာဉ်မောင်းသူက လမ်းလျှောက်သွားလာနေသူများကို သတိလှမ်းပေးရန်အတွက် အသံပြုဖို့ ထုတ်လုပ်သူများက ကားတွေမှာ ရွေးချယ်စရာ အသံအမျိုးမျိုး ထည့်ခွင့် ပေးထားဖို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးခြင်း မပြုခဲ့ပါဘူး။
ရွေးချယ်စရာ အသံအမျိုးမျိုး ထည့်ခွင့် ပေးထားရင် ကားထုတ်လုပ်သူများက ဟိုက်ဘရစ်နှင့် လျှပ်စစ်ကား ပိုင်ရှင်တို့ သဘောကျစေမယ့် မထင်မရှားသော အသံများကို ကားမှာ ထည့်ပေးခွင့် ရနေစေမယ်ဆိုတဲ့ အားနည်းချက် ရှိနေစေပါတယ်။
ကားအမြန်နှုန်း မြင့်နေချိန်မှာတော့ တာယာဆူညံသံ၊ လေတိုက်နှုန်းနှင့် အခြားအချက်များကြောင့် သီးခြားသတိပေးသံကို အသံပြုပေးနေဖို့ မလိုအပ်တော့ဘူးလို့ NHTSA က ပြောကြားပါတယ်။
Tesla က အမေရိကန်မှာ ကားစီးရေ ၅၇၈,၆၀၇ ကို ပြန်လည်ခေါ်ယူပြီး "Boombox" လုပ်ဆောင်ချက်ကို ကားမှာ တပ်ဆင်ပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကားလာနေတာကို လမ်းလျှောက်သွားလာနေကြသူတွေ အသံမကြားကြလို့ ကားလာနေတာ ကြားသိကြစေဖို့ သီချင်းကျယ်ကျယ် ဖွင့်ပေးထားဖို့၊ တခြားအသံဗလံ ပြုပေးနေမယ့် "Boombox" ကို တပ်ဆင်ပေးရတာ ဖြစ်ပါတယ်။
"Boombox function" က ကားကိုယ်ထည် အပြင်ဘက်မှာ တပ်ဆင်ပေးထားတဲ့ စပီကာမှတစ်ဆင့် အသံပြုပေးပါတယ်။ ကားေရွ့လျားနေစဉ် အသံတွေ ထွက်နေတာကြောင့် လမ်းလျှောက်သွားလာသူ သတိပေးစနစ် Pedestrian Warning System တပ်ဆင်ဖို့ မလိုအပ်ကြောင်း Tesla က တင်ပြခဲ့ပါတယ်။
ဒါပေမဲ့ NHTSA က သတ်မှတ်ပေးထားတဲ့ သတိပေးသံ မဟုတ်လို့ Model S, X, Y, 3 စီးရေ စုစုပေါင်း ၉၅၉,၀၀၀ နှီးပါး ပြန်ခေါ်ယူပြီး သတိပေးသံကို ဥပဒေနှင့်အညီ ဖြစ်အောင် software update လုပ်ပေးခဲ့ပါတယ်။
NHTSA က တွက်ချက်ခန့်မှန်းထားတာ ဓာတ်ဆီပါဝါ အင်ဂျင်ကားတွေထက် အသံတိတ်ဆိတ်တဲ့ကားတွေက လမ်းလျှောက်သွားလာသူများ ယာဉ်တိုက်မှု ဖြစ်ပွားဖို့ ဖြစ်နိုင်ခြေ ၁၉% ပိုများပါတယ်။
အသံပြုဖို့ကိစ္စကို ၂၀၁၀ မှ အဆိုပြုခဲ့ပါတယ်။ အသံတိတ်ဆိတ်တဲ့ကား စည်းကမ်းများကို ကျင့်သုံးဖို့ အကြိမ်ကြိမ် အချိန်ရွှေ့ဆိုင်းခဲ့ပါတယ်။ ၂၀၁၈ မှာ အပြီးသတ်ရေးဆွဲခဲ့ပါတယ်။ ၂၀၂၀ မှာ စတင်သက်ရောက်ဖို့ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၂ သို့ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Source: Reuters