လာမည့်နှစ်တွင်စလစ်ကပ်တင်သွင်းသည့်ကားများဘယ်မောင်းတစ်မျိုးတည်းကိုသာတင်သွင်းခွင့်ပြုမည်


လာမည့် ၂၀၁၈ ခုနှစ်တွင်စလစ်ကပ်ပြီးတင်သွင်းသည့်ကားများကိုဘယ်မောင်းတစ်မျိုးတည်းသာတင်သွင်း ခွင့်ပြုရန်စီစဉ်နေကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့် ၂ နှစ်ကျော်က Autopolicy ရေးဆွဲခဲ့ရာတွင် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ UMFCCL၊ AADA၊ MAMDA၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ Japanese Chamber of Commerce and Industry Myanmar(JCCM) စသည့်အဖွဲ့များပူပေါင်းရေးဆွဲခဲ့ရာတွင်လည်းလာမည့် ၂၀၁၈ ခုနှစ်မှစ၍ ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးမည့်အချက်ပါဝင်ခဲ့သည်။

ထို့ပြင်မော်တော်ယာဉ်ဥပဒေသစ်တွင်မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာမူဝါဒများကိုရေးဆွဲမည့်ပို့ဆောင် ရေးဝန်ကြီးဌာနကလည်းလာမည့်နှစ်မှစ၍ဘယ်မောင်းတစ်မျိုးတည်းကိုသာတင်သွင်းခွင့်ပေးရန်စီစဉ်နေကြောင်း သိရသည်။

လာမည့်နှစ်တွင်မြန်မာနိုင်ငံလမ်းစနစ်နှင့်ကိုက်ညီသည့်ဘယ်မောင်းကားများနှင့်မိုဒယ်မြင့်ကားများအသုံးပြုလာ ရန်အတွက်စလစ်ကပ်ကားများကိုလည်းဘယ်မောင်းတစ်မျိုးတည်းတင်သွင်းခွင့်ပေးရန်စီစဉ်နေပါသည်။

လုပ်ငန်းသုံးယာဉ်များနှင့်လူစီးကားများကိုမိုဒယ်ဘယ်လိုခုန်မည်ဆိုသည်ကိုသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးအုံးမည်ဖြစ်ကြောင်းကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ယခုနှစ်၏မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမိုဒယ်သတ်မှတ်ချက်များအရ ၂၀၁၁ မိုဒယ်မှ ၂၀၁၄ မိုဒယ်အတွင်းကားများကိုယာဉ်အို၊ ယာဉ်ဟောင်းစနစ်ဖြင့်တင်သွင်းရာတွင်ဘယ်မောင်း၊ ညာမောင်းမကန့်သတ်ဘဲ ခွင့်ပြုပေးနေသော်လည်းလာမည့်နှစ်မှစ၍ ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးမည်ဆိုပါကဂျပန်ကားတင်သွင်းမှုမှာလုံးဝရပ်ဆိုင်းသွားမည်ဖြစ်၍ ကားဈေးကွက်အခြေအနေမှာကြီးမားစွာပြောင်းလဲသွားမည်ဖြစ်ကြောင်းကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

လာမည့်နှစ်တွင်ဘယ်မောင်းကားသာပေးသွင်းမည်ဆိုပါကဂျပန်ကားလုံးဝတင်သွင်းလို့မရတော့ပဲ ဒူဘိုင်းနှင့် အနောက်နိုင်ငံကကားများကိုသာဦးတည်ရတော့မည်ဖြစ်ပါသည်။

အနောက်နိုင်ငံကားများတင်သွင်းမည်ဆိုပါက Model Year ကိုဂျပန်ကားများကဲ့သို့ Oliac တွင်အလွယ်တကူရှာလို့မရတော့ပါ။

အနောက်နိုင်ငံကားများသည် vin code နှင့်လာပြီးမိုဒယ်အပေါ်အောက်အမှားမခံတော့သည့်အခါတွင်ပြဿနာ ရှိသွားနိုင်ပါသည်။

ထို့ပြင်ယင်းကားများဝယ်ဈေးမြင့်မားပြီး CIF တန်ဖိုးလည်းများသည့်အတွက်တင်သွင်းရန်မလွယ်ကူပါ။

ပြင်ဆင်မည်ဆိုပါကလည်းအပိုပစ္စည်းရှားပါးမှုနှင့်ကျွမ်းကျင်ပညာရှင်နည်းပါးမှုကြောင့်အခက်တွေ့နိုင်ပါသည်။

Read 1244 times